ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD ပါတီရပ်တည်ရေးနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုခြင်း အားပြိုင်မှု
အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တရားမဝင်တဲ့အတွက် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာသိမ်းခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ NLD ပါတီကတော့ ဒီရွေးကောက်ပွဲရလဒ်ဟာ အခုထိ တရားဝင်တည်ရှိနေသေးပြီး ပြည်သူက အပ်နှင်းထားတဲ့ ပြည်သူ့အာဏာကိုလည်း လက်ခံကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်နေပြီး အဲဒီရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ကိုလည်း စည်းရုံးလှုံ့ဆော်နေတာတွေ ရှိပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်း ပေါ်ပေါက်နေတဲ့ မတည်ငြိမ်မှုတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုတွေ ရှိနေတဲ့အချိန်မှာပဲ စစ်ကောင်စီဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်နေတာသာ ဖြစ်တယ်လို့ NLD ပါတီက တုံ့ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း နိုင်ငံအနောက်ပိုင်း ရခိုင်က ဒေသတချို့အပါအဝင် တည်ငြိမ်မှုမရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့လို့ အဲဒီက ဒေသခံ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။
အခုအခါမှာတော့ အရင်က ငြိမ်းချမ်းခဲ့တဲ့ နိုင်ငံအလယ်ပိုင်းဒေသတချို့အပါအဝင် စစ်ကောင်စီကို နေရာအတော်များများမှာ ဆန္ဒပြဆန့်ကျင်မှုတွေနဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ရှိနေလို့ ပဋိပက္ခဧရိယာတွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် သိသိသာသာ ကျယ်ပြန့်နေပါတယ်။
NLD ပါတီရဲ့ အခုလို ရပ်တည်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်မယ်လို့ ထုတ်ပြောထားတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ကြိုဆိုလိုက်သလို စစ်ကောင်စီရဲ့ နိုင်ငံရေး အခင်းအကျင်းအားလုံးကို ပိတ်ဆို့ရမယ်လို့ ပြောပါတယ်။
“စစ်အုပ်စုလုပ်မယ့် ရွေးကောက်ပွဲရော၊ စစ်အုပ်စု အခင်းအကျင်း ရှေ့လာမယ့် နိုင်ငံရေး ခြေလှမ်းတွေ အကုန်လုံးကို ရိုက်ချိုးရမှာက NLD ပါတီရဲ့ တာဝန်ပဲ။ ဒီရွေးကောက်ပွဲဟာ ဆန့်ကျင်ရမယ်။ ဒီကော်မရှင်က ဆန့်ကျင်ရမယ်။ ဒီအာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုစရာ မလိုဘူးပေါ့နော်။ သို့သော်လည်းပဲ သူတို့သေသေချာချာ ရဲရဲတင်းတင်း ဆက်သွားဖို့လိုတယ်။ ပြည်သူတွေ တောင်းဆိုထားတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်ဖို့လိုတယ်။ လုံးဝလက်မခံဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံ ဥပဒေ အခင်းအကျင်းအောက်က အခြေအနေတွေကို ပြန်ပြီးတော့ မတောင်းဆိုမိဖို့လိုတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ဝင်မပြိုင်တဲ့ပါတီဟာ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘူးလို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌာန်းထားလို့ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်ရင် ပါတီ ဖျက်သိမ်းခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဥပဒေအရ
- မတရားအသင်း ကြေညာခံရတာ၊
- နိုင်ငံတော်ကို လက်နက်စွဲကိုင် ဆန့်ကျင်တဲ့ လူ၊ အဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့တွေ၊ မတရားအသင်း ကြေညာခံရတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်အားပေးကူညီတာတွေ လုပ်ရင်
- နိုင်ငံပိုင်ငွေကြေး၊မြေ၊အဆောက်အအုံ၊ယာဥ်ပစ္စည်းတွေကို တိုက်ရိုက်၊သွယ်ဝိုက်သုံးစွဲတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရရင် စတဲ့ အချက်တွေကို ငြိစွန်းရင် ပါတီဆက်လက် ရပ်တည်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုလို ပုဒ်မတွေအပါအဝင် ပုဒ်မများစွာနဲ့ အရေးယူဖို့ လုပ်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းမှာလား၊ အရေးယူမှာလားစတဲ့ ပေါ်ပေါ်တင်တင် ဖိအားပေး မေးခွန်းထုတ်မှုတွေကို တွေ့မြင်နေရပါတယ်။
ဒါပေမဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ NLD ပါတီဟာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ တည်နေတဲ့ ပါတီဖြစ်ဖို့ အာဏာတွေ အမိန့်တွေနဲ့ ဖျက်သိမ်းလို့ မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ “အဓိက နိုင်ငံရေးပါတီတခုလုပ်တာက နိုင်ငံရေးပါတီ အယူအဆ တခုပေါ်မှာပဲဖြစ်ဖြစ် မူဝါဒတွေပေါ်မှာပဲဖြစ်ဖြစ် အတွေးအခေါ်တွေပေါ်မှာပဲ ဖြစ်ဖြစ် ယုံကြည်သက်ဝင်တဲ့သူတွေက စုပြီးတော့ နိုင်ငံရေးပါတီလုပ်ကြတာလေ။ အာဏာပိုင်တွေက ခွင့်ပြုလို့ နိုင်ငံရေးပါတီလုပ်တာမှ မဟုတ်တာ။ နိုင်ငံရေးပါတီ ဖြစ်ခြင်း မဖြစ်ခြင်းက အာဏာပိုင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ အာဏာကို အဓမ္မ ယူထားတဲ့သူတွေပဲ ဖြစ်ဖြစ် အဓမ္မ မယူထားတဲ့သူတွေပဲ ဖြစ်ဖြစ် နိုင်ငံရေးပါတီ တခု ရပ်တည်ဖို့ နိုင်ငံရေးပါတီတခု တည်ရှိဖို့ ဖြစ်တည်ဖို့ ကိစ္စဟာ အာဏာပိုင်တွေနဲ့ သက်ဆိုင်တယ်လို့ လုံးလုံး မယူဆဘူး” လို့ ဆိုပါတယ်။
ဒါပေမဲ့ NLD ပါတီဝင်တချို့ဟာ စစ်ကောင်စီနဲ့ တိတ်တဆိတ် ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပါတီရဲ့ အနာဂတ်မှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ဖမ်းဆီးထောင်ချ သတ်ဖြတ်ခံရမှုတွေ ရှိနေတဲ့အချိန်မှာပဲ NLD ပါတီအဖွဲ့ချုပ် ရုံးတွေကို အကြောင်းအမျိုးမျိုးပြ ဖွင့်လှစ်ဖို့ ကြိုးပမ်းနေသူတွေ ရှိနေပြီး အဲဒီလို ဖွင့်လှစ်မှုတွေကို ခွင့်မပြုသလို တရားဝင်မှု မရှိဘူးလို့လည်း NLD ဗဟိုကော်မတီက ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် NLD ပါတီတွင်းမှာ နှစ်ခြမ်းကွဲနေတဲ့ သဘော သက်ရောက်နေတယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ယူဆပါတယ်။
“စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့၊ ပါတီကို မဖျက်သိမ်းလိုတဲ့ တနည်းအားဖြင့် ရွေးကောက်ပွဲဝင်လိုတဲ့ NLD ပုဂ္ဂိုလ်တွေ ရှိနေနိုင်သေးတယ်လို့တော့ ယူဆရတာပေါ့။ NLD ပါတီမှာ အဆင့် ဘယ်လောက်က နေရာယူထားတဲ့ ပုဂ္ဂိုလ်က ပါဝင်သလဲတော့ ပေါ်ပေါ်ထင်ထင် မမြင်ရသေးဘူးပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် NLD မှာ နှစ်ဖွဲ့ကွဲနေတယ်လို့ အဓိပ္ပာယ်ရတယ်။ အခု ကြေညာချက်ထုတ်တဲ့နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းလိုတဲ့ အဖွဲ့က ဘယ်လို ကြေညာချက်ထုတ်လာမလဲဆိုတာကို ကြည့်ရမယ်”လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်တာတွေ လုပ်နေတယ်လို့ ပြောဆိုထားပြီး စစ်ကောင်စီလက်အောက်မှာ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အစောပိုင်းက မစစ်ဆေးရပဲ ကျန်နေတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၈၅ ပါတီ ကျော်ကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းများ ဥပဒေနဲ့အညီ လုပ်ဆောင်နေတာတွေ ရှိမရှိ စစ်ဆေးနေပါတယ်။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီက လိမ်ညာပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ ပယ်ဖျက်နိုင်အောင် နိုင်ငံရေး၊ စစ်ရေး နှစ်ခုလုံးနဲ့ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒီလို ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ၊ မတည်ငြိမ်မှုတွေ ကြားမှာပဲ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက် သူတို့လုပ်ဆောင်မယ့် လုပ်ငန်းစဥ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲမယ်လို့ ထည့်ပြောထားပြီး နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးနေတာအပါအဝင် ရွေးကောက်ပွဲ အကြိုလုပ်ငန်းစဥ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီနဲ့ အဆင့်မြင့်သံတမန် ဆက်ဆံရေးတွေ လုပ်နေတဲ့ တရုတ်နိုင်ငံကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားပြီး ပြည်သူတွေလက်ထဲကို အာဏာပြန်လွှဲဖို့ဆိုတဲ့ တရုတ်ရဲ့သဘောထားကို အခုလထဲမှာပဲ ပူပူနွေးနွေး ထပ်ပြီးပြောဆိုလာပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတချို့ကတော့ စစ်ကောင်စီက ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်သလို မှန်ကန်လျှော်ညီတဲ့ အရပ်သားအုပ်ချုပ်ရေးစနစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ထောက်ပြပြောဆိုနေကြပါတယ်။