NLD ပါတီ ဖျက်သိမ်းဖို့ ကော်မရှင်ကြိုးပမ်းမှုကို တိုင်းရင်းသားပါတီတွေဘယ်လိုသဘောထားရှိလဲ

စစ်ကောင်စီလက်ထက် အသစ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံပွဲကို မနေ့ မေလ (၂၁) ရက် နေပြည်တော်မှာလုပ်ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု အချက်အလက်တွေ တွေ့ရှိရပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အာဏာပိုင်တွေ ဝင်ရောက်စွက်ဖက်ခဲ့တာကို အထောက်အထားတွေတွေ့ရတာကြောင့် ဥပဒေနဲ့မညီ ကြိုတင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ်ကနေ ပယ်ဖျက်ဖို့ စီစဉ်သွားမှာဖြစ်ပြီး ပါတီကတာဝန်ရှိသူတွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲ ဆိုသွားမယ်လို့ ကော်မရှင်ဉက္ကဌ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီဖျက်သိမ်း ဖို့ကိုလည်း ပါတီတချို့က တင်ပြတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပါတီနိုင်ငံရေး လမ်းကြောင်းပေါ်က တိုင်းရင်းသားပါတီတချို့ရဲ့ သဘောထားတွေကို စုစည်းထားပါတယ်။

မန်းအောင်ပြည်စိုး (ဉက္ကဋ္ဌ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ)

ပါတီကတော့ UEC နဲ့ ကင်းကွာလို့မရဘူးပေါ့ဗျာ။ UEC ကထုတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ဒါဉပဒေအတိုင်းသွားမယ့် သဘောမျိုးလို့ ကျွန်တော်ကတော့ အဲ့လိုပဲ နားလည်ထားပါတယ်။ ဒီလိုပဲလည်း ခံယူထားပါတယ်။

ပါတီတချို့က NLD ဖျက်သိမ်းဖို့တင်ပြတဲ့ဆိုတဲ့အပေါ်တော့ ကျွန်တော် ဘာကွန်မန့်မှ မပေးလိုဘူး။ UECက သူ့အလုပ်သူလုပ်တာပဲရှိမယ်။

ဆလိုင်းအောင်လိန်း (ပြောခွင့်ရသူ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-CNLD)

မဲခိုးလို့ဆိုတာက တဖက်ကပဲစစ်ဆေးတာလေ။ ပါတီအားလုံးက ဝိုင်းပြီးတော့မှ စစ်ဆေးတာလားဆိုတာမျိုးလည်း မေးခွန်းထုတ်စရာရှိတယ်။ နောက်မေးခွန်းတခုက အဲ့လိုထပ်ပြောမယ်ဆိုလို့ရှိရင် ၂၀၁၀ တုန်းကရော သူတို့ အဲ့လို လုပ်ခဲ့သလား၊ စစ်ဆေးခဲ့ကြသလား၊ နှစ်ခါပြန်စစ်ခဲ့ကြသလားပေါ့နော်။

၂၀၁၅ တုန်းကရော နှစ်ခါပြန်စစ်ကြသလား။ ပြန်စစ်ဆေးကြသလား။ ဘာလို့အခုကျမှ စစ်ဆေးတာလဲ ဆိုတဲ့ မေးခွန်းကရှိတယ်။ အဲ့လိုရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ စစ်ဆေးတဲ့သူတွေ မဟုတ်တဲ့အတွက်ကြောင့် အဲဒါနဲ့ပတ်သက်ပြီးတော့မှ မှတ်ချက်ပေးချင်စရာမရှိပါဘူး။ ဒါပေမဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာ ကိုယ်မကြိုက်တဲ့ပါတီကို၊ ကိုယ်မနိုင်တဲ့ ပါတီကို ကိုယ်ကဖျက်၊ ကြိုက်တဲ့ပါတီပဲထားမယ်ဆိုတာ ဒါပါတီစုံဒီမိုကရေစီစနစ်ကို ဘယ်လိုမှ ရှင်သန်အောင် လုပ်နိုင်မယ်မထင်ဘူး။ ကျွန်တော်ကတော့မယုံဘူးပေါ့။

ကိုယ်မနိုင်တိုင်း၊ ဒီပါတီကိုမနိုင်တိုင်း အဲဒီပါတီကိုဖျက်ပစ်တယ်ဆိုတာကို သဘောတူဖို့ဆိုတာတော့ အဲ့ဒါ ဒီမိုကရေစီတော့ မဆန်ဘူးထင်တယ်။

တကယ်ဒီမိုကရေစီမှာတော့ ကိုယ့်ကိုနိုင်တဲ့ပါတီပဲဖြစ်ဖြစ်၊ ကိုယ့်ကို ရှုံးသွားတဲ့ ပါတီပဲဖြစ်ဖြစ် အကုန်လုံးလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးပြီးတော့ အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပဲလေ။

၂၀၂၀ တုန်းက မဲမသမာဖြစ်တဲ့အတွက်ကြောင့် တရားမျှတအောင် ပြန်လုပ်ချင်တယ်လို့ ပြောတယ်။ တရားမျှတအောင်ပြန်လုပ်ချင်တယ်လို့ဆိုရင် အဲဒီတရားမျှတတဲ့ထဲမှာ ရွေးကောက်ပွဲမှာ ကျန်တဲ့ ပါတီတွေရော ပြိုင်လို့မရဘူးလားပေါ့နော်။

ဘယ်ပါတီမှ ဖျက်စရာမလိုဘဲနဲ့ တရားမျှတအောင် ပြန်ပြိုင်ခိုင်းလို့ မရဘူးလား။ ဒါဉပမာပြောတာပါ ကျွန်တော့်အနေနဲ့။ အဓိကတော့ ပါတီစုံ ဒီမိုကရေစီ စနစ်မှာတော့ လူထုကပဲ အကုန်လုံး ဆုံးဖြတ်ရမယ်။ အဲ့လိုပဲ ယုံကြည်ပါတယ်။

ဦးဖေသန်း (ပြောခွင့်ရသူ၊ ရခိုင်အမျိုးသားပါတီ)

ဒါကတော့ တပ်မတော်အနေနဲ့ မဲမသမာမှုပြုတယ်ဆိုပြီးတော့ NLD အပေါ်စွပ်စွဲချက်အပေါ်မှာ NLD ကရော ကော်မရှင်ကရော မရှင်းခဲ့တဲ့ အကြောင်းပေါ်မှာ အခြေခံပြီးတော့ နစက က အာဏာရယူမှုဖြစ်ခဲ့တယ်ပေါ့။ အခုအခြေအနေအထိ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ အခုအခြေအနေမှာတော့ NLD လွှတ်တော် ကိုယ်စားလှယ်အားလုံးလိုလိုက အဖမ်းဆီးခံရတာရှိမယ်၊ တိမ်းရှောင်နေရတာရှိမယ်။ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဖမ်းဆီးထားတယ်။ နောက်ပြီးတော့ တဖက်မှာ ကျန်တဲ့ခေါင်းဆောင်တွေကလည်းပဲ CRPH တို့ဖွဲ့တယ်၊ NUG တို့ဖွဲ့တယ်ဆိုတဲ့ နောက်ထပ် တန်ပြန်ဆိုးကျိုးတွေပေါ့၊ အကျိုးဆက်တွေက တောက်လျှောက်ရှိလာတဲ့အခါ NLD ပါတီကို သူတို့အနေနဲ့ CRPH တို့ NUG တို့ကိုလည်း နိုင်ငံတော်ပုန်ကန်မှု ခေါင်းစဉ်တပ်ထားတော့ ဆိုလိုတာက NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အကုန်လုံးဟာ အရေးယူခံရတဲ့အခြေအနေရှိတော့ ဒီပါတီဟာ အသက်လည်းမဝင်တော့ဘူးပေါ့။ သူတို့အနေနဲ့လည်း အဲ့အကြောင်းပြချက်တွေနဲ့ ဖျက်ဖို့ လုပ်ဆောင်တဲ့အထိဖြစ်လာတာပေါ့။

ဒါကြောင့် ကျွန်တော်တို့အမြင်ကတော့ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့အခါမှာ မဖြစ်သင့်တာမှန်ပေမယ့် အဲ့ဒါတဖက်နဲ့တဖက်ညှိနှိုင်းစေ့စပ်မှု အရမ်းအားနည်းခဲ့တယ်၊ အာဃာတတွေ အများကြီးဖြစ်ပေါ်ခဲ့တယ်။

အဲဒီအခြေအနေပေါ်မှာ နောက်ဆုံး နစကရဲ့ NLD အပေါ်မှာ နောက်ဆုံး အရေးယူ ဆောင်ရွက်မှုလို့ ကျွန်တော်တော့မြင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ ပါတီကိုဖျက်ဖို့တင်၊မတင်ကိုတော့ ကျွန်တော်တို့လည်းအတိအကျမသိဘူး။ တခြား ပါတီတွေကတင်သလား၊ ရွေးကောက်ပွဲကော်မရှင်ကပြောတာလား။ အရင်တုန်းကလည်းရှိဖူးခဲ့ပါတယ်။ ကြံ့ခိုင်ရေး နဲ့မဟာမိတ်ပါတီ (၂၀)ကျော်က အဲ့ဒါမျိုးပြောဆိုဆွေးနွေးခဲ့တာတွေ ရှိတော့ရှိခဲ့ပါတယ်။ ဒီအချိန်မှာလည်း တင် တယ်ဆိုရင် အဲ့ဒီအဖွဲ့အစည်းတွေက ဖြစ်ဖို့များပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ကတော့ ကျွန်တော်တို့ဒေသဖွံ့ ဖြိုးတိုးတက်ရေး၊ ကျွန်တော်တို့ဒေသအနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရေး အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ ပါတီတွေဖွဲ့ထားတာဖြစ်ပါတယ်။

အာဏာရရှိရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာရရှိရေးဖွဲ့ထားတဲ့ အဖွဲ့မဟုတ်ဘူးဆိုတော့ ဒါအာဏာလွန်ဆွဲပွဲမှာ ကျွန်တော်တို့ဘက်က တိုင်းရင်းသားပါတီတွေဟာ သူတို့ရဲ့ ရပ်တည်ချက်နဲ့သူတို့ သွားနေကြတဲ့အခါမှာ တဖက်ကိုလည်းပဲ အဲ့ဒီလိုတိုက်တွန်းမှာတော့မဟုတ်ဘူး။

ဒါပေမဲ့ အဲ့လိုလုပ်တဲ့အတွက်လည်း တိုင်းရင်းသားပါတီတွေအနေနဲ့ပြင်းပြင်းထန်ထန် ဆန့်ကျင်လိမ့်မယ်လို့လည်း ကျွန်တော်ကမထင်ဘူး။ ဘာလို့လဲဆိုတော့ NLD လက်ထက် ငါးနှစ်လုံးလုံးမှာ တိုင်းရင်းသားပါတီတွေဟာ NLD ရဲ့ ပစ်ပယ်ခြင်းကိုခံခဲ့ရဖူးတယ်။ အဲ့ဒါနဲ့ကျွန်တော်တို့က NLD ကိုလည်း ဒီမိုကရေစီအာဏာရှင်လို့ပဲ တောက်လျှောက် ဝေဖန်တာတွေရှိတယ်။ အဲ့ဒီအကျိုးဆက်တွေကြောင့် အခုချိန်ကျမှ တိုင်းရင်းသားပါတီတွေက NLD ဘက်က လုံးလုံးပါသင့်သလား၊ မပါသင့်ဘူးလားဆိုတဲ့အတိုင်းအတာအနေနဲ့၊ ခံစားမှုအတိုင်းအတာအနေနဲ့ မပြတ်မသား ဖြစ်နေတယ်။

ဒါကြောင့် မိမိရဲ့ပါတီရဲ့ရပ်တည်ချက်ပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားပါတီတွေ ဟာ ဆက်သွားနေကြတာဖြစ်တယ်။ မဖြစ်တော့မဖြစ်သင့်ဘူး၊ အဲ့လောက်ဖြစ်ပေါ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ သိပ်ပြီးတော့ပြင်းပြင်းထန်ထန်တွန်းလှန်ဖို့၊ ပါတီတွေကကျွန်တော်တို့လည်း မလုပ်တော့ဘူး အဆက်အသွယ်ဖြတ်မယ်ဆိုတဲ့ကိစ္စအထိတော့မသွားဘူးပေါ့။

ဒါကျွန်တော်တို့ရေရှည်မှာတော့ တပ်မတော်နဲ့ NLD ကြားကပဋိပက္ခဟာ တိုင်းရင်းသားဒေသတွေအပေါ်မှာ စစ်ပွဲတွေကိုရောက်စေခဲ့တယ်၊ စစ်ပွဲတွေဖြစ်ပေါ်လာစေတယ်။ တနိုင်ငံလုံးပြည်တွင်းစစ်အထိလက်ရှိအခြေအနေမှာ ဖြစ်ပေါ်သွားနိုင်တယ်။ ဒါကြောင့်ဒီအပေါ်မှာတော့ ကျွန်တော်တို့ကစိုးရိမ်စိတ်ရှိပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ အကုန်လုံး အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံကိုရောက်အောင်၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံကိုရောက်အောင် ကျွန်တော်တို့ဘက်က သွားချင်တဲ့ဆန္ဒတွေရှိပါတယ်။

ဦးစိုင်းလိတ် (အထွေထွေအတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD)

ဒီနေရာမှာ (၂)ပိုင်းရှိပါတယ်ခင်ဗျ။ မဲလိမ်တယ်၊ မဲခိုးတယ်၊ မဲမသမာမှုပြုတယ်ဆိုတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အနေအထားအရဆိုလို့ရှိရင် ရှိကောင်းရှိခဲ့လိမ့်မယ်။ အနည်း အကျဉ်းရှိခဲ့လိမ့်မယ်၊ ဒါပေမဲ့ အများအားဖြင့် စုခြုံပြီး တွက်မယ်ဆိုလို့ရှိရင်တော့ မှန်ကန်တဲ့လုပ်ရပ်၊ မှန်ကန်တဲ့ရလဒ်အတိုင်းပဲ ထွက်သွားခဲ့လိုက်တယ်လို့ ဒီတိုင်းပဲနားလည်ပါတယ်။

အဲဒီတော့ မှန်မှန်ကန်ကန်နဲ့ ရွေးကောက်ပွဲဝင်ပြီးတော့မှ အနိုင်ရရှိခဲ့တဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ပိုပြီး များပါလိမ့်မယ်။ ဒီတိုင်းပဲ ယုံကြည်တယ်။ တကယ်လို့ မဲလိမ်တယ်၊ မဲခိုးတယ်၊ မဲမသမာမှုရှိတယ်ဆိုလို့ရှိရင်တောင်မှပဲ အဲ့ဒီလုပ်ရပ်ကိုတာဝန်ယူ၊ တာဝန်ခံရမယ့် ပုဂ္ဂိုလ်တွေက ပြီးခဲ့တဲ့ UEC တွေ ဖြစ်ပါတယ်။

NLD ပါတီနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘူးလို့ ဒီတိုင်းပဲမြင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အဲ့ဒီကိစ္စနဲ့ စပ်ဆက်ပြီးတော့ကာမှ NLD ပါတီကို ပယ်ဖျက်ပစ်မယ်၊ နိုင်ငံရေးပါတီအဖြစ်ကနေ ရပ်ဆိုင်းပစ်လိုက်မယ်ဆိုတာက လူထုရွေးချယ်တင်မြှောက်ထားတဲ့ ပါတီကို အသိအမှတ်မပြုဘူးဆိုတာနဲ့အညီ လူထုကိုလည်းပဲ ဒါ လူထုဆန္ဒကို ပစ်ပယ်ရာကျတယ်။ လူထုဆန္ဒကို စော်ကားမော်ကားပြုရာ ကျတယ်လို့ ဒီလိုပဲ သုံးသပ်ပါတယ်။

ကျွန်တော်တို့က democratization ပေါ့နော်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်မှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့မှ ရင့်ကျက်တည်ငြိမ်မှု အင်မတန်ကိုနည်းပါးပြီးတော့မှ အာဏာရတဲ့သူဘက်ကိုပဲ ယိမ်းတတ်တဲ့ အလေ့အထကအခုထက်ထိ ညာဉ် မပျောက်သေးဘူးဆိုတဲ့ သဘောကိုပြတယ်လို့ပဲ ကျွန်တော်က သုံးသပ်ပါတယ်။

ဦးသဲရယ် (အထွေထွေအတွင်းရေးမှူး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ)

ကျွန်တော်တို့ကတော့ ဘယ်လိုကနေစွပ်စွဲပြီး ဒီလိုမသမာမှုဖြစ်တယ်ဆိုတဲ့အထောက်အထားက ဘယ်လိုဖော်ထုတ်လဲဆိုတာ အတိအကျတော့မသိဘူး။ ဒါပေမဲ့ မြိုန့ယ်တိုင်းမှာတော့ မသမာမှုတွေရှိတယ် ဆိုပြီးတော့ ထောက်ပြထားတယ်။ အဲ့ဒါတော့တွေ့တယ်။ ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်။ ဒါကတော့ ပါတီ အချင်းချင်းကြားမှာဖြစ်တဲ့ ပြဿနာပါမယ်၊ နောက်တခုကတော့ လက်ရှိနိုင်ငံရေးမှ ာဒါကလည်း လူထုရဲ့ ထောက်ခံမှုအပေါ်မှာမူတည်ပြီးတော့မှ သူ့ပါတီ၊ ကိုယ့်ပါတီ Image တည်ဆောက်တယ်။ နောက်တဖက်ကလည်း နိုင်ငံရေးကစားကြတယ်လို့ပဲပြောရတော့မှာပေါ့နော်။ အဲ့လိုအခြေအနေကြောင့်ဖြစ်တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။

ဆိုတော့ ပါတီကို ဖျက်သိမ်းဖို့ဆိုတဲ့အခါမှာတော့ ကျွန်တော့်အနေနဲ့ကဒီရွေးကောက်ပွဲဉပဒေအရ ပြောရမယ် ဆိုလို့ရှိရင်တော့ အားလုံးက မသမာမှုတွေကတော့ရှိမှာပဲ။ လုပ်နိုင်တဲ့ပါတီတွေတော့ အနည်းနဲ့အများရှိမှာပဲလို့ ကျွန်တော်ကတော့ အဲ့လိုမြင်တယ်။

ဘာလို့လဲဆိုရင် ၂၀၁၀တုန်းကလည်း မသမာမှုတွေရှိခဲ့တယ်၊ ၂၀၁၅ မှာတော့ အနည်းနဲ့အများတော့မသမာမှုရှိကြမှာပဲ။ ဆိုတော့ ဒီလိုဖြစ်နေတဲ့အခါမှာတော့ ၂၀၂၀မှာ မသမာမှုဖြစ်နေတဲ့အတွက် ဒီလိုအရေးယူတယ်ဆိုတဲအခါမှာတော့ တဖက်ကလည်းမသမာမှုမရှိဘူးလို့ကျွန်တော်ကတော့ တထစ်ချမပြောနိုင်ဘူး။

သို့ပေမဲ့လည်းဒီလိုအရေးယူစတမ်းဆိုလို့ရှိရင် ရွေးကောက်ပွဲတိုင်းမှာတော့ အရေးယူဖို့လိုတာပေါ့။

ပြည်သူလူထုရဲ့ထောက်ခံမှုအားရယူနိုင်ဖို့ဆိုတဲ့နေရာမှာတော့ လူထုတွေလိုလားတဲ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ နိုင်ငံရေးလမ်းကြောင်းတွေတော့ဖော်ပြပေးဖို့လိုတယ်။ နောက်ပြီးတော့ လူထုတွေဘာ တွေလိုအပ်လဲ၊ လူထုတွေဘာတွေဖြစ်နေလဲဆိုတာတွေကိုသေသေချာချာလေ့လာဖြစ်တဲ့အခါမှပဲ ကိုယ့်ဟာကိုယ်လူထုတွေထောက်ခံမှုအားကောင်းအောင်တော့ လုပ်ဖို့လိုတာပေါ့နော်။

သူ့ရဲ့အားနည်းချက်၊ ကိုယ့်ရဲ့အားနည်းချက်ရှာပြီးတော့မှာပဲ ဒီလိုအရေးယူဆောင်ရွက်တဲ့အပိုင်းတွေကတော့ ကျွန်တော့်အနေနဲ့ ကတော့ မဖြစ်သင့်တဲ့ကိစ္စရပ်တခုဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီမိုကရေစီစံချိန်စံနှုန်း နည်းနည်းမမီဘူးပေါ့လေ။ ဆိုတော့ဒါက NLD ကိုလုပ်လို့ကျွန်တော်ပြောတာမဟုတ်ဘူး။ NLD ကလည်း ရွေးကောက်ပွဲမတိုင်ခင် တုန်းက နှင်းဆီပါတီကိုလည်း ဒီလိုအရေးယူခဲ့တဲ့ဟာတွေရှိတာပေါ့လေ။ နိုင်ငံရေးမှာတော့ စိတ်ကြိုက်လူထုတွေ ဆုံးဖြတ်တဲ့အဆုံးအဖြတ်ကအရေးကြီးတာပေါ့။ လူထုရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့အနေအထားမျိုး။ အမှန်အကန်ဆုံး ဖြစ်အောင် နောက်ပြီးတော့မှ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိဖို့ဆိုတဲ့နေရာမှာတော့ လူထုကိုလည်းရှင်းရှင်းလင်းလင်းချပြနိုင်ဖို့လိုတယ်။ နောက်ပြီးတော့မှ တကယ့်အမှန်အကန်လမ်းကြောင်းမှာကို သွားဖို့လိုတယ်လို့ ကျွန်တော်ကတော့ အဲ့လိုမြင်တယ်။