ဝမ်ပေါင်ကုမ္ပဏီနဲ့ဆက်စပ်နေရာတွေ ဆက်တိုက် တိုက်ခိုက်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, အမိမြေကာကွယ်ရေးတပ်ဖွဲ့
တိုက်ပွဲတွေ နေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက တရုတ်ဝမ်ပေါင်ကုမ္ပဏီပိုင် ကြေးနီစီမံကိန်း အနီးတဝိုက်နေရာတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က ဒီသီတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပြီး ဇွန်လ ၂၄ ရက်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီကိုသွားတဲ့ ဓာတ်အားပေး ပင်မမီးတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
အရပ်သားတွေကို သတ်ဖြတ်ပြီး နီးစပ်ရာ ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ဝမ်ပေါင် ကုမ္ပဏီဘက်က ထောက်ပံ့ကူညီတာတွေ လုပ်နေလို့ အခုလို ဖျက်ဆီးရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတာတွေ ထပ်လုပ်ရင် ထပ်မံတိုက်ခိုက်သွားမယ်လို့လည်း သတိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကတော့ "ကျေးရွာတွေကို မီးလာရှို့တာဟာ ဝမ်ပေါင် ကုမ္ပဏီမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်တယ်။ လက်နက်ချင်း မမျှလို့ ထိပ်တိုက်ရင်ဆိုင်တာတွေ မလုပ်နိုင်တာကြောင့် ရွာတွေကို ထပ်မီးမရှို့အောင် ဖိအားပေးတဲ့ အနေနဲ့ အခုလို တန်ပြန်ထိုးစစ်ဆင်ရတာ" လို့ ဘီဘီစီကို ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဇွန်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာလည်း ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်း အမိမြေကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေလည်း လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အလုပ်ထွက်ကြဖို့ သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အမိမြေကာကွယ်ရေးတပ်ဖွဲ့
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဝမ်ပေါင်ကုမ္ပဏီဘက်ကရော မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးဘက်ကပါ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးဘူး။
ဒါပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းတွေ တိုက်ခိုက်မခံရအောင် ကာကွယ်စောင့်ရှောက်ပေးသွားမှာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချပေးသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရက မေလအတွင်းမှာ ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ဝ၂၁ ခုနှစ် မေလအတွင်းမှာလည်း ရန်ကုန်မြို့က တရုတ်နိုင်ငံပိုင် စက်ရုံတွေ မီးရှို့ခံရတုန်းကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒီဖြစ်စဥ်တွေကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်နိုင်ငံရဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ အင်မတန် စိုးရိမ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုထားဖူးပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ၊ ဝေဖန်ရှုတ်ချတာမျိုး မရှိတဲ့အတွက် မြန်မာပြည်သူအများအပြားက အမျက်ဒေါသထွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု
တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ဆက်စပ်နေရာတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်း လက်ပံတောင်းတောင် ဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်လာတာ တပတ်နီးပါးရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းတောင် အရှေ့ဘက်ခြမ်းက တုံတောကျောင်းရွာမှာ စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးမှ ပြန်ထွက်သွားကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အခုလို ထိုးစစ်ဆင်မှုတွေကြောင့် လက်ပံတောင်းတောင် အနီးတဝိုက် ကျေးရွာ ၃ဝ ကျော်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း စစ်ရှောင်အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။
"မိုးရာသီကာလအတွင်း မိုးမလုံ လေမလုံ အခြေအနေကြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အဝေးကို ထွက်ပြေးတိမ်းရှောင်ဖို့လည်း မဖြစ်နိုင်ဘူး။ ကိုယ့်ရွာတွေကို သူတို့(စစ်ကောင်စီတပ်တွေ) မီးရှို့သွား မသွား ၂ ရက် ၃ ရက်လောက်နေရင် သွားကြည့်ချင်တယ်။ ပစ်မထားခဲ့နိုင်ဘူး" လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြား လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့် တချို့ဒေသခံ ရာနဲ့ချီကတော့ ချင်းတွင်းမြစ် တဖက်ကမ်းက မုံရွာမြို့ပေါ်အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီတပ်တွေရဲ့ ဒီရက်ပိုင်း ထိုးစစ်ဆင်မှုတွေအတွင်း တုံကျေးရွာအုပ်စုက ရွာသားတချို့ ဖမ်းဆီးခံခဲ့ရသလို လက်နက်ကြီး ထိမှန်လို့ ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ ပြောကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဖောင်းကတာရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဆက်စပ်နေရာတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်တာတွေ ပိုမိုဆိုးရွားလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာလည်း လက်ပံတောင်းတောင် ဒေသအတွင်းက ကျေးရွာပေါင်း ၂၀ လောက်ကို စစ်တပ်က နယ်မြေရှင်းလင်းတာတွေ လုပ်နေပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားလို့ အဆိုးဆုံး အခြေအနေအထိ ကြိုတင်ပြင်ဆင်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ၊ သူတို့နဲ့ ဆက်စပ်အဖွဲ့တွေဟာ နေရာပေါင်း ၄၃၅ နေရာမှာ လူနေအိမ်ပေါင်း ၁၉,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အဆိုးဆုံး ဖြစ်ပြီး နေအိမ်ပေါင်း ၁၄,၀၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က သတင်းထုတ်ပြန်ထားပါတယ်။








