ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းပြောင်းရွှေ့မှု - အရင်ဖမ်းဆီးခံရစဥ်တွေနဲ့ ကွာခြားချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အကျဉ်းထောင် တစ်ခုမှာ စစ်ကောင်စီက ပြောင်းရွှေ့ ချုပ်နှောင်ထားလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။
အဲဒီနောက် ဇွန်လ ၂၃ ရက်နေ့က ထောင်တွင်း အထူးတရားရုံးမှာ ပထမဆုံးအကြိမ် ကြားနာ စစ်ဆေးခဲ့ပါတယ်။
ထောင်အတွင်း ပြောင်းရွှေ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်နေ့က သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီး ဖြစ်တယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထောင်ကို ပြောင်းရွှေ့ခဲ့တယ် ဆိုတဲ့သတင်း မှန်ကန်တယ်၊ ထောင်မှာ သီးခြား ကောင်းမွန်စွာ ထားရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီ ထုတ်ပြန်ချက်မှာ ထောင်ထဲ ပြောင်းရွှေ့ ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ ဘယ်လို နေရမလဲ၊ သူနဲ့ အတူ အိမ်မှာ နေသူတွေထဲက ဘယ်သူတွေ လိုက်ပါ နေခွင့်ရသလဲ စတဲ့ အများပြည်သူ သိချင်နေတဲ့ အချက်တွေကိုတော့ အဲဒီ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။
တရားရုံးနဲ့ နီးစပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်တွင်း သီးသန့် အဆောက်အဦ တစ်ခုမှာ တစ်ဦးတည်း နေထိုင်ရပြီး အမျိုးသမီးထောင်၀န်ထမ်း ၃ ဦးကို စီစဥ်ပေးထားတယ်လို့ သိရကြောင်း ပြောပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရွှေ့ပြောင်းလိုက်တဲ့ ထောင်မှာ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူတွေ အတူလိုက်ပါခွင့် မရဘူးလို့ နားလည်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးမြူ ထားတဲ့ ခွေးကလေး တိုက်ချီဒိုကိုတော့ ထောင်ထဲ မခေါ်ချင်တဲ့အတွက် အပြင်မှာပဲထားဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အရင် အစိုးရတွေ ခေတ်နဲ့ မတူတဲ့ ဖမ်းဆီးခံရမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ န၀တ အစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖ အစိုးရ စတဲ့ စစ်အစိုးရတွေ လက်ထက်တွေတုန်းက ကာလကြာရှည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင်း ခဏ သွားရောက်နေထိုင်ရတာမျိုး ရှိခဲ့ပေမဲ့ အခုလို ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်လို့ ဥပဒေအရဆိုပြီး ထောင်ကို ပြောင်းရွှေ့ နေထိုင်ရတာမျိုး မရှိခဲ့ဖူးပါဘူး။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အငြိမ်းစား တစ်ယောက်ကတော့ အရင်စစ်အစိုးရတွေ လက်ထက်တုန်းက တက္ကသိုလ် ရပ်သာလမ်းက ခြံအမှတ် ၅၄ ကို ထောင်အဖြစ်သတ်မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချထားခဲ့တာ ရှိတယ်၊ အဲဒီနောက်ပိုင်းမှာ ၂၀၀၃ ခုနှစ်လောက် ကျတော့ အကျဉ်းထောင်မှာ ခဏ ပြောင်းရွှေ့ပြီး ချုပ်နှောင်ခဲ့တယ်၊ အကျဉ်းထောင် အုတ်တံတိုင်းအတွင်းက ထောင်အဆောက်အဦ အတွင်းမှာ ထိန်းသိမ်းထားခဲ့တာ မဟုတ်ဘူး၊ အင်းစိန်ထောင်ရဲ့ ပရဝဏ်တွင်းမှာ ရှိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မိလ္လာ စနစ်ကအစ စနစ်တကျ ဆောက်ထားတဲ့ အိမ်လေးတွေ ထဲက တစ်အိမ်မှာ ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းထောင်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေထဲမှာ ထောင်တွင်းမှာရှိတဲ့ အဆောက်အဦးတင် မဟုတ်ဘဲ လိုအပ်ခဲ့ရင် အစိုးရ အဆောက်အဦး တစ်ခုခုမှာ ချုပ်နှောင် ထားရင်လည်း အကျဉ်းထောင်လို့ သတ်မှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထား ပါတယ်။ ဥပဒေအရ တရားရုံးက ချုပ်ရမန် ပေးလိုက်တဲ့အခါ အစိုးရက သတ်မှတ်ပေးတဲ့ အချုပ်ထောင် သို့မဟုတ် ထောင်ကျဆောင်မှာ ထားရတယ်လို့ အကျဉ်းထောင် လက်စွဲဥပဒေတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နိုင်ငံရေး အရှိန်အဝါကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို လုပ်လိုက်တာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်အောင်နဲ့ နိုင်ငံရေးပုံရိပ်ကျအောင် လုပ်တာဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ရင့်ကျက်ပြည့်ဝမှု မရှိတာကို ဖော်ပြနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
အမှုတွေတွေနဲ့ အမှုတွဲခံရသူတွေကိုရော ဘယ်လို ဆက်စစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, GLOBAL NEWLIGHT OF MYANMAR
နေပြည်တော် ထောင်တွင်း ထောင်တွင်းအထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက နိုင်ငံတော် လျှို့ဝှက်ချက်အက်နဲ့ စွဲချက်တင် ခံထားရတဲ့ အမှုကို ဒီကနေ့ စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေ နှစ်ဦးကိုလည်း စစ်ဆေးကြားနာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဉ် ရုံးထုတ်စစ်ဆေးနေတဲ့ အမှုတွေအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲက ခြံနံပါတ် ၁ အထူးတရားခွင် အစား နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံး မှာ ရွှေ့ပြောင်း စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
ဇွန်လ ၂၄ ရက်နေ့မှာ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဟောင်း ဦးမင်းသူတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ ရွေးကောက်ပွဲအမှုကို ကြားနာဖို့ရှိပါတယ်။
ဒါဟာ သမ္မတ ဦးဝင်းမြင့်အတွက်လည်း ပထမဆုံး ထောင်တွင်း အထူးတရားရုံး ရုံးချိန်း ဖြစ်လာမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ကိုပို့ပြီး သီးခြားထား လိုက်တဲ့အတွက် သူ့နဲ့အတူ တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် နေနေရတဲ့ သမ္မတ ဦး၀င်းမြင့်ကိုရော ထောင်ကို ရွှေ့ပြောင်းထား ပြီလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ အသေအချာ မသိရသေးပါဘူး။








