ရခိုင်မှာ ကျောင်းသား ၃ သိန်း ၆ သောင်းကျောင်းအပ်၊ကျောင်းပေါင်း ၁၂၄ ကျောင်း မဖွင့်နိုင်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ML
၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန်လ ၂ ရက် မနက်ဖြန်ကစလို့ ပြန်လည်ဖွင့်ဖို့ရှိနေပါတယ်။
ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ မေလ ၃၁ ရက်နေ့အထိ ကျောင်းသူကျောင်းသားပေါင်း ၃၆၀၀၀၀ ကျော် လာရောက် ကျောင်းအပ်နှံထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခုပညာသင်နှစ်အတွက် အခြေခံပညာအဆင့်မှာ ပညာသင်ကြားကြရမယ့် ကျောင်းသူကျောင်းသား ဦးရေ ၅ သိန်းခွဲကျော်ထိ လျာထားပေမယ့် လက်ရှိမှာတော့ ၃ သိန်း ၆ သောင်းကျော်သာ ကျောင်းအပ်နှံ့နိုင်သေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းသူကျောင်းသားတွေ စုံစုံလင်လင်ကျောင်းတက်ခဲ့ကြပြီး တည်တည်ငြိမ်ငြိမ်နဲ့ စာသင်နှစ်ပြီးဆုံးသွားတဲ့ အတွက် အခုနှစ်မှာလည်း ကျောင်းသားအားလုံးကတော့ ကျောင်းတက်ကြဖို့ မျှော်လင့်ထားတယ်လို့ ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာတော့ ကျောင်းသား ၅.၂ သန်းကျော် ကျောင်းအပ်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
လတ်တလောမှာတာ့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ မတွေ့ရှိရပေမယ့် ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ချမှတ်ထားတဲ့ ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ပညာသင်ကြားပေးနိုင်ရေးအတွက် ပြင်ဆင်ထားတယ်လို့ ပညာရေးဌာနက ပြောပါတယ်။
ကျောင်းတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၃၃၁၀ ကျောင်းရှိတဲ့အနက် ၁၂၄ ကျောင်းကိုတော့ ပြန်လည်ဖွင့်လှစ်ပေးနိုင်မှာမဟုတ်ဘဲ ဆက်ပိတ်ထားရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
"၁၂၄ ကျောင်းလောက် ပိတ်ထားတာရှိတယ်။ ပြန်မဖွင့်ပေးနိုင်သေးဘူး။ အဓိကကတော့ ဘူးသီးတောင်၊ မောင်တော ရသေ့တောင်မှာ ပိတ်ထားတာ အများဆုံးပဲ။ အများဆုံးကတာ့ မောင်တောမြို့နယ်ပါ။ ကျောင်ပေါင်း ၆၀ ကျော်လောက်ရှိ ပါတယ်။"လို့ ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။
ယခင်နှစ်ကတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ ကျောင်းပေါင်း ၁၂၂ ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းမရှိတဲ့အပြင် အခုနှစ်မှာတော့ ၁၂၄ ကျောင်းအထိ ပိတ်ထားရမှာလို့ သိရပါတယ်။
အဲ့ဒီ ပိတ်ထားရမယ့်ကျောင်းတွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ပြဿနာ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောက ကျောင်းတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် ပိတ်ထားခဲ့ရတဲ့ကျောင်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်းမရှိတာဟာ ကျေးရွာတွေမှာ လူတွေမနေကြတော့ဘဲ ကျောင်းသူကျောင်းသားတွေဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေအတွက်တော့ သူတို့နေထိုင်ရာ စခန်းတွေမှာ ယခင်နှစ်တွေကလိုမျိုး ယာယီစာသင်ကျောင်းတွေနဲ့ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးတွေက အဲ့ဒီကိစ္စအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အခြေခံပညာကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေကို ပညာသင်စရိတ် လွတ်ငြိမ်းခွင့်ပေးထားပေမယ့် ပြင်ပမှာ ကျူရှင်သင်ကြရမှာဖြစ်တဲ့အတွက် အလုပ်အကိုင်ရှားပါးပြီး ထောက်ပံ့ကြေးတွေကိုသာ မှီခိုနေကြရတဲ့ ကျောင်းသားမိဘတွေအတွက် သားသမီးတွေကို ပညာသင်ကြားရာမှာ အခက်အခဲတွေနဲ့ ကြုံကြရမှာဖြစ်တယ်လို့ တိမ်ညိုစစ်ဘေးရှောင်စန်းမှာနေထိုင်တဲ့ ငါးတန်းကျောင်းသားဖခင် ဦးအောင်သိန်းဝင်းက ပြောပါတယ်။
"ကျွန်တော့်မှာတော့ ငါးတန်းသားလေးကို ကျောင်းအပ်တာမှာ ပိုက်ဆံလည်းမပေးရဘူးဆိုတော့ ကျောင်းတော့အပ်ထားပါပြီ။ ဒါပေမဲ့ ကျူရှင်တက်ဖို့ကျတော့ ပိုက်ဆံက မလုံမလောက်နဲ့ အခက်အခဲတွေရှိမှာပဲ။ မိုးရာသီဆိုတော့ အလုပ်အကိုင်တွေလည်းပါးတယ်ဆိုတော့ စာအုပ်စာတမ်းဖို့းကအစ အဆင်မပြေတာတွေရှိတယ်။"လို့ ဦးအောင်သိန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
အစိုးရက အခြေခံပညာသင်ကျောင်းသားတွေကို ကျောင်းဝတ်စုံနဲ့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးတယ်ဆိုပေမယ့် လတ်တလောမှာတော့ ကျောင်းသူကျောင်းသားတွေကို စာအုပ်တွေ ထုတ်ပေးတာမရှိသေးကြောင်းနဲ့ စစ်ဘေးရှောင်ကလေး တွေအတွက် စခန်းတာဝန်ရှိသူတွေက လိုအပ်တဲ့ စာအုပ်စာတန်းတစ်ချို့ကို ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
တစ်ပြည်နယ်လုံးအတိုင်းအတာမှာ မူလတန်းအဆင့် ပညာသင်ကြားကြမယ့် ကျောင်းသူကျောင်းသားပေါင်း ၂ သိန်း ၆ သောင်းကျော်ခန့်ရှိပြီး စစ်ဘေးရှောင်းကျောင်းသား ဘယ်လောက်ပါဝင်တယ်ဆိုတာ စာရင်းကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ပြည်နယ်ပညာရေးဌာနက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းကလည်း ကျောင်းတွေကိုဖွင့်လှစ်ထားပေမယ့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထွက်နေတာတွေနဲ့ ကြုံရလို့ရှိရင် စိုးရိမ်ကြောက်လန့်ပြီး ကျောင်းမတက်ခဲ့ရတဲ့ ရက်တွေများခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေလည်း ကြိုကြားကြိုကြားရှိနေသလို စစ်ရေးတင်းမာမှုတွေလည်း ပြန်လည်မြင့်တက်လာနေတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့တော့ သူတို့ရဲ့သားသမီးတွေကို မိဘတွေနဲ့ ခွဲပြီးကျောင်းတွေမှာ ပညာသင်ကြားနေရတဲ့အချိန် တစ်စုံတစ်ခုဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
ဒေသတွင်း စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် ပညာရေးဌာနအနေနဲ့တော့ ကျောင်းဖွင့်ရက်အမှီ ကျောင်းတွေအားလုံးကို ဖွင့်လှစ်ပြီး ကျေင်းသားတွေ ပညာသင်ကြားနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ ဒေါက်တာထွန်းထွန်းသိန်းက ပြောပါတယ်။








