စစ်ကောင်စီရဲ့ မာရသွန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစနေ့ဆွေးနွေးမှု

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ခေါ်ချက်အပေါ် လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဒီနေ့ မေ ၂၀ ရက်မှာ စတင်လိုက်ပါပြီ။
ဆွေးနွေးမှုတွေကို တစ်ဖွဲ့ချင်းစီနဲ့ သီးသန့်ပြုလုပ်မှာဖြစ်ပြီး ဒီနေ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။
မနက် ၉ နာရီ ကနေ ၁၁ နာရီအထိ နှစ်နာရီကြာတွေ့ဆုံမှုမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့က တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ဆွေးနွေးမှုတွေထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် စနစ်တကျ အချိန်သတ်မှတ်မယ့်အကြောင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာတို့ကို ပြောဆိုခဲ့တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
RCSS /SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်းခေးက ပြောဆိုရာမှာတော့ ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးနှစ်ဖက်စလုံးက တကယ့်ငြိမ်းချမ်းရေးအစစ်အမှန်ကိုတည်ဆောက်ဖို့ ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု အဖြစ်တည်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုရဖို့ကိုတော့ တည်ဆောက်ဖို့လိုမယ်လို့လည်း ဒုဗိုလ်မှူးကြီး အုမ်းခေးက ပြောပါတယ်။
ဒီဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
အခုလို စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့တွေထဲ RCSS နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နောက်ထပ် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP လည်း ပါဝင်ပါတယ်။
ရှမ်းမြောက်ဒေသတချို့မှာ ဒီရှမ်းတပ် ၂ တပ် တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပြီး အခုလို စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမှုက ရှမ်းပြည်နယ်အတွင်းက ဒီ တပ် ၂ခုအတွက် ဘယ်လို အခြေအနေတွေ မျှော်လင့်နိုင်သလဲဆိုတာကို ရှမ်းပြည်အခြေစိုက် လွှတ်တော်အမတ်ဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူလည်း ဖြစ်တဲ့ ဦးရဲထွန်းက အခုလို ပြောပါတယ်။
အားလုံးက ဖက်ဒရယ်စနစ်ကို သွားချင်ကြတာဖြစ်ပြီး အခု ဆွေးနွေးပွဲက အဖြေတစ်ခုခုရခဲ့ရင် ပိုနီးစပ်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တခြားတစ်ဖက်မှာတော့ နယ်မြေသတ်မှတ်တောင်းဆိုမှုလို တခြားကွဲလွဲမှုမျိုး ဖြစ်နိုင်ခြေတချို့ ကိုလည်း သူက ပြောပါတယ်။
အခုလို ဆွေးနွေးပွဲတွေဟာ တဖွဲ့ချင်းစီဆွေးနွေးတာဖြစ်တာကြောင့် တဖွဲ့ချင်းစီရဲ့ တောင်းဆိုချက်တွေအပေါ် စစ်ကောင်စီက လိုက်လျောကတိပေးခဲ့တာတွေ ရှိလာမယ်ဆိုရင် တက်ရောက်ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဖိတ်ခေါ်ချက်လိုက် လက်ခံ မဆွေးနွေးတဲ့ လက်နက်ကိုင်တွေကြားမှာ ပဋိပက္ခ တွေပိုကြီးမားလာမှာကို နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thai PBS
တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်ကမ်းလှမ်းချက်ထဲ လက်ရှိပဋိပက္ခတွေ ဖြစ်ပွားမှုထဲ အဓိကကျတဲ့အင်အားစုတစ်ခုဖြစ်တဲ့ ဒေသကာကွယ်ရေးတပ်တွေမပါ၀င်ဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် အခုလက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ရခိုင်၊ ချင်း၊ ကရင်စတဲ့ လက်နက်ကိုင် အဖွဲ့တွေအပြင် ဒေသခံကာကွယ်ရေးတပ်တွေကို ဖိတ်ခေါ်နိုင်မှသာ တကယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်နိုင်မယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ အဲဒီကမ်းလှမ်းချက်ကိုလက်ခံပြီး တွေ့ဆုံဆွေးနွေးမယ့်အဖွဲ့က အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ ဖြစ်ပါတယ်။
အဲဒီ ၁၀ ဖွဲ့ကို သီးသန့် တစ်ဖွဲ့ချင်းစီနဲ့ စစ်ခေါင်းဆောင်က တွေ့ဆုံမှာ ဖြစ်ပြီး သုံးရက်ခြားတစ်ခါ တွေ့ဆုံမှာဖြစ်တယ်လို့ မေ ၁၉ ရက်စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။










