သင်္ကြန်အကြိုနေ့ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ် အနည်းဆုံး ၂ ဦးသေဆုံး

ရန်ကုန်မြို့နဲ့ မုံရွာမြို့တို့မှာ ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက လူတစ်ဦး စစ်ကောင်စီတပ်တွေပစ်ခတ်လို့ သေဆုံးခဲ့ပြီး နှစ်ဦးဖမ်းခံရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ပေါက်ကွဲမှု ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့သလို့ ၄ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံတွေက တစ်ဆင့်သိရပါတယ်။

မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ ဘုရားနီလမ်း (အာဇာနည်လမ်း) ထောင့် ယခင်နှစ် မုံရွာသပိတ်ကို ဖြိုခွင်းခဲ့တဲ့နေရာမှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီအနီးအနားမှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက မုံရွာမြို့ အာဇာနည်လမ်းအတွင်း မောင်းလာတဲ့ ရဲကားတစ်စီး ပစ်ခတ်ခံရပြီး ပစ်ခတ်မှုကြောင့် ရဲတစ်ဦးသေနတ်ကျည်ထိ သေဆုံးကြောင်း ပြောက်ကျားအဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် ဘီဘီစီအနေနဲ့ ဒေသခံတွေဆီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်မြို့ ဗဟန်း ဗိုလ်စိန်မှန်ရပ်ကွက်မှာ ပစ်ခတ်ခံရပြီး ‌သေဆုံးသူကတော့ ပုံမှန်အစားအသောက်တွေ ပို့ဆောင်ပေးနေသူ တစ်ဦးဖြစ်တယ်လို့ သူ့ကိုသိရှိသူ လုပ်ဖော်ကိုင်ဘက်အချို့က ဘီဘီစီကို အတည်ပြုကြပြီး လက်ရှိဖမ်းခံထားရ သူ နှစ်ဦးကိုတော့ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။

မုံရွာမြို့မှာ သေဆုံးခဲ့သူဟာ စျေးရောင်းတဲ့ စျေးသည်တစ်ဦးလို့ သိရပြီး သေဆုံးသူရဲ့ နာမည်နဲ့ နေရပ်လိပ်စာကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် သင်္ကြန်အကြိုနေ့မှာ မုံရွာမြို့က နေရာလေးခုခန့်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ပေါက်ကွဲသံတွေကို ကြားခဲ့ရကြောင်းမုံရွာမြို့ခံကပြောပါတယ်။

"မနက် ၁၁ နာရီကျော် ဘုရားနီလမ်းဗုံးပေါက်တာ ၊ ဗုံးကပြင်းတယ်၊အပေါ်ကြိုးတွေရော ပြတ်ကျတာ၊အဲဒီနားက ငှက်ပျောစျေးသည်တွေရှိတယ် " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာမှာ စစ်ကောင်စီတပ်တွေကို ပြောက်ကျားအဖွဲ့တွေက တိုက်ခိုက်မှာဖြစ်လို့ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ နံနက် ၁၀နာရီကန ညနေ ၅နာရီအထိ အပြင်မထွက်ဖို့ ကြေညာထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

"လမ်းပေါ်မှာလည်း လူရှင်းနေတယ်၊ မုံရွာမှာ ကလေးတွေတောင် ရေမပက်ကြဘူးလို့" မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို လုံခြုံရေးမြှင့်ပြီးကျင်းပနေပေမဲ့ မြို့လယ်က မြို့တော်၀န်မဏ္ဍပ်ကလွဲပြီး နေရာတော်တော်များများမှာ ရေထွက်ကစားသူ မရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရန်ကုန်မြို့နေရာတော်တော်များများမှာ လုံခြုံရေးမြှင့်နေရာယူထားသလို ကင်းလှည့်တာတွေလည်း ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

''စစ်တပ်က မနက်အစောပိုင်း ၇ နာရီလောက်ကတည်းက ကင်းလှည့်နေတယ်။ ကြည့်မြင်တိုင်မှာဆို အင်အားသိပ်မပါတဲ့ ဖောကား(စစ်ကားအကြီး)တွေနဲ့ ပတ်တာတွေ့တယ်။ နောက် စမ်းချောင်းမှာဆို ရင်လည်း ရဲကားနဲ့စစ်ကား ပေါင်းပြီး ကင်းလှည့်နေတာတွေ့တယ်"လို့ စမ်းချောင်းဒေသခံတစ်ဦးက ‌ပြောပါတယ်။

စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ ရေကစားမဏ္ဍပ်တွေမှာ ရေကစားထွက်ဖို့နဲ့ လည်ပတ်ဖို့ ရန်ကုန်မြို့က သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေလိုက်ပါရတယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။

ဒါ့အပြင် လမ်းတွေကို ပိတ်ပြီး ရေကစားမဏ္ဍပ်တွေဘက်ကို ကားတွေလာအောင် ကားတွေကို ဖြတ်ပြီးမောင်းခိုင်းတာတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ မုံရွာမြို့မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာ သင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့မှာတော့ သင်္ကြန်အကြိုနေ့ကရော အဲ့ဒီနေ့ မတိုင်မီက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့ပေါ်မှာ သင်္ကြန် မဏ္ဍပ် မရှိကြောင်း နဲ့ တာဟန်းရပ်ကွက်ကနေ ချင်းတောင်ဘက် သွားတဲ့ကားလမ်းကို စစ်ကောင်စီက ပိတ်ထားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ကလေးမြို့တာဟန်းရပ်ကွက်မှာ ပစ်ခတ်သံတွေကြားရပြီး အိမ်တွေပိတ်ထားသလို ဆိုင်တွေလည်းပိတ်ထားကြကြောင်း ဒေသခံတွေကပြောပါတယ်။

ကလေးမြို့လယ်မှာ ရေကစား မဏ္ဍပ်မရှိဘဲ အသွားအလာမရှိကြောင်းနဲ့ လူတွေအပြင်ကို မထွက်ကြကြောင်းလည်း ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

အလားတူပဲ ကချင်ပြည်နယ်မြစ်ကြီးနားမြိုမှာလည်း မနေ့က ဧပြီလ ၁၂ ရက်ညပိုင်းမှာ လမ်းလျှောက်သင်္ကြန်မဏ္ဍပ် မီးလောင်မှုဖြစ်ခဲ့သလို ဒီကနေ့အကြိုနေ့ မနက်မှာလည်း ကြံခိုင်ရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ကာလရောက်တိုင်း စည်ကားလေ့ရှိတဲ့ မြိတ်ကမ်းနားလမ်းနဲ့ ဗဟိုလမ်းဘက်မှာလည်း လူသွားလူလာမရှိဘဲ ခြောက်ကပ်နေသလို မြို့ခံအများစုဟာ စစ်ကောင်စီပြုလုပ်နေတဲ့ ဗဟိုရေကစားမဏ္ဍပ်ဘက်ကို မသွားလာရဲကြဘူးလို့ မြိတ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စစ်တွေနဲ့ သံတွဲမြို့တွေမှာ ရေကစားသူတွေနဲ့ စည်ကားနေပြီး စစ်တွေမှာတော့ ထူးထူးခြားခြား စည်ကားတယ်လို့ ဒေသခံတွေကပြောပါတယ်။