ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေမှာ ငါးနှစ်ခန့် ရပ်နားထားခဲ့တဲ့ ရထားလိုင်းပြန်လည်ပြေးဆွဲမယ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်က စတင်ပြီးတော့ ရပ်နားထားခဲ့တဲ့ ရထားလိုင်းကို အခုမတ်လ ၂၄ ရက်နေ့မှာ ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။
အဲဒီရထားလိုင်းဟာ စစ်တွေမြို့ ပြည်တော်သာကနေ မောင်တော အငူမော်ကားလမ်း တဘက်ကမ်းမှာရှိတဲ့ ရေချမ်းပြင်အထိ ပြေးဆွဲပေးမှာဖြစ်ပြီး ကုန်စည်နဲ့ခရီးသည် ပို့ဆောင်ရေးတို့အတွက် အဓိကထားပြီးပြေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ သွားလာရေးအတွက်ရည်ရွယ်
အခုလို ရပ်နားထားတဲ့ရထားလိုင်းကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ရတာဟာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ သွားရေးလာရေးနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေမှာ ကုန်စည်ပို့ဆောင်ရေးအတွက် အထောက်အကူပြုစေနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ နှစ်အတန်ကြာရပ်နားထားခဲ့ရတဲ့ ရထားတွဲတွေဟာ ယိုယွင်းနေပြီဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်မွမ်းမံ မှုတွေ လုပ်ဆောင်နေရပြီး သတ်မှတ်ရက် အတွင်း သုံးတွဲလောက်သာ ပြေးဆွဲနိုင်လိမ့်မယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
"စစ်တွေနဲ့ ရေချမ်းပြင်ကို အသွားအပြန်ပြေးဆွဲမှာဖြစ်ပါတယ်။ ဒီရထားပြေးဆွဲလာရင်တော့ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းတွေဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင် တက္ကသိုလ်ကျောင်းသားတွေအတွက် သွားရေးလာရေးမှာ အထောက်အပံ့အများကြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေး သွားတဲ့ ကုန်စည်ပို့ဆောင်ရေး အတွက်လည်း အထောက်အပံ့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့မှန်းထားပါတယ်"လို့ ဦးလှသိန်းက ပြောပါတယ်။
မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့အနောက်ဘက်ကမ်းဒေသတွေဟာ မေယုမြစ်အနောက်ဘက်ခြမ်းက မြို့နယ်တွေဖြစ်ပြီး စစ်တွေမြို့နဲ့ ကုန်းလမ်းဆက်သွယ် သွားလာရေး အခက်အခဲရှိသလို ရေချမ်းပြင်ကနေတစ်ဆင့် သွားလို့ရှိရင် ခရီးပိုမြန်တဲ့အတွက် အဲဒီလမ်းကိုပဲ အသုံးပြုနေကြရတာဖြစ်ပါတယ်။
လက်ရှိမှာလည်း မောင်တောနယ်စပ်ကုန်သွယ်ရေးကို ပို့ဆောင်နေတဲ့ ကုန်စည်တွေကို ရေချမ်းပြင်ဆိပ်ကမ်းကနေတစ်ဆင့် ဇက်ရေယာဉ်တွေက ကူးတို့ကူးပြီး သွားလာနေကြပါတယ်။
ဒါပေမဲ့ရထားပြေးဆွဲတဲ့အချိန်မှာ ခရီးသည်ပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေး ဘယ်အပိုင်းက ပိုပြီးအထောက်အပံ့ဖြစ်သလဲဆိုတာနဲ့ ရထားလမ်းနံဘေး ကျေးရွာတွေ အတွက် ဘယ်လောက်ထိ အကျိုးပြုလဲဆိုတာတွေကို စစ်တမ်းကောက်ပြီးတော့ ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အရင်ကလည်း အဲ့ဒီရထားကို အသုံးပြု စီးနင်းသူနည်းပါးတဲ့အတွက် ရပ်နားလိုက်ရတာဖြစ်ပြီး အခုပြန်လည်ပြေးဆွဲရာမှာ လည်း အမြတ်အစွန်းကို အခြေခံပြီး ပြေးဆွဲမှာ မဟုတ်ဘဲ ပြည်သူဗဟိုပြုသဘောနဲ့ ပြေးဆွဲမှာဖြစ်တယ်လို့ ဦးလှသိန်းက ဆိုပါတယ်။
သမိုင်းဝင်ရှေးဟောင်းနယ်မြေတွေကို ရထားလမ်းဖြတ်သန်းဖို့ကန့်ကွက်
ရခိုင်ပြည်နယ်အတွင်း ရထားလမ်းကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး စစ်တွေကနေ မင်းဘူးအထိပြေးဆွဲဖို့ရည်ရွယ်ခဲ့ပေမဲ့ သမိုင်းဝင် ရှေးဟောင်းနယ်မြေတွေကို ရထားလမ်းဖြတ်သန်းတဲ့အခါမှာ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဘုရားပုထိုးတွေကို ဖြိုဖျက်ခံလိုက်ရတာကြောင့် မြောက်ဦးက စတင်ပြီး ကန့်ကွက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဓညဝတီနဲ့ မြောက်ဦးယဉ်ကျေးမှုဇုံတွေအတွင်း ဖြတ်သန်းဖောက်လုပ်မှုတွေကို ရပ်နားထားလိုက်ရတာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ စစ်တွေ-ရေချမ်းပြင်လမ်းပိုင်းနဲ့ ကွန်းတောင်-ကျောက်တော်လမ်းပိုင်းတွေကို ပြေးဆွဲခဲ့ပါတယ်။ အဲ့ဒီရထားတွေဟာ စရိတ်စက သက်သာပေမဲ့ ပြေးနှုန်းအလွန်နှေးတဲ့အတွက် ခရီးသည်တွေနဲ့ ကုန်စည်တွေပို့ဆောင်ရာမှာ အဆင်မပြေတာကြောင့် အသုံးပြုသူနည်းပါးခဲ့ပါတယ်။