သစ်ခိုးထုတ်မှုတွေကို PDF တွေ ကာကွယ်နေတယ်လို့ဆို

ပုလဲမြို့နယ် တနယ်ရွာ တရားမဝင်သစ်ကား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ် တနယ်ရွာ ဖမ်းမိတဲ့ တရားမဝင်သစ်တွေကို ပုလဲနဲ့မြိုင်မြို့နယ် PDF တွေက ၂၀၂၁ ဇူလိုင် ၁၄ ရက်မှာ မီးရှို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းက သစ်တောတွေ တရားမဝင်ထုတ်ယူခံနေကြရတာဟာ ကြောက်စရာကောင်းတဲ့ ပမာဏဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ယောက်က သတိပေးပါတယ်။

"အာဏာရှင်စနစ်မှာက ဘာအထိန်းအကွပ်မှ မရှိဘူး။ အာဏာလက်ကိုင်ရှိတဲ့ သူက သူကြီးပွားဖို့ အကုန်လုပ်မှာပဲ။ အခုက စစ်ဗိုလ်တွေကို ထင်တိုင်းကြဲခွင့်ပေးထားတော့ သဘာဝဝန်းကျင် ပျက်စီးတာအပါအဝင် ရေရှည်အတွက် အရေးကြီးတာတွေက ကြောက်စရာကောင်းလောက်အောင် ဆုတ်ယုတ်ကျဆင်းနေတယ်။ အချိန်ကြာလေ တိုင်းပြည်အတွက် အဆုံးအရှုံးကြီးလေဖြစ်မယ်။ အခုတနှစ်ကျော်ကာလရဲ့ သစ်တောနဲ့ သယံဇာတပြုန်းတီးမှုတောင်မှ ပြန်ကုစားဖို့ မလွယ်တဲ့ ပမာဏလို့ တွေ့နေရတယ်" လို့ ပြောပါတယ်။

ဘယ်ပမာဏအထိ သစ်တောဖုံးလွှမ်းမှုတွေ လျော့နည်းသွားတယ်ဆိုတာတော့ အခုချိန်မှာ အချက်လက် ကောက်ယူဖို့ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က တရားမဝင်သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးအရေးယူခဲ့တာ သစ်တန်ပေါင်း ၂ သိန်းလောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့သစ်တောသယံဇာတ လေ့လာဆန်းစစ်ချက် ၂၀၂၀ ပြည့်နှစ် ( Forest Resource Assessment - FRA 2020) အရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၄၂.၁၉ ရာခိုင်နုန်းရှိပြီး NLD အစိုးရလက်ထက်မှာ သစ်တောပြုန်းတီးမှု အနည်းဆုံး စံချိန်တင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၁ ခုနှစ် မေ မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဖိုးတန်သစ်တွေဖြစ်တဲ့ ကျွန်း ၊ အင်၊ ကညင် စတဲ့ သစ်တွေ ပေါက်ရောက်တဲ့ စစ်ကိုင်းတိုင်းမှာဆိုရင်လည်း စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း သစ်ခိုးထုတ်မှုတွေပိုများလာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကားလမ်းမနဲ့နီးတဲ့ အပင်ကြီးတွေတောင် ခုတ်ကြတာ၊ အရင်က ကားလမ်းမျက်နှာစာမှာ အပင်ကြီးတွေ ချန်ထားကြသေးတယ်လေ။ အခု မျက်နှာစာက အပင်ကြီးတွေတောင် မကျန်တော့ဘူး ခိုးခုတ်ခံရတာ။ ဒေသခံတွေကလည်း ထုတ်တယ်၊ ပြန်ရောင်းဖို့လည်း ထုတ်ကြတယ်။" လို့ ကောလင်းဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ တရားမဝင်သစ်ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးပြီး မီးရှို့တဲ့နောက်ပိုင်း သစ်ခိုးထုတ်တာတွေ သိပ်မတွေ့ရတော့ဘူးလို့လည်း ပြောပါတယ်။

ကောလင်း တရားမဝင်သစ်

ဓာတ်ပုံ ရင်းမြစ်, Kaw Lin PDF

ဓာတ်ပုံ ပုံစာ, ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမှာ တရားမဝင်သစ်တွေနဲ့ ကားကိုပါ ကောလင်း PDF က ၂၀၂၁ အောက်တိုဘာ ၂၅ မှာ မီးရှို့

"ယေဘုယျ ဂြိုဟ်တု ဓာတ်ပုံတွေအရ၊ အလောင်းတော်ကဿပမှာ သစ်ထုတ်တာတွေ ပိုများလာတယ်။ တရားဝင်ထုတ်တာရော၊ တရားမဝင်ရော ရောနေတယ်။ သစ်တွေက တရုတ်ကိုပဲ သွားတာတင်မကဘူး။ အိန္ဒိယဘက်ကို စစ်ကိုင်တိုင်း အနောက်မြောက်ဘက်ကနေ သွားနေကြတယ်။ ဧရာဝတီတိုင်း မိန်းမလှကျွန်းမှာလည်း သစ်ထုတ်တာတွေ များလာတယ်"လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် နောက်တစ်ယောက်က ပြောပါတယ်။

သစ်ခိုးထုတ်တာအပါဝင် ဒုစရိုက်လုပ်ငန်းတွေကို PDF တွေ ထိန်းချုပ်

ကျွန်းအပါဝင် သစ်မာတွေ ထုတ်လုပ်ခွင့် တားမြစ်ထားတဲ့ ပဲခူးရိုးမထဲမှာ နေ့ရောညပါ သစ်ခိုးထုတ်တာတွေ များလာတဲ့အတွက် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သစ်ကားတွေကို ဖမ်းဆီးပြီး သစ်တွေ မီးရှို့ခဲ့ပါတယ်။

သစ်ခိုးထုတ်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းတွေကိုလည်း မတ် ၁ ရက် နောက်ဆုံးထားပြီး ပြန်သိမ်းဖို့နဲ့ နောက်ထပ် သစ်မထုတ်ဖို့ ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့ပေမဲ့ ဆက်ပြီး ထုတ်ယူတာတွေရှိနေတာကြောင့် ပဲခူးရိုးမအတွင်း ကျူးကျော်လာသူ ဘယ်သူမဆို ထိထိရောက်ရောက် အရေးယူမယ်လို့ မတ် ၁၆ ရက်က ထပ်သတိပေးထားပါတယ်။

"ဖမ်းမိတာတွေက ကျွန်းသစ်တွေများတယ်။ သစ်မှောင်ခိုကားတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စည်းတွေက အခွန်တောင်းပြီး ခုတ်ခွင့်ပေးနေတာ။ ကျွန်းသစ်က ပြည်သူပိုင်ပစ္စည်းပဲ။ ဒါက မတားရင် နောင်တစ်ချိန် တိုင်းပြည်ပြန်တည်ဆောက်ချိန်မှာ ဒါတွေမရှိရင် ဒါတွေက ဝယ်မရတော့ဘူး ဖြစ်သွားမယ်" လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ပဲခူးရိုးမအတွင်း ညအချိန် ဖမ်းမိတဲ့ တရားမဝင်သစ်ကားကို ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂၀၂၂ ဖေဖော်ဝါရီမှာ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, YPDF

ဓာတ်ပုံ ပုံစာ, ပဲခူးရိုးမအတွင်း ညအချိန် ဖမ်းမိတဲ့ တရားမဝင်သစ်ကားကို ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂၀၂၂ ဖေဖော်ဝါရီမှာ ဖမ်းမိ

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့မှာ အရင်ကတည်းက တရားမဝင်သစ်ခိုးထုတ်တာတွေရှိနေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတဲ့အတွက် ပြီးခဲ့တဲ့ နှစ် ဇွန် လောက်မှာ တရားမဝင်သစ်ကားတွေကို သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

ပထမအဆင့်အနေနဲ့ သစ်ယူပြီး မီးရှို့တာ၊ ဒုတိယအဆင့်အနေနဲ့ သစ်တင်တဲ့ကားနဲ့ သစ်ကို မီးရှို့တာ၊ တတိယအဆင့်မှာတော့ သစ်သယ်ဆောင်လာတဲ့ လူတွေရဲ့ အသက်အန္တရာယ်ကိုပါ အာမမခံနိုင်ဘူးဆိုပြီး ထုတ်ပြန်လိုက်တာပါ။

"သစ်မှောင်ခိုကားတွေကို ငွေတောင်းပြီးလွှတ်ပေးမယ်ဆိုရင် စကစနဲ့ သိပ်မကွာတော့ဘူး ဖြစ်သွားမယ်လေ။ တော်လှန်ရေးအတွက်လည်း သိက္ခာကျတယ်။ သစ်ကိုယူပြီး ရောင်း၊ ရလာတဲ့ငွေကို တော်လှန်ရေးအတွက် သုံးဆိုပြန်တော့လည်း ငွေကြေးဇယားတွေရှုပ်လာမှာစိုးလို့ ဖမ်းမိတာအကုန်မီးရှို့တယ်၊ မိတာကလည်း အကြိမ် ၃၀ ကနေ ၄၀ လောက်ထိ ရှိတယ်။ ပုလဲကနေ ခိုးထုတ်တဲ့သစ်ကားတွေရော၊ တခြားမြို့နယ်ကနေ ခိုးထုတ်လာတဲ့ သစ်တွေကိုရော ပေးမဖြတ်တော့ဘူး"လို့ ပုလဲမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

NUG လက်အောက်မှာ မရှိကြသေးတဲ့ တချို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တရားမဝင်သစ်ကားတွေကို ငွေကြေးကောက်ခံနေတာ၊ ခရီးသွားကားတွေကို စစ်ဆေးတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေ ရှိနေတယ်ဆိုတာလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီအဖွဲ့တွေကိုလည်း ပြည်သူအပေါ် လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို သေသေချာချာ လိုက်နာဖို့ ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့မှာဆို တရားမဝင်သစ်ကားတွေ အပါဝင် အလောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးရောင်းဝယ်-သုံးစွဲသူတွေကိုပါ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ပေါ်လောက်သာ အုပ်ချုပ်ရေးအဖွဲ့တွေရှိပြီး မြို့နယ်တွေမှာတော့ မရှိကြတော့ပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်တပ်ပိုင်ထုတ်ကုန်တွေ၊ မိုင်တဲလ်ဆင်းကတ်တွေ၊ အရက်-ဘီယာတွေကို ရောင်းခွင့်တွေလည်း မပေးပါဘူး။

"အရင်တုန်းက ကြက်ဝိုင်း၊ လောင်းကစားဝိုင်းတွေက ရဲကိုငွေပေးပြီးလုပ်လို့ရတယ်။ အခုလုပ်ရင် PDF က သိသွားရင် မချောင်ဘူး။ ရဲအမိန့်က ငွေပေးရင်တမျိုး၊ မပေးရင်တမျိုး ဖောက်လွဲဖောက်ပြန် ရှိသေးတယ်။ PDF က အမိန့်တည်တယ်။ သစ်တွေလည်း မထုတ်ရဲသလို သစ်စက်တွေကလည်း အလုပ်မလုပ်ရဲကြတော့ဘူး"လို့ ရေဦးမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

သစ်တောတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြိုးစားပြီး ကာကွယ်ပေးတာရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေ မရှိတဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမလို နေရာတွေမှာတော့ စိုးရိမ်စရာအခြေအနေရှိနေတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်က အခုလို မှတ်ချက်ပေးထားပါတယ်။

"ပျောက်ကြားလှုပ်ရှားနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အပြည့်အဝကာကွယ်ဖို့ မဖြစ်နိုင်ဘူး။ ကာကွယ်ရေးတပ်တွေမရှိတဲ့ ဧရာဝတီတိုင်း၊ ရခိုင်ရိုးမဒေသတွေမှာက နေ့ရောညပါ လက်ကျန်သစ်တောပြုန်းတီးမှုတွေ လန့်စရာကောင်းအောင်ဖြစ်နေတယ်။ ပဲခူးလည်း အခြေအနေဆိုးတယ်လို့ သိရတယ်။ စစ်တပ်နဲ့ စီးပွါးရေးသမားတွေ ထင်တိုင်းကြဲလို့ရနေတဲ့ နေရာတွေ တော်တော်များများတော့ ၂၀၂၂ အကုန်လောက်မှာ ပြောင်ရှင်းသွားမဲ့ အခြေအနေရှိနေတယ်။"

စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနရဲ့ မတ် ၃ ရက် ထုတ်ပြန်ချက်မှာတော့ မတ် ၇ ကနေ ၁၃ ရက်အတွင်း ပြည်နယ်နဲ့ တိုင်းအလိုက် တရားမဝင် ကျွန်း ၊ သစ်မာနဲ့ အခြားသစ်အမျိုးအစား စုစုပေါင်းတန်ချိန် ၂၈ သိန်းကျော်၊ တရားခံ ၃၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း သစ်တောဧက ၇ ဒသမ ၄ သန်း ( ဟတ်တာ ၃ သန်း) ခန့် ပြုန်းတီးနေပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှုစာရင်းမျာ မြန်မာနိုင်ငံက အဆင့် ၃ အထိ ရောက်ရှိနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က ထုတ်ပြန်ထားပါတယ်။

သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုမမှန်တာ၊ မြေပြိုတာ၊ ရေကြီးရေလျှံတာ အပါဝင် သဘာဝဘေးတွေကိုလည်း မြန်မာနိုင်ငံက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ပိုပြီးဆိုးဝါးလာတဲ့ သစ်တောပြုန်းတီးမှုတွေက အနာဂတ်မျိုးဆက်တွေအတွက် ဖြစ်လာနိုင်တာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်က အခုလို သတိပေးလိုက်ပါတယ်။

"သစ်တောနဲ့ သဘာဝရပ်ဝန်းတွေကျန်မှ ဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံး အခြေအနေဖြစ်တဲ့ ဥတုရာသီပြောင်းလဲမှုကိုခံနိုင်မှာ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသဘာဝရပ်ဝန်းတွေကို ကိုယ်ကျိုးစီးပွားအတွက်ဖျက်ဆီးနေတဲ့ အရှိန်အဟုန်က အဆပေါင်းများစွာ တိုးလာတယ်။ စစ်အာဏာသိမ်းမှုဟာ ဒီမိုကရေစီနဲ့ ပြည်သူ့ဘဝတွေကိုတင် ဖျက်ဆီးတာမဟုတ်ဘူး။ အနာဂတ်မျိုးဆက်ရဲ့ ဘဝလုံခြုံမှုကိုပါ ဖျက်ဆီးလိုက်တာ။ သူတို့ဟာ စစ်တပ်ဖျက်ဆီးလိုက်လို့ ပျက်စီးသွားမယ့် သဘာဝဝန်းကျင်ရဲ့ အကာအကွယ်ကို ရနိုင်ကြတော့မှာမဟုတ်ဘူး။"