စစ်ကောင်စီက စစ်ဆင်ရေးတွေ ပိုလုပ်လာတဲ့ စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက တိုင်းမှူးအသစ်ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ စစ်ကိုင်းတိုင်းအတွင်း PDF စခန်းစစ်ဆင်ရေးတွေကို ပိုလုပ်လာသလို မုံရွာမြို့ပေါ်မှာလည်း အဖမ်းအဆီးများလာတယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ စစ်ကိုင်းတိုင်းက မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးနေရာ ဟာပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ် အတွင်းမှာ အပြောင်းအလဲဖြစ်ခဲ့တာဖြစ်ပါတယ်။

နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ဟာ နယ်စပ်ရေးရာ ဒုဝန်ကြီး ဖြစ်သွားပြီး အရန်အင်အားကို ရောက်ရှိသွားခဲ့ရတာဖြစ်ပြီးတော့ သူ့နေရာကို စစ်ကိုင်းတိုင်း၊ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်က ဗိုလ်ချုပ်အဆင့်တိုးမြှင့်ခံရပြီး နမခ တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက နေရာအများအပြားကို အင်အားသုံးပြီး ဒေသလက်နက်ကိုင် အဖွဲ့တွေကို နှိမ်နင်းနေသလို စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့တော်ခန်းမမှာ စခန်းအထိုင်ချပြီး မုံရွာမြို့ပေါ်မှာ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလလယ် အတွင်းကစပြီး မုံရွာမြို့ နဲ့ ၂ မိုင်လောက်ဝေးတဲ့ လယ်ဇင်ရွာဘက်က PDF စခန်းတွေကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးကာ၊ လူ့အချို့ ပစ်သတ်ခံရတာတွေ ရှိခဲ့ပါတယ်။

မုံရွာမြို့ပေါ်က သာစည်လမ်းမှာ ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခဲ့တာရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြို့ပေါ်မှာ စစ်ဆေးတာတွေ ဖမ်းဆီးတာတွေများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တာဆေးတာ တွေလုပ်ပြီး တခုခုနဲ့ငြိရင်ဖမ်းတာပဲ၊ ရဟတ်ယာဉ်ပုံ ဖုန်းထဲတွေ့လို့ဆိုပြီးလည်း ဖမ်းတယ်"လို့ မုံရွာမြို့ခံတွေကပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့လည်း စစ်ကောင်စီတပ်တွေရဲ့ နမခ နယ်မြေ မြိုင်ရဲစခန်း အစီးခံရစဥ် ရဟတ်ယာဉ် ၈ ခေါက်လောက် မြို့ပေါ်ကနေ ပျံသန်းခဲ့ပြီးတော့ ဒီကနေ့မှာ ဒီပဲယင်း ကနီ နဲ့ ယင်းမာပင်မြို့နယ်တွေဘက်မှာ စစ်ဆင်ရေးတွေလုပ်နေတာရှိတယ်လို မုံရွာဒေသခံတွေက ပြောကြပါတယ်။

မုံရွာမြို့အဝင် ကုန်ကားနဲ့ လူစီးခရီးသည်ကားတွေကို စစ်ကောင်စီက မုံရွာမြို့တော်ခန်းမအထိ လာရောက်ပြီး အစစ်ခံရမယ်လို့ ဇန်နဝါရီလ ၁၈ ရက်ကစပြီး စစ်ကောင်စီက ညွှန်ကြား ခဲ့သလို ကားဂိတ်အချို့ ပိတ်တာတွေရှိတယ်လို့ မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီလို အစစ်ခံရမယ့်ကားတွေထဲမှာ ရန်ကုန်ကလာတဲ့ ခရီးသည်တင်ယာဥ်တွေလည်းပါတယ်လို့ သူတို့ကပြောပါတယ်။

ဖုန်း ဆက်သွယ်ရေးပစ္စည်း အဝတ်အထည် စားသောက်ကုန်အပါအဝင် ကုန်စည်အများအပြား စစ်ကိုင်းတိုင်း မုံရွာမြို့ အဝင်ကို အထူးကြပ်မတ်ပြီးကန့်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ်၊ အနောက်ခြမ်းက ဝပါ ရွာကို စစ်ကြောင်းတွေ ပြန်ထိုးလာတာကြောင့် ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒီပဲယင်းဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၁၁နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝပါ ရွာထဲကိုစစ်ကြောင်းဝင်လာတာကြောင့် ဒေသခံတွေအားလုံး ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့ ထွက်ပြေးနေသူ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဝပါ၊ မှန်သာ၊ သပြေသာ၊ တောကျောင်း၊ အင်းတမ်းစတဲ့ ရွာအားလုံးက ဒေသခံတွေက စစ်ကြောင်းလာတာကြောင့် ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဝပါရွာက ဒီပဲယင်းမြို့ပေါ်နဲ့ ၂မိုင်အကွာမှာရှိတဲ့ ရွာဖြစ်တာကြောင့် မြို့ပေါ်ကစစ်ကြောင်းက ဒီကနေပဲ ရွာကို လာရောက်ပြီး PDF သံသယ နဲ့ ဝင်ရောက်လာတာလို့ ဒေသခံတွေဘက်က ယူဆပြောဆိုတာတွေ ရှိပါတယ်။

ဒါ့အပြင် မုံရွာတစ်ဖက်ကမ်း ယင်းမာပင်နယ်ထဲကို စစ်ကောင်စီတပ်တွေရောက်လာပြီး ဒေသခံတွေထောင်ထားတဲ့လက်လုပ်မိုင်းတွေကို Jammer လို့ခေါ်တဲ့ စက်တွေသုံးပြီး မိုင်းရှာတာတွေလုပ်နေကြောင်းနဲ့ နယ်မြေစိုးမိုးဖို့ ကြိုးစားနေတယ်လို့ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ပုသိမ်-မုံရွာလမ်းမကြီး၊အောင်ဇေယျလမ်းဆုံကနေ လက်ပံတောင်းလမ်းဆုံတစ်လျောက် ထောင်ထား တဲ့ ပီပါမိုင်း တစ်လုံး၊ကွန်ကရစ်မိုင်း ၁၀လုံး၊အင်ဂျင်စလစ်မိုင်း ၆လုံး၊စိန်ပြောင်းရှော့တိုက်မိုင်း ၁၃လုံး၊စိန်ပြောင်း နှစ်လုံးတွဲ ရှော့တိုက်မိုင်း(၂)လုံး စုစုပေါင်း မိုင်း (၃၃)လုံးကို လုံခြုံရေးအဖွဲ့များက သက်မဲ့ပြုလုပ် ပြီး ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာန အချို့မှာဖော်ပြကြပါတယ်။

ဒါ့အပြင်မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွဟာ ချင်းတွင်းမြစ်အထက် ကနီမြို့နယ် ကင်းရွာကို ဝင်စီးကာတပ်စွဲထားပြီးတော့ အနီးတစ်ဝိုက်က်စခန်းတွေကို ရှင်းဖို့လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုလို စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေလုပ်ပြီး မြို့ပေါ်တွေမှာ အဖမ်းအဆီးများလာပေမယ့် မုံရွာ၊ ချောင်းဦး ၊ မြောင်၊ မြင်းမူ ၊စစ်ကိုင်း မန္တလေးလမ်းကို စစ်ကြောင်းအလိုက် သွားလာတာနည်းသွားသလို ချင်းတွင်းမြစ်အနောက်ဘက် မုံရွာ ပုလဲ ဂန့်ဂေါ်လမ်းကိုလည်း အရင်ကလို သွားလာတာနည်းလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အခုလို စစ်ကောင်စီဘက်က စစ်ဆင်ရေးတွေလုပ်ပြီး စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပေမယ့် ဒီပဲယင်းမြို့ပေါ် နဲ့ ယင်းမာပင်မြို့နယ်ကျေးရွာတွေ စစ်ကိုင်းတိုင်းအစွန်က ကလေးမြို့တို့မှာ ဆန္ဒပြတာတွေရှိသလို ကလေးမြို့ နဲ့အိန္ဒိယနယ်စပ် တမူးကားလမ်းကိုလည်း ဒေသခံတပ်တွေက အသွားအလာမလုပ်ကြဖို့ သတိပေးထုတ်ပြန်တာတွေ ရှိပါတယ်။