အလင်္ကာပုလဲပန်း တပ်တော်ဦးဆီမျှော်လိုက်ပြန်တော့

သစ်လုံးတွေတွဲထားရင်စုထားရင် သစ်လုံးတပ်၊ စစ်သားတွေတွေတွဲထားစုထားရင် စစ်တပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သစ်လုံးတွေတွဲထားရင်စုထားရင် သစ်လုံးတပ်၊ စစ်သားတွေတွေတွဲထားစုထားရင် စစ်တပ်

ကိုသိမ်းမြတ်

ဘီဘီစီမြန်မာပိုင်း

ဆရာကြီးမြို့မညိန်းရေးပြီး ပြည်လှဖေဆိုတဲ့ နတ်သျှင်နောင်သီချင်းရဲ့အစမှာ “တပ်တော်ဦးဆီမျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစားကြွားတလူလူဝေ” လို့ရေးထားပါတယ်။ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ ရတနာပုံ၏ နိဒါန်းနှင့်နိဂုံးစာအုပ်မှာလည်း တပ်တော်ဆိုတဲ့အသုံးအနှုန်းကို အကြိမ်ပေါင်းများစွာတွေ့ရပါတယ်။ “ညီတော်ကနောင်မင်း၏တပ်တော်” “မင်္ဂလာတပ်တော်” “မင်းတုန်းကနောင်နှိမ်နင်းရေးတပ်တော်ကြီး” စသည်ဖြင့် ရေးသားသုံးစွဲထားပါတယ်။

တပ်မတော်နဲ့တပ်တော်

နောက်ပိုင်းမှာတော့ တပ်မတော်ဆိုတဲ့အသုံးအနှုန်းက တော်တော်တွင်ကျယ်လာပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့တပ်မတော်၊ မြန်မာ့တပ်မတော် စတဲ့အသုံးအနှုန်းတွေပေါ်ထွက်လာပါတယ်။ မြန်မာ့တပ်မတော်ဟာ အခုအခါအာဏာသိမ်းထားတဲ့တပ်မတော်ရဲ့ အမည်ဖြစ်ပါတယ်။ ဒါပေမဲ့တခြားစစ်တပ်တွေကလည်း တပ်မတော်လို့သုံးစွဲကြပါတယ်။ ဥပမာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့တပ်မတော် စတဲ့နာမည်တွေမှာလည်း တပ်မတော်လို့သုံးစွဲကြပါတယ်။

ရခိုင်ပြည်မှာ တပ်အသစ်ဖွဲ့စည်းပြီး AA ပေါ်ပေါက်လာချိန်မှာတော့ တပ်တော်ဆိုတဲ့အသုံးကို ပြန်လည်ဖော်ထုတ်လာပါတယ်။ ရက္ခိုင့်တပ်တော်လို့ AA ကခေါ်ဝေါ်သုံးစွဲပါတယ်။

မြန်မာစာအဖွဲ့က ဆရာကြီးဦးထွန်းတင့်ကတော့ တပ်မတော်နဲ့ တပ်တော်ကို အခုလိုနှိုင်းယှဉ်ပြောဆိုပါတယ်။

“အရင်တုန်းကတော့ တပ်တော်လို့သုံးကြတာပါ။ ရှေးမြန်မာဘုရင်တွေခေတ်ကအသုံးပေါ့။ နောက်ပိုင်းမှ တပ်မတော်လို့သုံးလာကြပါတယ်။ မူရင်းကတော့ တပ်ပါပဲ။ တပ်ကိုပဲ ဘုရင့်တပ်လို့ပြောချင်တော့ တော်ဝင်တယ်လို့ ပြောချင်တော့ တပ်တော်လို့သုံးလာကြတာပေါ့။ ဒါပေမဲ့ဒါကိုပဲပိုကြီးစေချင်တော့ “မ” ကို ထည့်လိုက်တာပေါ့။ တပ်မတော်၊ တပ်ကြီးတော်ပေါ့ဗျာ။ “မ” ကကြီးတာကိုပြောတာပေါ့။ “တော်” ကတော့မြင့်မြတ်တာ တော်ဝင်တာပေါ့။ ပိုပြီးခမ်းနားသွားအောင် “မ” ထည့်ပြီး တပ်မတော်လို့ပြောတာပေါ့။ ရခိုင်ကတော့ ဒီတပ်မတော်ရဲ့ လုပ်ရပ်တွေကို ဆိုးဝါးတယ်လို့ခံစားရလို့ ခွဲသုံးတာဖြစ်ချင်ဖြစ်မှာပေါ့။ တပ်တော်ဆိုတာကပိုပြီးတော့လည်း ရင်းမြစ်ကျတာပေါ့။ “မ”ကတော့ နောက်မှထည့်ကြတာပါ။”

“မ”တို့ “မား”တို့ဟာ ကြီးမားတဲ့အဓိပ္ပာယ်ထွက်ပါတယ်။ လက်ချောင်းခြေချောင်းလေးတွေထဲမှာ ကြီးတဲ့အချောင်းကို “လက်မ”၊ “ခြေမ” လို့ခေါ်ပါတယ်။ အခန်းထဲမှာ ပိုကြီးတဲ့အခန်းကို “ခန်းမ” လို့ခေါ်ပါတယ်။ ဓားတွေထဲမှာပိုကြီးတဲ့ဓားကို “ဓားမ” လို့ခေါ်ပါတယ်။ တပ်တွေထဲမှာပိုကြီးတဲ့တပ်ကို “တပ်မ” လို့ခေါ်တဲ့သဘောနဲ့ သုံးစွဲတာပဲဖြစ်ပါမယ်။ ဒါပေမဲ့ တပ်မတော်လို့ “တော်” နဲ့တွဲစပ်ပြီးသုံးတဲ့အခါ မတော်မတည့်တဲ့အခါမှာပြောတဲ့ “မတော်”နဲ့ အသံထွက်ချင်းတူညီနေတဲ့အတွက်လည်း ရခိုင်က တပ်တော်လို့သုံးစွဲတာဖြစ်ချင်ဖြစ်နိုင်ပါတယ်။

တပ်ရဲ့အနက်အဓိပ္ပာယ်

စစ်တပ်ဆိုတဲ့စကားမှာ “စစ်” ဟာ အနက်သိပ်မထင်ရှားဘူးလို့ အရင်ဆောင်းပါးမှာပြောခဲ့ပါတယ်။ ဒါပေမဲ့ “တပ်” ရဲ့အနက်ကတော့ ထင်ရှားပါတယ်။

“တပ်ကတွဲတာပါပဲ။ တပ်ဆိုတာ တခုနဲ့တခုအများအပြားတွဲစပ်ထားတာပါပဲ။ သစ်လုံးတွေတွဲထားရင် သစ်တပ်ပေါ့။ ထန်းလုံးတွေတွဲထားရင် ထန်းလုံးတပ်ပေါ့။ စစ်သားတွေအများအပြားတွဲစပ်ထားတော့ စစ်တပ်ပေါ့။” လို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။

တခြားနေရာတွေမှာလည်း အများအပြားတွဲစပ်ထားရင် တပ်လို့သုံးလေ့ရှိပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်းမှာ အလုပ်သမားတွေအများအပြားချီတက်လာတော့ အလုပ်သမားတပ်ဖွဲ့ကြီးလို့သုံးပါတယ်။ လယ်သမားတပ်လို့လည်း သုံးပါတယ်။ သပိတ်တပ်လို့လည်း သုံးပါတယ်။

ကြက်တိုက်တဲ့ပွဲလို့ခေါ်နိုင်ပေမဲ့ ကြက်စစ်ပွဲလို့မခေါ်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြက်တိုက်တဲ့ပွဲလို့ခေါ်နိုင်ပေမဲ့ ကြက်စစ်ပွဲလို့မခေါ်နိုင်

စစ်ပွဲနဲ့တိုက်ပွဲ

စစ်ရဲ့အနက်ကမထင်ရှားပေမဲ့ တိုက်ပွဲမှာပါတဲ့ တိုက်ရဲ့အနက်ကတော့ ထင်ရှားပါတယ်။ တိုက်ရဲ့အနက်ကို ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။

“တိုက်ဆိုတာထိတွေ့တာပါပဲ။ ထိတွေ့တာမှန်သမျှကို တိုက်တယ်လို့ခေါ်ပါတယ်။ ထိမိသွားတာကို တိုက်တယ်လို့ခေါ်ပါတယ်။ ဒူးနဲ့ထိတွေ့ပေးလိုက်တော့လည်း ဒူးနဲ့တိုက်တယ်လို့ခေါ်ပါတယ်။ ရှေ့မှာနံရံရှိလို့နံရံနဲ့ထိမိတော့လည်း နံရံနဲ့တိုက်တယ်လို့သုံးပါတယ်။”

အနက်ကတော့ တိုက်ဆိုတာ ထိတာပါပဲ။ ဆရာတော်ဦးကောသလ္လကလည်း အလားတူပဲဖွင့်ဆိုပါတယ်။ အဓိပ္ပာယ်မှာတော့ တိုက်ပွဲနဲ့စစ်ပွဲဟာ တထပ်တည်း နည်းပါးတူညီပါတယ်။ လုံးဝတထပ်တည်းတော့မဟုတ်ပါဘူး။ စစ်ပွဲကပိုကြီးပါတယ်။ တိုက်ပွဲကပိုသေးငယ်ပုံရပါတယ်။ စစ်ပွဲကြီးတခုလုံးထဲမှာရှိတဲ့ သေးငယ်တဲ့ထိတွေ့မှုတခုချင်းကို တိုက်ပွဲလို့ ခေါ်ပါတယ်။ စစ်ကောင်စီစစ်သားတွေနဲ့ ဒေသခံပြောက်ကျားတွေတိုက်ပွဲဖြစ်တယ်လို့ သုံးစွဲကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်မြန်မာပထမတိုက်ပွဲလို့တော့မသုံးပါဘူး။ အင်္ဂလိပ်မြန်မာပထမစစ်ပွဲလို့သာသုံးပါတယ်။ ပထမကမ္ဘာစစ်လို့သာသုံးပါတယ်။ ပထမကမ္ဘာ့တိုက်ပွဲလို့တော့မသုံးပါဘူး။ လူတယောက်နဲ့ တခြားတယောက်ရန်ဖြစ်တာကို စစ်ပွဲလို့သုံးလို့မရပါဘူး။ တိုက်ပွဲလို့တော့သုံးလို့ရပါတယ်။ ကြက်နှစ်ကောင်ခွပ်တာကို ကြက်တိုက်တယ်လို့သုံးပါတယ်။ ကြက်စစ်ပွဲလို့တော့ သုံးလို့မရပါဘူး။ နွားချင်းအဝှေ့ပြိုင်တာကို နွားတိုက်ပွဲလို့သုံးပါတယ်။ နွားစစ်ပွဲလို့တော့ မသုံးနိုင်ပါဘူး။

တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ရန်သူ၊ မိတ်ဆွေ

တခုနဲ့တခုထိတွေ့တာကို တိုက်တယ်လို့ဆိုကြောင်းပြောခဲ့ပါတယ်။ လူတစုနဲ့တစု ရန်ဖြစ်တာကို တိုက်ပွဲလို့လည်း သုံးပါတယ်။ ရန်ပွဲလို့လည်း သုံးပါတယ်။ အိမ်တအိမ်ကို ဓားပြကဝင်ရောက်လုယက်တာကို ဓားပြတိုက်တယ်လို့သုံးပါတယ်။ ရန်ဖြစ်တယ်လို့တော့ မသုံးပါဘူး။ ဒီနေ့ခေတ်မှာ ရန်သူ၊ မိတ်ဆွေကွဲပြားဖို့လိုတယ်လို့ မကြာခဏပြောတတ်ပါတယ်။ အဲဒီရန်သူမိတ်ဆွေစကားတွေရဲ့ ရင်းမြစ်ကရောဘယ်လိုရှိပါသလဲ။

ဆရာကြီးဦးထွန်းတင့်က “ရန်ဆိုတာက စောင်တာ၊ ယှဥ်တာကိုပြောတာ။ အဲဒါကြောင့် ရန်စောင်တယ်လို့လည်းပြောတယ်မဟုတ်လား။ ရန်ဆိုတာ ယှဥ်တယ်လို့ပြောရာမှာ နှစ်ခုယှဉ်ထားရင် ရန် ပဲဗျာ။ အဲဒါကြောင့် ဖိနပ်နှစ်ဖက်ယှဉ်ထားတာကို ဖိနပ်တရန်လို့ပြောတာပဲ။ လက်ကောက်နှစ်ကွင်းကို တရန်လို့သုံးပါတယ်။” လို့ပြောပါတယ်။

ရန်နဲ့ရံဟာလည်း မကြာခဏမှားလေ့ရှိပါတယ။ ရန်ဟာယှဥ်တွဲထားတာကိုရန်လို့သုံးပါတယ်။ ရည်ရွယ်ထားတာကိုလည်း ရန်လို့သုံးပါတယ်။ ဥပမာရန်ပုံငွေမှာသုံးတဲ့ရန်ဟာ တခုခုပြုလုပ်ရန် ရည်ရွယ်ထားတာမို့ နငယ်သတ်နဲ့ ရန်တာဖြစ်ပါတယ်။ သေးသေးတင်ရံကတော့ ခြံရံထားတာကိုပြောတာပါ။ ဒါ့ကြောင့် အခြွေအရံကို သေးသေးတင်နဲ့ပေါင်းပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလိုဥပမာပေးပါတယ်။

သတိုးသားအရံကို သတိုးသားအရန်လို့ ရေးရင် သတိုးသားနေရာ အစားထိုးဝင်ရောက်နိုင်တဲ့သူ အဓိပ္ပာယ်သက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတိုးသားအရံကို သတိုးသားအရန်လို့ ရေးရင် သတိုးသားနေရာ အစားထိုးဝင်ရောက်နိုင်တဲ့သူ အဓိပ္ပာယ်သက်ရောက်

“ဥပမာ သတိုးသားအရံ၊ သတိုးသမီးအရံဆိုရင် သေးသေးတင်နဲ့ရံဖို့ အရေးကြီးပါတယ်။ အခြံအရံပါ။ သတိုးသားအရန်၊ သတိုးသမီးအရန်ဆိုရင်တော့ အရန်ဘောလုံးသမားဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်သွားမယ်။ သတိုးသားတခုခုဖြစ်ရင် သူက အစားဝင်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်။ သတိုးသမီးအရန်ဆိုရင်လည်း သတိုးသမီးမူးလဲသွားတာတို့ ဒဏ်ရာရသွားတာတို့ဖြစ်သွားရင် သူကအစားဝင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်။”

သတ်ပုံကြောင့် အဓိပ္ပာယ်ပြောင်းလဲသွားနိုင်ပုံကို ဆရာကြီးဦးထွန်းတင့်က ဟာသနှောပြီးပြောပါတယ်။

“အရင်တုန်းက ထီးရန်နန်းရန်လို့ သုံးတာမျိုးရှိသလို ထီးရံနန်းရံလို့ သုံးတာမျိုးလည်း ရှိခဲ့တယ်။ စော်ဘွားတွေ၊ စော်ကန်တွေ လက်အောက်ခံပဏ္ဏာဆက်သတဲ့ ပဒေသရာဇ်ငယ်တွေကို ထီးရံနန်းရံလို့သုံးတယ်။ ထီးနန်းရဲ့အခြံအရံတွေလို့ပြောတာ။ အိမ်ရှေ့မင်းသားကိုကျတော့ ထီးရန်နန်းရန်လို့ ရေးတယ်။ အဲဒီရန်ဟာ လျာနဲ့ အတူတူပဲ။ ထီးအတွက် နန်းအတွက် လျာထားတာ၊ ထီးနန်းတက်ရန်ရည်ရွယ်ထားတာမို့ ထီးရန်နန်းရန်လို့ရေးတာ။”

မိတ်ဆွေဆိုတဲ့စကားလုံးကတော့ ပါဠိမြန်မာတွဲစပ်ထားတာဖြစ်ပါတယ်။ မိတ်က ပါဠိသက်လို့ အများယုံကြည်ကြပါတယ်။ မိတ္တဆိုတဲ့ပါဠိစကားကလာတယ်လို့ယူဆကြပါတယ်။ ဆွေက ဗမာစကားစစ်စစ်ပါ။

“ဆွေဆိုတာ ဆက်စပ်တယ်လို့ပြောတာပါပဲ။ အရင်က မိတ်ဆွေလို့သုံးတာထက် အဆွေတို့ အဆွေတော်တို့ကို ပိုအသုံးများပါတယ်။ ဆွေမျိုးကဆွေနဲ့လည်း အတူတူပါပဲ။ ဆွေဆိုတာ ဆက်စပ်တာ။ ဆွေနဲ့ဆွယ်လည်း အတူတူပဲ။ ဆွယ်ဆိုတာလည်း ဆက်စပ်တာပဲ။ ကျွန်းဆွယ်ဆိုတဲ့ဆွယ်က အဲဒါပဲ။ အောင်သွယ်တာမဲဆွယ်တာဒါလေးဝယ်ပါဦးလို့ ဆွယ်တာ ဆွဲဆောင်တာလည်း ဆက်စပ်တာပါပဲ။”

ဗမာစကားမှာ အသံထွက်တခုချင်းဟာ အဓိပ္ပာယ်ကိုယ်စီရှိကြတယ်ဆိုပေမဲ့ အနက်ဖော်ရာမှာ အကိုးအကား အခိုင်အမာမပြနိုင်သေးတဲ့စကားလုံးတွေ အများအပြားရှိပါတယ်။ တချို့စကားလုံးတွေကို အနက်ဖော်ရာမှာ စာဟောင်းအကိုးအကားမပြနိုင်ပေမဲ့ ကျိုးကြောင်းယုတ္တိအလွန်ဆီလျော်အောင် ဖော်ထုတ်ပြောဆိုနိုင်ပါတယ်။ တချို့စကားလုံးတွေကိုတော့ စိတ်ကျေနပ်လောက်အောင် ကျိုးကြောင်းမပြနိုင်သေးတာတွေရှိနေပါတယ်။ တချို့ဘယ်သူမှ စဉ်းစားကြံဆဖူးခြင်းမရှိသေးတဲ့စကားလုံးတွေလည်း အများအပြားကျန်ရှိနေပါသေးတယ်။