အလင်္ကာပုလဲပန်း “စစ်” ဆိုတာဘာလဲ

မီးရှို့ဖျက်ဆီးခံထားရတဲ့ကျေးရွာတရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံထားရတဲ့ကျေးရွာတရွာ

ကိုသိမ်းမြတ်

ဘီဘီစီ မြန်မာပိုင်း

ဒီနေ့ခေတ်မှာ လူအများမကြုံမတွေ့မကြားမမြင်လိုပေမဲ့၊ ကြုံတွေ့ကြားမြင်ရဆုံးဖြစ်နေတဲ့ စကားတလုံးကတော့ “စစ်” ဆိုတဲ့စကားပါပဲ။ အသုံးများတွင်ကျယ်သလောက် တခွန်းတည်း၊ တချက်တည်းနဲ့ ဒက်ကနဲ နားလည်နိုင်တဲ့စကားလုံးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစကားဘယ်ကလာသလဲဆိုတဲ့ အနက်ဗျုပ္ပတ်ကို ကုတ်ကတ်ရှာဖွေကြည့်တဲ့အခါ တော်တော်ခက်ခဲကတ်သပ်တဲ့စကားလုံးတလုံးဖြစ်နေတာကို တွေ့ရပါတယ်။

အနက်မထင်ရှားတဲ့ “စစ်” ဆိုတဲ့စကား

“စစ်” နဲ့နီးစပ်တဲ့ ဆက်စပ်တဲ့စကားလုံးတွေကို လေ့လာကြည့်မယ်ဆိုရင် ရေစစ်သလို စစ်ထုတ်တဲ့“စစ်” ၊ စစ်ဆေးတဲ့နေရာမှာသုံးတဲ့“စစ်” ၊ ဆန်းစစ်တဲ့နေရာမှာသုံးတဲ့ “စစ်” ၊ စစ်ကြောတဲ့နေရာမှာသုံးတဲ့“စစ်” ၊ အစစ်အမှန်ကိုညွှန်းတဲ့ “စစ်” တွေကို တွေ့ရပါတယ်။ အဲဒီစစ်တွေနဲ့ အလျှံတငြီးငြီးလောင်ကျွမ်းတတ်တဲ့စစ်မီးဟာ ဆက်စပ်ကောင်းဆက်စပ်နိုင်ပါတယ်။ စာလုံးတူရင် အနက်လည်းတခုတည်းပဲထွက်လေ့ရှိရိုးကများတာမို့ ဆက်စပ်တန်ကောင်းရဲ့လို့ ဆိုရပေမဲ့ ဆက်စပ်ပြဖို့ ခက်နေပါတယ်။ ဆက်စပ်ကြောင်းသက်သေပြနိုင်လောက်တဲ့ ကျေနပ်ဖွယ် အထောက်အထားလည်းမတွေ့။ ကျေနပ်ဖွယ် ကျိုးကြောင်းယုတ္တိကိုလည်း ရှာမရဘဲဖြစ်နေပါတယ်။

ဆရာတော်ဦးကောသလ္လ၊ ကျော်အောင်စံထားဆရာတော်ကြီး၊ ဝဇီရဗုဒ္ဓိဦးဖိုးစိန်၊ ဦးဖိုးလတ် အစရှိတဲ့ ဝေါဟာရင်းမြစ်ဆိုင်ရာ ပါရဂူကြီးများရဲ့စာအုပ်တွေထဲမှာ မွှေနှောက်ရှာဖွေကြည့်ပေမဲ့လည်း အချိန်ကုန် ခေါင်းမူးတာပဲအဖတ်တင်ပါတယ်။ ရှေးကဆရာကြီးများရဲ့ အနက်ဖွင့်ဆိုချက်ကို ရှာမတွေ့ရပါဘူး။ ဒီတော့ ဝေါဟာရ ရင်းမြစ်နဲ့ပတ်သက်တဲ့ သက်ရှိထင်ရှားဆရာကြီးတဆူဖြစ်သူ ဒေါက်တာဦးထွန်းတင့်ကိုပဲ ဆက်သွယ်မေးမြန်းရပါတယ်။ ဆရာကြီးကိုယ်တိုင်ကလည်း ဒီဝေါဟာရဟာ အနက်ထင်ရှားပေါ်လွင်တဲ့စကားမဟုတ်ဘူးဆိုတာ လက်ခံပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

“စစ်” ဆိုတာ စီတဲ့စဉ်တဲ့သဘောလား

အနက်မထင်ရှားပေမဲ့ ဆရာကြီးဦးထွန်းတင့်က သူ့ရဲ့ကြံဆတွေးတောချက်ကို အခုလိုပြောပါတယ်။

“ဒီစကားလုံးနဲ့ပတ်သက်ပြီး ထပ်တော့စစ်ပါဦးမယ်။ ဒါပေမမဲ့ စသတ်ဆိုရင် ဉလေးသတ်နဲ့ ညကြီးသတ်နဲ့စဉ်းစားလို့ရတာပေါ့လေ။ အဲဒီနည်းနဲ့ အဖြေရှာကြည့်ရင်တော့ “စစ်” နဲ့ “စဉ်”ဟာ ဆက်စပ်နိုင်တယ်။ စကားလုံးတလုံးဟာ သူ့ဘာသာအနက်မထင်ရှားမပေါ်လွင်ရင် ပထမအက္ခရာအသတ်နဲ့ ပဉ္စမအက္ခရာအသတ်ကို ဖလှယ်စဉ်းစားရပါတယ်။ အနက်ဗျုပ္ပတ်ကို ဒီလိုစဉ်းစားရတဲ့နည်းကိုတော့ ကိုသိမ်းမြတ်လည်းသိပြီးသားပါ။ ပရိသတ်ကိုလည်း ခဏခဏ ရှင်းပြဖူးပါတယ်။ ဒီတော့ “စစ်”ဆိုရင် “စဉ်”တာလည်း ဖြစ်နိုင်တာပေါ့။ “စဉ်”တယ်ဆိုတာလည်း တခုနဲ့ တခုကပ်တာပါပဲ။ စီစဉ်တဲ့”စဉ်”ပေါ့။ “တပ်” ဆိုတဲ့စကားနဲ့လည်း သဘောချင်းနီးစပ်တာပေါ့။ “စဉ်”ထားတယ်၊ “စီ”ထားတယ်ဆိုတာ တွဲကပ်တဲ့သဘောပဲ။ စစ်သားတွေဟာ တန်းစီပြီးတွဲထားတဲ့ဟာပဲမဟုတ်လား။ ကိုယ်ပိုင်နံပါတ်တွေနဲ့ စီစဉ်ထားတာပဲမဟုတ်လား။ တခြားပိုကောင်းတဲ့အဖြေမတွေ့သေးရင်တော့ ဒါလေးက လက်ခံနိုင်လောက်မဲ့ အဖြေပါပဲ။”

မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ အပိုင်း (က)
ဓာတ်ပုံ ပုံစာ, မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ အပိုင်း (က)

စွယ်စုံကျမ်းထဲက“စစ်”

ဆရာကြီးဦးထွန်းတင့်ရဲ့ ဒီအယူအဆနဲ့ နီးစပ်တဲ့ အတွေးအခေါ်အယူအဆတခုကို စွယ်စုံကျမ်းထဲမှာ သွားတွေ့မိပါတယ်။ စွယ်စုံကျမ်းအတွဲ ၄ အပိုင်း (က) ထဲမှာစစ်ပညာနဲ့ပတ်သက်ပြီး ရေးသားရာမှာ အခုလိုဖော်ပြထားတာတွေ့ရပါတယ်။

“(စစ်ဟူသည်) စစ်မြေပြင်တွင် အလုံးအရင်း သိပ်သိပ်ကြပ်ကြပ်စီကာ လေးလံစွာ ရန်သူထံချဉ်းကပ်၍ အစည်းမပြေဘဲ တိုက်ခိုက်ခြင်းကို အဓိကပြုကြ၏။”

“စစ်” ဆိုတာ စီကာစဉ်ကာစည်းလုံးစွာတိုက်ခိုက်ခြင်းလို့ ယူဆတဲ့သဘောလို့ ဆိုနိုင်ပါလိမ့်မယ်။

“စစ်” ဆိုတဲ့စကားလုံးဟာ တကယ်တော့ အနက်မထင်ရှားရုံသာမက အဓိပ္ပာယ်လည်း ကွက်ကွက်ကွင်းကွင်းမပေါ်လွင်လှပါဘူး။ “စစ်” ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ အာရုံထဲမှာပေါ်လာတတ်တဲ့မြင်ကွင်းတွေကို ဒီ“စစ်” ဆိုတဲ့စကားလုံးက ထင်ရှားအောင် မဖော်ကျူးနိုင်သလို ဖြစ်နေပါတယ်။ “စစ်” လို့ပြောလိုက်ရင် အာရုံမှာထင်လာတတ်တဲ့ အကြောင်းအရာတွေက ၁။ တိုက်ခိုက်ခြင်း ၂။ သတ်ဖြတ်ခြင်း၊ သေဆုံးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း ၃။ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း ၄။ ယှဉ်ပြိုင်ခြင်း၊ အနိုင့်အထက်ပြုခြင်း ၅။ အစီအစဉ်ချမှတ်လုပ်ဆောင်ခြင်း ဆိုတာတွေပါ။ “စစ်” ဆိုတဲ့စကားလုံးထဲမှာ နံပါတ် ၁ ကနေ ၄ အထိအဓိပ္ပာယ်တွေ မထင်ရှားပါဘူး။ နံပါတ် ၅ အဓိပ္ပာယ်သာထင်ရှားနေပါတယ်။

ပါဠိသက်စကားဖြစ်နိုင်သလား

“စစ်” နဲ့တော်တော်ဆက်စပ်တဲ့ ပါဠိသက်ဝေါဟာရ တခုကို စဉ်းစားမိပါတယ်။ အဲဒါကတော့ စစ်ဘုရင်ကစားနည်းဆိုတဲ့ မြန်မာစကားပါ။ ကစားတာကလည်း စစ်ဆင်၊ စစ်ထိုးသလို စစ်ကဲတွေ၊ မြင်းတွေ၊ ဆင်တွေ၊ အမြောက်တွေနဲ့ ဗျူဟာချကစားရတာပါ။ အင်္ဂလိပ်ချက်စ်ကစားနည်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါကို စစ်ဘုရင်ကစားနည်းလို့ ခေါ်သလို စစ်တုရင် ကစားနည်းလို့လည်းခေါ်ပါတယ်။ ဒီစကားလုံးရဲ့ မူလရင်းမြစ်ကတော့ စတုရင်္ဂဆိုတဲ့ပါဠိစကားလုံးပါ။ စတုနဲ့ အင်္ဂကိုပေါင်းထားတာပါ။ အင်္ဂါရပ်လေးခုဖြစ်ပါတယ်။ စစ်အင်္ဂါလေးမျိုးကို ဆိုလိုပါတယ်။ စတုရင်္ဂကနေ ၊ စတုရင်ဖြစ်၊ စတုရင်ကနေ စစ်တုရင်၊ စစ်တုရင်ကနေ စစ်ဘုရင် ဖြစ်တယ်ဆိုတာ လွဲနိုင်စရာမရှိပါဘူး။ ဒီတော့ “စစ်” ဆိုတဲ့စကားဟာ စတုရင်္ဂဆိုတဲ့ ပါဠိစကားလုံးကများလာသလားလို့ တွေးတောမိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ တော်တော်နည်းတယ်လို့ ထင်မိပါတယ်။ ဆရာကြီးဦးထွန်းတင့်ကလည်း လက်ခံမယ်မထင်ပါဘူး။

ဆရာကြီးဦးထွန်းတင့်ကတော့ “စစ်” ဆိုတဲ့စကားဟာ မြန်မာစကားစစ်စစ်လို့သာ ယူဆမှာဖြစ်ပါတယ်။