မက်ဂါဝါလို့ အမည်ရတဲ့ မိုင်းရှင်း သူရဲကောင်းကြွက် ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, PDSA
မိုင်းရှင်းတဲ့ ကြွက်အဖြစ် နာမည်ကျော်ကြားပြီး သူ့ရဲ့ ရဲစွမ်းသတ္တိအတွက် ရွှေတံဆိပ်လည်း ချီးမြှင့်ခံရဖူးတဲ့ မက်ဂါဝါ (Magawa) ဟာ အသက် ၈ နှစ်အရွယ်မှာ ကွယ်လွန် သွားပါပြီ။ သူ အလုပ်တာဝန်ထမ်းဆောင်တဲ့ ၅နှစ်တာကာလအတွင်း မိုင်းနဲ့ ပေါက်ကွဲစေတဲ့ အရာတွေ စုစုပေါင်း ၁၀၀ ကျော်ကို သူက အနံ့ခံပြီး ရှာဖွေပေးခဲ့ပါတယ်။
ဘယ်လဂျီယံက ပရဟိတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Apopo ကလေ့ကျင့်ပေးထားတဲ့ ကြွက်တွေ ထဲမှာ မက်ဂါဝါက စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်ပြီး မိုင်းလို့ မသင်္ကာရင် သူက အချက်ပေးတဲ့အတွက် သူ့နဲ့အတူ အလုပ်လုပ်တဲ့လူတွေက မိုင်းကို အန္တရာယ်မရှိတော့ အောင်ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြပါတယ်။
အာဖရိကမျိုးရင်း ဒီကြွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က "ငြိမ်းချမ်းစွာနဲ့ ကွယ်လွန် သွားပါတယ် "လို့ Apopo က ထုတ်ပြန်ပါတယ်။
မက်ဂါဝါဟာ ကျန်းမာရေးကောင်းမွန်ခဲ့တယ်၊ "ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အများစု အချိန်တွေမှာ သူ ပုံမှန်လှုပ်ရှားကစားနေခဲ့ပါတယ်"၊ ဒါပေမဲ့ သီတင်းပတ် အကုန်နေ့ တွေမှာတော့ "သူ့ရဲ့လှုပ်ရှားမှုတွေ နှေးလာတယ်၊ သူ့ရဲ့နောက်ဆုံးရက်တွေမှာ အိပ်တဲ့ အချိန်လည်းပိုများလာသလို၊ စားဖို့ကိုလည်း စိတ်ဝင်စားတာနည်းလာတယ်"လို့ အဲဒီ ပရဟိတအဖွဲ့က ပြောပါတယ်။
တန်ဇန်နီးယားနိုင်ငံမှာ ကြီးပြင်းလာခဲ့တဲ့ မက်ဂါဝါဟာ မိုင်းအနံ့ခံဖို့ ကမ္ဘောဒီးယားမှာ တာဝန်မစခင် တနှစ်ကြာ သင်တန်းယူခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ ထောင်ထားပြီး မရှင်းရသေးတဲ့ မိုင်းအလုံးပေါင်း ၆ သန်းလောက်ရှိတယ်ဆိုတဲ့ နိုင်ငံပါ။
ပေါက်ကွဲစေတဲ့အရာတွေအတွင်းက ဓာတုဒြပ်ပေါင်းကိုအနံ့ခံပြီး သိနိုင်အောင်အတွက် လေ့ကျင့်ထားပေးတဲ့ မက်ဂါဝါဟာ စတုရန်းပေပေါင်း ၁,၅၁၇,၇၁၁ အကျယ်အဝန်းရှိတဲ့ မြေဧရိယာ (ဘောလုံးကွင်းနဲ့ ဆိုရင် ကွင်း ၂၀ စာလောက်ရှိတဲ့ မြေအကျယ်အဝန်း) ကို မိုင်းကင်းစင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။
သူက ကိုယ်အလေးချိန် ၁.၂ ကီလိုဂရမ်လောက်ရှိပြီး ကိုယ်အရှည်က ၂၈ လက်မရှည် ပါတယ်။ ကြွက်မျိုးထဲမှာ ကြွက်ကြီးမျိုးဖြစ်ပေမယ့် တကယ်လို့ သူ မိုင်းပေါ်ဖြတ်သွားမိရင် တောင် မိုင်းထမကွဲနိုင်လောက်အောင် သူ့ကိုယ်ကသေးပြီး အလေးချိန်က ပေါ့ပါတယ်။
မိနစ် ၂၀ လောက်အချိန်အတွင်းမှာ တင်းနစ်ကွင်းအကျယ်လောက်ရှိတဲ့ ကွင်းပြင်မှာ မိုင်းရှိ၊ မရှိ သူပြီးအောင်ရှာနိုင်ပါတယ်။ အဲဒီအကျယ်အဝန်းလောက်နေရာကို တကယ်လို့ လူက မိုင်းရှာ ကိရိယာသုံးပြီး ရှာမယ်ဆိုရင် အချိန် ၁ ရက်ကနေ ၄ ရက်အထိ ယူရတယ်လို့ Apopo ကပြောပါတယ်။
၂၀၂၀ ခုနှစ်မှာ မက်ဂါဝါဟာ သူ့ ဘဝတသက်တာ စွမ်းဆောင်မှုတွေအတွက် PSDA အဖွဲ့က ချီးမြှင့်တဲ့ ရွှေတံဆိပ်ကိုရရှိခဲ့ပါတယ်။ ဒီတံဆိပ်ဟာ တိရစ္ဆာန်တွေအဖို့ (လူသားတွေ ရကြ တဲ့) ဂျော့ချခရော့စ် (George Cross) သူရဲကောင်းဘွဲ့ပါပဲလို့ နှိုင်းယှဉ် ဆိုကြပါတယ်။ PSDAအဖွဲ့ဟာ သတ္တိ၊ ဗျတ္တိကောင်းတဲ့ တိရစ္ဆာန်တွေကို ဆုချီးမြှင့်လာတာ နှစ်ပေါင်း ၇၇ သမိုင်းရှိပြီး ကြွက်တကောင်ကို ချီးမြှင့်တာမျိုးက မက်ဂါဝါကို ချီးမြှင့်တာက ပထမဆုံးပါ။
မက်ဂါဝါ အသက်ကြီးလာတဲ့အတွက် "သွားလာလှုပ်ရှားတာတွေ နှေးလာ"တဲ့အလျောက် မနှစ် ဇွန်လပိုင်းမှာ သူ အလုပ်ကနေ အငြိမ်းစားယူလိုက်ပါတယ်။
"Apopo အဖွဲ့သူအဖွဲ့သား အားလုံး မက်ဂါဝါကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ကြရတာနဲ့ အတူ သူထမ်းဆောင်ခဲ့တဲ့ ကြီးမြတ်တဲ့စွမ်းဆောင်မှုတွေအတွက် သူ့ကို ကျေးဇူး အထူးတင်ကြတယ်" လို့ အဲဒီပရဟိတအဖွဲ့က ဆိုပါတယ်။
ကမ္ဘောဒီးယားက ပြည်သူတွေ အသက်ဆုံးရှုံးရမှာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးရမှာကို မပူပင်ရတော့ပဲ အေးအေးဆေးဆေး နေထိုင်၊ လုပ်ကိုင်နိုင်စေအောင်၊ (ကလေး သူငယ်တွေ)စိတ်ချလက်ချ ကစားနိုင်အောင်အတွက် "အံ့သြစရာ အနံ့ခံအာရုံ"ကို သူပိုင်ဆိုင်ခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။
Apopo ဟာ ၁၉၉၀နှစ်တွေပိုင်းက စပြီး မြေမြှုပ်မိုင်းတွေကို အနံ့ခံနိုင်အောင် ကြွက်တွေကို သင်တန်းပေးပျိုးထောင်ခဲ့ပြီး ဒီကြွက်တွေဟာ သူရဲကောင်းကြွက်တွေ (HeroRATs) လို့ ကျော်ကြားကြပါတယ်။








