ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး

ဒီဇင်ဘာလ ၂၄ ရက်နေ့က အခုလို အစုလိုက်သတ်ခံရတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၂၄ ရက်နေ့က အခုလို အစုလိုက်သတ်ခံရတာဖြစ်

ဖရူဆိုမြို့နယ်ထဲက အစုလိုက်အပြုံလိုက်သတ်ဖြတ် မီးရှို့ခံခဲ့ရတဲ့ ရုပ်အလောင်းတွေဟာ ဒီကနေ့အထိ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ မသယ်နိုင်သေးပဲ အဲ့ဒီ့နေရာမှာပဲ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်၊

အခင်းဖြစ်တဲ့ မိုဆိုကျေးရွာနားတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုတွေ ဆက်တိုက်ရှိသလို၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက် ပစ်ခတ်မှုတွေကလည်း ဆက်ရှိနေတာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်း တွေကို သယ်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ မြေပြင်သိရှိသူတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အခင်းဖြစ်ရာနေရာကို ကပ်သွားနိုင်ပေမယ့် အလောင်းတွေကို ကောက်ယူဖို့အထိ လုံခြုံရေးမရတာကြောင့်ဖြစ်ပြီး ၂ရက်ကြာလာ တဲ့အထိ အလောင်းတွေကို မကောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁နာရီကနေ ညနေ ၅နာရီအထိ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေးတပ် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ အဲဒီနားက ဒေသခံတွေက စစ်ဘေးရှောင်ထွက်ပြေးခဲ့ပြီး စစ်ရှောင်တချို့ မီးရှို့သတ်ဖြတ်ခံရတာတွေ ရှိခဲ့ကြောင်းနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အရေအတွက်က ၃၅ ဦးဖြစ်တယ်လို့ KNDF ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Hpruso

ဓာတ်ပုံ ရင်းမြစ်, KNDF

ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၁နာရီခွဲမှာလည်း မိုဆိုကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တစ်နာရီခွဲကြာအောင် နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Save the Children ကတော့ ဖရူဆိုမြို့နယ်ထဲ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ အဖွဲ့ရဲ့ ဝန်ထမ်းတွေ စီးလာတဲ့ကားလည်း မီးရှို့ဖျက်ဆီးခံရပြီး ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေတယ်လို့ အစောပိုင်းမှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ကားထဲမှာ ဟွန်ဒါ CRV ကားတစ်စီးပါကြောင်းနဲ့ အဲဒီနေ့က Save the Children က ဝန်းထမ်းတွေ စီးသွားတဲ့ကားဟာလည်း အဲ့ဒီ့ကားအမျိုးစားဖြစ်ကြောင်း ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်၊

Save the Children က ဝန်ထမ်းနှစ်ဦးအပါအဝင် ၊ အစုလိုက် သတ်ခံရတဲ့ဖြစ်စဉ်မှာ လူဦးရေ ၃၀ကျော်အထိ ပါဝင်တယ်လို့ ခန့်မှန်းထားကြပြီး ဒေသခံတွေကို ကူညီပေးနေတဲ့အဖွဲ့တွေရဲ့ စာရင်းကောက်ယူမှုအရ လက်ရှိမှာ မိုဆို၊ ဖရူဆို၊ ဆိုလျာခူနဲ့ ဒေါခူလယ် ရွာတွေက ရွာသားတွေ ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ လက်ရှိမှာသိထား ရတယ်လို့ ဆိုကြပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့မှာပြုလုပ်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ကလေးမြို့မှာပြုလုပ်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲ

ဒီလို သတ်ဖြတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၆၆) လက်အောက်က ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းက လုပ်ခဲ့တာလို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၉ ဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့စွဲနဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်မတိုင်ခင်မှာ လာရောက်ညှိနှိုင်းတဲ့ ကယားပြည်နယ် နယ်ခြားစောင့်တပ် (ကလလတ) အဖွဲ့ဝင်လေးဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ လည်းသိရပါတယ်။

ဒီဖြစ်စဥ်ကို စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က ထုတ်ပြန်ရာမှာ ဖရူဆိုမှာ လုံခြုံရေးအတွက် ယာဥ် ၇ စီးကို စစ်ဆေးစဥ်မှာ မရပ်တန့်ဘဲ လက်နက်ငယ်တွေနဲ့ စပစ်ပြီး ထွက်ပြေးလို့ ပြန်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ်အတွင်း ကား ၇စီးကို တားရာမှာ မရပ်ပေးတာကြောင့် စစ်တပ်ကပစ်ခတ်ခဲ့ချိန် ကားပေါ်ကနေ ပြန်ပစ်တာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ဦး သေဆုံးတယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုပြီး မီးရှို့ခဲ့တာမဟုတ်ဘူးလို့လည်း ငြင်းဆန်ထားပါတယ်။

ဒါ့အပြင် Save the children ဝန်ထမ်းကိစ္စကိုတော့ သူ့အနေနဲ့ မသိရှိဘူးလို့ ပြောဆိုထားပါတယ်။