"စစ်မဲ့ဇုန်"လေးကေ့ကော်က တိုက်ပွဲနဲ့ နောက်ဆက်တွဲအလားအလာ

ဓာတ်ပုံ ရင်းမြစ်, Saw Tar Tu/MPA
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးပြယုဂ်အဖြစ် တည်ထားတဲ့ လေးကေ့ကော် မြို့သစ်မှာ ကရင်အမျိုးသားအစည်းအရုံး (Karen Nation Union - KNU) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား ဒီဇင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။
"သူတို့စစ်ကောင်စီတပ်က ဒီနေ့ (ရပ်ကွက်တွေထဲကို)ထပ်၀င်စစ်တယ်၊ သေနတ် ဖောက်တယ်၊ သူတို့ သေနတ်ဖောက်ခွင့်မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဘက်က ပစ်တာတွေလုပ်တာ" လို့ လေးကေ့ကော်မြို့အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူ တယောက်က ဘီဘီစီကို ပြောပါတယ်။
မနက် ၁၀ နာရီထိုးခါနီးလောက်မှာ စဖြစ်ခဲ့ကြတဲ့ တိုက်ပွဲမှာ လက်နက်ငယ်တွေအပါအဝင် ၄၀ မမ ဗုန်းသီးနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာမျိုးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ သူတယောက်က စစ်ရှောင်နေရတဲ့သူတွေ သူသိထား သလောက် ၆၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

လေးကေ့ကော်မြို့မှာ ရပ်ကွက် ၆ ခုရှိပြီး အခုတော့ ဒီမြို့ကလူတွေ ဘေးလွတ်ရာကို ရှောင်ထွက်နေရပြီလို့ ယုံကြည်ရပါတယ်။
"လူထုနဲ့အတူ ကျွန်တော်တို့ နောက်ဆုတ်ထားတယ်၊ လူထုကို ဘေးကင်းရာကို ပို့ပေးနေ တယ်"လို့လည်း လေးကေ့ကော် အုပ်ချုပ်ရေးပိုင်းက အရာရှိကပြောပါတယ်။
ဒီနေ့တိုက်ပွဲအဖြစ်က မနေ့အင်္ဂါနေ့က စစ်ကောင်စီတပ်တွေ လေးကေ့ကော်မြို့မှာ ခိုလှုံနေသူ တချို့ကို ၀င်ဖမ်းဆီးတဲ့အဖြစ်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ပါ။
စစ်ကောင်စီ တပ်ဖွဲ့၀င် အင်အား ၂၀၀ လောက်ဟာ အင်္ဂါနေ့က လေးကေ့ကော်မြို့ထဲကို ၀င်ရောက်လာပြီး မြို့မှာနေထိုင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော် အမတ်တယောက်၊ CDMမှာ ပါဝင်တဲ့ ဆရာဝန် ၁ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် လူ ၂၁ ယောက်ကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
တချို့သတင်းအရင်းအမြစ်တွေအရ စစ်ကောင်စီတပ်တွေဟာ သူတို့ဖမ်းဆီးထားတဲ့သူတွေကို လေးကေ့ကော်နဲ့ သိပ်မဝေးတဲ့ ဒေသအခေါ် (စစ်ကောင်စီ) အမြောက်ကုန်း (ဗျူဟာကုန်း)ကို မနေ့အင်္ဂါနေ့ ကပဲ ခေါ်ယူသွားပြီလို့ ဆိုသလို၊ တချို့ကလည်း အဲဒီမနေ့ကဝင်လာတဲ့ စစ်ကောင်စီတပ်ဟာ မြို့ထဲက ပြန်မထွက်သွားသေးဘဲနဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့ အထိ ဆက်ရှိ နေတာလို့လည်း ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"စစ်မဲ့ဇုန်"ဖြစ်ခဲ့တဲ့ လေးကေ့ကော်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဖို့ တိုက်တွန်း လုပ်ဆောင်တာတွေများခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီလေးကေ့ကော်ဒေသကို ငြိမ်းချမ်းရေးမြို့သစ်အဖြစ် တည်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဒီမြို့လေးမှာ ကရင် စစ်ဘေးဒုက္ခသည်တွေ ပြန်နေထိုင်ကြတာတွေရှိသလို တည်နေရာက KNU တပ်မဟာ ၆ ဒေသအတွင်းမှာ ရှိတာပါ။
မြို့နဲ့ မဝေးတဲ့ တောင်ကုန်းတွေမှာ ကရင်လက်နက်ကိုင်အင်အားစုတွေ ရှိသလို၊ စစ်ကောင်စီ တပ်က တပ်ဖွဲ့တချို့လည်း အထိုင်ချထားတာပါ။
ဒီမြို့၊ ဒီဒေသဟာ KNU အဖွဲ့ဝင်တွေတင်မကဘဲ၊ တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ DKBA၊ BGF၊ KNLA/Peace Council ကလူတွေလည်း ဝင်ထွက်သွားလာနေတဲ့ ဒေသလို့လည်း ဆိုပါတယ်။
"ဒီနယ်မြေမှာ သေနတ်မဖောက်ရဘူး၊ လေကြောင်းကနေ တိုက်ခိုက်လို့မရအောင် တားမြစ်ထားတဲ့ စစ်မဲ့ဇုန်အဖြစ် သူတို့ (KNU နဲ့ အရင်အစိုးရတို့အကြား)ပဋိညာဥ်တွေ လုပ်ထားတာရှိတယ်၊ စစ်မဲ့ဇုန် တခုလုပ်ထားတာ"လို့လည်း ဒေသခံတွေအကြားမှာ ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIC
ဒီနှစ်အစောပိုင်းမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီအာဏာသိမ်း ဆန့်ကျင်ရေး သပိတ်တွေ၊ CDM လှုပ်ရှားမှုတွေအပေါ် မြန်မာစစ်တပ်က ရက်စက်တဲ့ နှိပ်ကွပ်မှုတွေနောက်ပိုင်း အဲဒီ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတချို့ ပြေးလွှားခိုလှုံကြတဲ့ နေရာတွေထဲမှာ လေးကေ့ကော်မြို့လေးကလည်း တခုအပါအဝင်ပါ။
မြို့လေးက မြဝတီရဲ့တောင်ဘက်ကျပြီး "မြဝတီကနေ စျေးကားက နေ့စဉ်လာတဲ့အလေ့ ရှိတယ်၊ မြို့ထဲမှာ ဆိုင်လေးတွေ ၃၊ ၄ ဆိုင်ရှိတယ်။ မြို့လေးက မြေပြန့်မှာလည်း အိမ်လေးတွေ ရှိသလို၊ တောင်ကြောလေးတွေတချို့မှာလည်း အိမ်လေးတွေ ရှိတယ်"လို့ အဲဒီ လေးကေ့ကော်မြို့မှာ ခိုလှုံခဲ့ဖူးတဲ့ လှုပ်ရှားတက်ကြွသူတယောက်က ဘီဘီစီကို ပြောပြပါတယ်။
"အရင်လပိုင်းတွေ အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက ၀င်စစ်တာတွေရှိခဲ့ပါတယ်၊ အနည်းဆုံး ၅ ကြိမ် လောက်ရှိမယ်၊ အဲဒီတုန်းက သူတို့လာတဲ့ အင်အားက ၂၀၊ ၃၀ လောက်ပဲ ပါမယ်၊ ဒီဘက် (KNU) မြို့အုပ်ချုပ်ရေးပိုင်းကလည်း နားလည်မှုနဲ့ ခွင့်ပြုပေးလိုက်တာမျိုး၊ အဖမ်းအဆီးတွေ၊ ဘာတွေမျိုး မဖြစ်ခဲ့ပါဘူး၊ ဟိုဘက်ကလည်း အဖြစ်သဘောလောက် လာစစ်တဲ့ သဘော၊ အခုဖြစ်တာတွေနဲ့ မတူဘူး" လို့ သူက ဆက်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIC
လေးကေ့ကော်မြို့လေး ပြန်တည်ငြိမ်သွားမလား
အပစ်အခတ်ရပ်စဲရေး NCA ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ တိုက်ခိုက်ရေးအင်အား အတော်အတန်ကြီးတဲ့ KNU အနေနဲ့ စစ်ကောင်စီ အာဏာသိမ်းတဲ့အဖြစ်နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားတယ်ဆိုတဲ့ သဘောထားရှိပေမယ့် NCA စာချုပ်ပျက်ပြယ်သွားပြီလို့ ဆိုတဲ့သဘောထား မချမှတ် ထားသေးပါဘူး။
KNU ရဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ကိုယ်တိုင် "နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာကြဖို့" ဆန္ဒရှိဆဲဆိုတာကို အရင်ကတည်းက ထုတ်ဖော်ပြောဆိုထားတာပါ။
တဖက်မှာလည်း KNU တပ်မဟာ ၅ ဒေသအပါအဝင် တခြားတပ်မဟာ တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေသလို၊ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာလည်း KNU အဖွဲ့ဝင်တွေ ပါဝင်နေတာကိုတွေ့ရပါတယ်။
လေးကော့ကော်က ဖမ်းဆီးမှုတွေ၊ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထား ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
လေးကေ့ကော်အုပ်ချုပ်ရေးပိုင်းက အရာရှိကတော့ "တိုက်ပွဲတွေ ဆက်ရှိလာဖို့ရှိတယ်"လို့ မှန်းဆပြောပါတယ်။








