လောင်းလုံးသပိတ်မှာပါဝင်ခဲ့သူရဲ့ကလေးငယ်နဲ့မိသားစုဝင်တွေဖမ်းဆီးခံရ

လောင်းလုံးသပိတ်မှာပါဝင်ခဲ့သူရဲ့ကလေးငယ်နဲ့ မိသားစုဝင်တွေဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, DMSCD

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုထဲက ကဒက်ငယ်ထိန်ကျေးရွာမှာနေထိုင်တဲ့ ကိုလုလုဇော်ကို ဒီကနေ့ နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးရာမှာ သူ့ကို မတွေ့တာကြောင့် ဇနီးဖြစ်သူနဲ့ အသက် ၂နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ ကိုလုလုဇော်ဟာလောင်းလုံးမြို့နယ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ နေအိမ်မှာပဲ နေထိုင်တဲ့အရပ်သားတစ်ဦးဖြစ်တယ်လို့လည်း ထားဝယ်သပိတ်ကော်မတီကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သပိတ်စစ်ကြောင်းတွေအားကောင်းတဲ့ ထားဝယ်၊ လောင်းလုံးခရိုင်ထဲမှာ သပိတ်ကော်မတီဝင်တွေကိုဖမ်းဆီးဖို့ကြိုးစားတာ၊ မိသားစုဝင်တွေကိုဖမ်းဆီးတာတွေအပြင် သပိတ်ကော်မတီဝင်တွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကလည်း သတင်းထုတ်ပြန်ထားပါတယ်။

"တနေ့ကလည်း လောင်းလုံးမှာ ရဲတပ်သားတစ်ဦးပစ်သတ်ခံရတယ်၊ သူတို့က အဲ့ဒါကို လက်သည်မဖော်နိုင်တော့ သပိတ်လုပ်တဲ့သူတွေက ရပ်ထဲရွာထဲမှာဆက်နေနေတော့ နာမည်တွေလည်းရှိနေတဲ့သပိတ်ခေါင်းဆောင်တွေကိုဖမ်းတယ်။ အိမ်ကိုဝိုင်းတယ်၊ အိမ်မှာလူမရှိရင်လူကိုဖမ်းတယ်။ လူမရှိရင်အိမ်ကိုမီးရှို့တယ်။ အကုန်လုံးကကျီးလန့်စားနေ နေရတယ်"လို့ ထားဝယ်ခရိုင်၊ အောက်ရေဖြူသပိတ်ခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာလည်း ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ၂ ဦးကိုဝင်ရောက်ဖမ်းဆီးရာ မှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားသလို နေအိမ်ကိုမီးရှို့ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း ကာယကံရှင်တွေကပြောဆိုထားပါတယ်။

ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်နဲ့ကျေးရွာတွေမှာ သပိတ်စစ်ကြောင်းတွေ နေ့စဉ်မပျက်အားကောင်းခဲ့သလိုသပိတ်ကော်မတီဟာလည်း အကြမ်းမဖက် လူထုလှုပ်ရှားမှုတစ်ခုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ဖို့ မူဝါဒတွေချမှတ်ထားတယ်လို့ လည်း သပိတ်ကော်မတီကပြောပါတယ်။