သတင်းထောက်တွေဖမ်း၊ သတင်းတိုက်တချို့ ပိတ်ခံရတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့် ဘယ်အခြေဆိုက်နေလဲ

ဓာတ်ပုံ ရင်းမြစ်, MPA
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ရဲရင့်စွာ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဖိလစ်ပိုင်နဲ့ ရုရှက သတင်းသမားနှစ်ဦးဟာ အခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေအဖြစ် ချီးမြှင့်ခံခဲ့ပါတယ်။ သတင်းသမားတွေရဲ့စွမ်းအားနဲ့ သတ္တိကို ကမ္ဘာကြီးက ခုလို အသိအမှတ်ပြု ဖော်ထုတ်နေချိန်မှာပဲ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းလွတ်လပ်ခွင့်ဆိုတာ မျှော်လင့်စရာ မရှိတဲ့အခြေအနေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့နောက် သတင်းဌာနတချို့ ပိတ်သိမ်းခံရသလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက်အရေအတွက်ဟာ တစ်ရာကျော်လာပြီဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လနောက်ပိုင်း သတင်းထောက်တွေ အဖမ်းခံရမှု တဖန်များလာပြီး ကြီးလေးတဲ့ ပုဒ်မတွေနဲ့ပါ ထပ်တိုးတရားစွဲမှုတွေနဲ့ ရင်ဆိုင် လာရပါတယ်။
ဖေဖော်ဝါရီ (၁)ရက်ကနေ စက်တင်ဘာလကုန်အထိ မြန်မာမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား အရေအတွက် (၁၀၂)ဦးထိရှိလာပြီလို့ အာဆီယံသတင်းသမားများပရိုဂရမ်တခုဖြစ်တဲ့ Reporting ASEAN ရဲ့ အချက်အလက်အရ သိရပါတယ်။
ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာတော့ သတင်းသမားတွေကို ဖမ်းဆီးမှု ပြန်လည်မြင့်တက်လာပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုး စတဲ့ ဒေသတွေကနေ သတင်းသမား ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အခုနောက်ပိုင်းဖမ်းဆီးမှုတွေမှာ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူတွေသာမက လက်ရှိ သတင်း အလုပ်ကိုမလုပ်တော့တဲ့ သတင်းထောက်ဟောင်းတွေကိုပါ ဖမ်းဆီးလာတာကို သိသိသာသာတွေ့ရပါတယ်။
အဲဒီလိုဖမ်းဆီးပြီးတဲ့နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - ကအပြင် ပိုမိုကြီးလေးတဲ့ပုဒ်မတွေနဲ့ပါ တရားစွဲဆိုလာပါတယ်။
အထူးသဖြင့် မတရားအသင်းဥပဒေ ပုဒ်မ၁၇(၁) နဲ့ တရားစွဲဆိုလာတာကို တွေ့ရတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ သတင်းသမားအချို့ရဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်နေတဲ့ သင့်အတွက်ရှေ့နေများ အဖွဲ့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ခုလိုပြောပါတယ်။
"တရားရုံးကလည်း ရုံးချိန်းတွေပဲ ပြန်ပြန်ချိန်းတယ်။ တခြားသော ပုဒ်မအသစ်တွေတိုးတာတောင်မှ ကျွန်မတို့အမှုသည်တွေက သိထားခြင်းမရှိဘူးပေါ့။ သူတို့ဘာကြောင့်မို့ အစွဲခံရတယ်ဆိုတာတောင်မှမသိထားဘူးပေါ့" လို့ ပြောပါတယ်။
Reporting ASEAN ရဲ့ အချက်အလက်အရတော့ သတင်းသမားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ထိန်းသိမ်းခံနေရဆဲ သတင်းသမား အယောက် (၅၀) ဝန်းကျင် ရှိနေပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဩဂုတ်လနောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ ဘီဘီစီမီဒီယာအက်ရှင်က အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို အင်းစိန်အကျဉ်းထောင်ထဲ ပို့ဆောင် ထားပြီဖြစ်ပြီး အလွတ်တန်းသတင်းထောက် မသူဇာကိုတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှာချုပ်နှောင်ထားပါတယ်။
တချို့သတင်းသမားတွေကတော့ ဖမ်းဆီးခံရတယ်သာသိထားပြီး နောက်ဆက်တွဲအခြေအနေတွေ မသိရသေးသူတွေရှိနေပါတယ်။ လက်ရှိဖမ်းဆီးထားသူတွေထဲမှာ စစ်ကောင်စီက မတရားအသင်းဖြစ် ကြေညာထားတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုတဲ့အချက်နဲ့ စွပ်စွဲဖမ်းဆီးထားတာလည်း ရှိပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်တွင်းမီဒီယာတချို့ကို လိုင်စင်ပိတ်သိမ်းသလို သတင်းသမားတွေကို ဖမ်းဆီးနေတာကြောင့် မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးလာပြီလို့ နိုင်ငံတကာရော ပြည်တွင်း မီဒီယာအသိုင်းအဝိုင်းကပါ ထောက်ပြနေကြပါတယ်။
ဒါ့အပြင် လူထုအနေနဲ့ တိကျတဲ့သတင်းရရှိနိုင်ဖို့ ပိုမိုခက်ခဲ လာနိုင်တဲ့အကြောင်း ဝါရင့်သတင်းစာဆရာတဦးဖြစ်တဲ့ ဦးမြင့်ကျော်ကခုလိုပြောပါတယ်။
"သတင်းသမား ပီပီသသ အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့အခြေအနေအောက်မှာကျတော့ တကယ့်တိကျမှန်ကန်တဲ့သတင်း ရဖို့က ပိုပြီးတော့ နည်းလာလိမ့်မယ် လို့မြင်တယ်။ သတင်းလို့တော့နာမည်ခံထားတယ်။ ဒါပေမဲ့ ဝါဒဖြန့်တာမျိုးတွေက ပိုများလာမယ် လို့ပြောချင်ပါတယ်"
သတင်းမီဒီယာဥပဒေ ပုဒ်မ (၉)မှာ သတင်းသမားတွေလိုက်နာရမယ့်ကျင့်ဝတ်တွေဖော်ပြထားပြီး အဲ့ဒီတာဝန်နဲ့စည်းကမ်းတွေချိုးဖောက်တယ်လို့ယူဆရင် သတင်းမီဒီယာကောင်စီကို ရှေးဦးစွာ တိုင်ကြား နိုင်တယ်လို့ ဥပဒေမှာပါရှိပါတယ်။
စစ်ကောင်စီလက်ထက်မှာတော့ သတင်းမီဒီယာကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီး ဖမ်းဆီး ခံထားရတဲ့သတင်းသမားတွေဘက်ကလည်း အဲဒီ မီဒီယာကောင်စီအသစ် နဲ့ချိတ်ဆက်လုပ်ဆောင်ဖို့ ပြောကြားချက်မရှိဘူးလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။








