ဒေါ်လာ ၅၀၀၀ နဲ့ မြန်မာသံအမတ်ကို လုပ်ကြံရန်ကြိုးပမ်းမှုကြီး

ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီးကိုလုပ်ကြံဖို့အတွက် အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်းအမေရိကန် ထောက်လှမ်းရေးကဖမ်းမိထားသူက ထွက်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဘဝဟာ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို ဖြစ်လာပါတယ်။

အမေရိကန်အက်ရှင်ဇာတ်လမ်းတွေမှာ မြင်နေကျဖြစ်တဲ့ လုပ်ကြံသတ်ဖြတ်လိုသူတွေကတစ်ဖက်၊ အမေရိကန် ထောက်လှမ်းရေး FBI နဲ့ ၂၄ နာရီ အစောင့်အရှောက်တွေက တစ်ဖက်နဲ့ ဖြစ်လာနေတာပါ။

ဦးကျော်မိုးထွန်း ဟာ သူ့ကို လုပ်ကြံမယ့်သူတွေရှိနေတယ်ဆိုတဲ့ သတင်းကိုရရှိပြီးတဲ့နောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်အာဏာပိုင်တွေဆီ သတင်းပို့ပြီးတဲ့နောက် နေ့ချင်းကို လုံခြုံရေးအစောင့်အရှောက်ရခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး FBI က ဒီအမှုကို ကိုင်တွယ်ပြီးတဲ့နောက် တစ်ပတ်မပြည့်ခင်မှာပဲ သံသယရှိတဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော် ဆိုသူ မြန်မာလူငယ် နှစ်ယောက်ကို နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။

လုံခြုံရေးယူဖူးသူကို လုပ်ကြံဖို့ဌားရမ်းခြင်း

ဖေဖော်ဝါရီ ၂၆ ရက်က ကုလသမဂ္ဂစင်မြင့်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြခဲ့ပြီး တစ်ကမ္ဘာလုံးကို အံ့သြသင့်စေခဲ့ပြီးနောက်ပိုင်းမှာ ဦးကျော်မိုးထွန်းကို အမေရိကန်ရောက် မြန်မာအသိုက်အဝန်းက လုံခြုံရေး အစောင့်အရှောက်ပေးခဲ့ပါတယ်။

ဒါကို လုပ်ကြံချင်သူတွေက အခွင့်အရေးအဖြစ် အသုံးချခဲ့ကြပါတယ်။

ဦးကျော်မိုးထွန်းရုံးမှာ စေတနာ့ဝန်ထမ်းအဖြစ် လုံခြုံရေးအစောင့်အရှောက်ပေးခဲ့သူ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ကို ထိုင်းမှာရှိတဲ့ လက်နက်ပွဲစားတစ်ဦးက ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ငွေပေးစေခိုင်းခဲ့တဲ့အကြောင်း အမေရိကန်ဘက်က စုံစမ်းပေါ်ပေါက်ခဲ့တာပါ။

ဖြိုးဟိန်းထွဋ်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သူ တစ်ဦး ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ NLD ပညာရေးကွန်ရက်ရဲ့ အင်းစိန် အမေ့အိမ်ပညာဒါန ကျောင်းမှာ တက်တက်ကြွကြွလှုပ်ရှားမှုတွေရှိခဲ့ပါတယ်။

NLD ပညာရေးကွန်ရက် အစီအစဥ်နဲ့ တရုတ်ပြည် ယူနန်တက္ကသိုလ်ကို လေ့လာရေးသွားရောက်ခဲ့ဖူးပါတယ်။

၂၀၁၉ စက်တင်ဘာကမှ အမေရိကန်ကိုထွက်ခွာခဲ့တာဖြစ်ပါတယ်။

သူ့ကို ငွေလာပေးတဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် ကတော့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသား၊မျှဝေထားချက်တွေအရ စစ်တပ်နဲ့ ဦးသိန်းစိန်အစိုးရကို ထောက်ခံသူတစ်ဦးဖြစ်ပါတယ်။ သူအဖမ်းခံရပြီးမကြာခင်မှာပဲ သူ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာလည်း ပျောက်ကွယ်သွားပါတယ်။

ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားပြု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် နေရာကနေ ထွက်ပေးအောင် အကြမ်းနည်းသုံး ခြိမ်းခြောက်ဖိအားပေးတဲ့ အနေနဲ့ တိုက်ခိုက်ဖို့ ထိုင်းမှာရှိတဲ့ လက်နက်ပွဲစားက ညွှန်ကြားခဲ့တာလို့သိရပါတယ်။

တကယ်လို့ သံအမတ်ကြီးက ရာထူးနေရာကနေ ဖယ်မပေးဘူးလို့ ဆက်လက် ငြင်းဆန်နေမယ် ဆိုရင် သတ်ပစ်ဖို့ အထိ အဲဒီ လက်နက်ပွဲစားက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းရဲ့ ကားတိမ်းမှောက် သွားအောင် ပြုလုပ်ဖို့ တိုင်ပင်ထားခဲ့ကြတယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

ဇူလိုင်လ လကုန်ပိုင်းမှာတော့ ရဲဟိန်းဇော် ဟာ ဖြိုးဟိန်းထွဋ်နဲ့ ဆက်သွယ်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်း ဖြိုးဟိန်းထွဋ်က ထွက်ဆိုပါတယ်။

ဒေါ်လာ ၅၀၀၀ ပေးပြီး ကမ္ဘာသိမြန်မာသံအမတ်ကြီးတစ်ဦးကို လုပ်ကြံမယ့်အစီအစဥ်ကို အများစုက ရယ်စရာအဖြစ်ပြောဆိုနေကြပါတယ်။

'ပိုက်ဆံနည်းတယ်ဆိုတာက အဖွဲ့အစည်းကြီးကြီးတစ်ခုက ခိုင်းတာလို့ မမြင်အောင်လုပ်တာ။ ဒီပိုက်ဆံ ၄၀၀၀ ဆိုတာက လတ်တလောလိုတာသုံးဖို့ပေးတဲ့သဘောပဲ။ ကျန်တာ နောက်မှရှင်းလို့ရတာပဲလေ။' လို့ အမေရိကန်ရောက်မြန်မာတစ်ဦးက သုံးသပ်ပါတယ်။

ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူတစ်ယောက်ကို ဖြိုးဟိန်းထွဋ်က သွားတိုင်ပင် ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်လာတာဖြစ်ပါတယ်။

ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော် တို့ကို ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲခံထားရပါတယ်။

လူတစ်ယောက်ကို နာကျင်အောင်၊ လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် လုပ်ဖို့ဆိုတဲ့ ဖြစ်ပေါ်လာတဲ့အဲဒီစိတ်ဆန္ဒ တော်ရုံလူမှာတော့ ဖြစ်ခဲတယ်လို့ ဘီဘီစီနဲ့ သီးသန့်အင်တာဗျူးမှာ ဦးကျော်မိုးထွန်းကပြောပါတယ်။

'အဲဒီလိုဖြစ်ခဲတဲ့အထဲမှာ ဒီလူတွေပါမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်လည်း သူတို့ သိတဲ့ သတင်းအချက်အလက်ကို သက်ဆိုင်တဲ့သူ တစ်ဦးဦးကို အသိပေးတယ်လို့ ကျွန်တော်ယူဆပါတယ်ခင်ဗျ။' လို့ သူကပြောခဲ့တာပါ။

ထိုင်းကလက်နက်ပွဲစားဘယ်သူလဲ

လက်နက်ပွဲစားလို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံက လူသိများတဲ့လုပ်ငန်းရှင်တစ်ဦးကို အရင်ဆုံး ပြေးမြင်ကြပေမယ့်လို့ သူက စင်္ကာပူမှာပဲ အနေများတဲ့အတွက် မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

ထိုင်းမှာ အခြေစိုက်ပြီး မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ပေးတဲ့သူ နှစ်ဦး ကတော့ အနီးစပ်ဆုံးဖြစ်နိုင်တယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာစောင့်ကြည့်တဲ့အရပ်ဘက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

တစ်ယောက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဟောင်း ဖြစ်သူ General Prem Tinsulanonda နဲ့ နီးစပ်သူ လို့ဆိုကြပါတယ်။

နောက်တစ်ယောက်က စစ်တပ်ကလူဟောင်းတစ်ယောက်လို့ ပြောကြပါတယ်။

ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော် ဟာ ထိုင်းကလက်နက်ပွဲစားနဲ့ အချိတ်အဆက်ကို အစပိုင်းက ငြင်းဆန်ခဲ့ကြပေမယ့်လို့ FBI က ရရှိထားတဲ့ သူတို့ရဲ့ ဖုန်းဆက်သွယ်မှုအထောက်အထားတွေအရ ဝန်ခံခဲ့တာလို့ အ‌မေရိကန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဆီ ဦးကျော်မိုးထွန်းက သြဂုတ် ၃ ရက်က အကြောင်းကြားတဲ့စာထဲ စစ်ကောင်စီကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချနေတာ ပိတ်ပင်ဖို့ ဆိုတဲ့တိုက်တွန်းချက်လည်းပါပါတယ်။

ဒါပေမဲ့ ဒီလုပ်ကြံမှုကိုကြံစည်မှုဟာ ဒီစာမပို့ခင်ကထဲက ရှိနေခဲ့တာပါ။

ဦးကျော်မိုးထွန်းကို ဒီလုပ်ကြံမှုနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းရာမှာတော့ ဒီကိစ္စကို သူသိထားတာထက် အမေရိကန်တရားရေးဌာနက ထုတ်ထားတဲ့စာက ပိုပြီးတော့တောင် ပြည့်စုံနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမျက်ဒေါသ

ဦးကျော်မိုးထွန်းရဲ့ ဖေဖော်ဝါရီ ၂၆ မိန့်ခွန်းဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လူထုအတွက် အံ့သြဝမ်းသာစရာဖြစ်ခဲ့ပေမယ့် စစ်ကောင်စီအတွက်တော့ အမျက်ဒေါသ ထွက်စရာဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က သူတို့အာဏာသိမ်းမှုကိုအကာအကွယ်ပေးမယ့် မိန့်ခွန်းမျိုးပြောခိုင်းခဲ့ပေမယ့် အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်စေမယ့် မိန့်ခွန်းကို ကုလစင်မြင့်မှာ ပြောခဲ့တာပါ။

ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလ ၂၇ ရက် မှာပဲ ရာထူးက ထုတ်ပယ်ကြောင်း ချက်ချင်း ထုတ်ပြန်ပါတယ်။

သံတမန် လောကမှာ ဦးကျော်မိုးထွန်း လို အာခံမှုမျိုးကို စစ်အစိုးရအနေနဲ့ အရင်ကမကြုံဖူးခဲ့ပါဘူး။

'အရင်ကနေခဲ့ရတဲ့စနစ်ဆိုးကို ဘယ်သူမှပြန်မသွားချင်ဘူး။ ကျွန်တော်လည်းလက်မခံဘူး' လို့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အကြောင်း ဖေဖော်ဝါရီလထဲမှာ သူကပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းကြေညာထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေအရ တရားမဝင်လုပ်ဆောင်မှုတွေကြောင့်လို့ဆိုပြီး တရားစွဲဆိုထားသလို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အမေရိကန်အစိုးရကိုလည်း ဦးကျော်မိုးထွန်းကို ပြန်လွှဲပေးဖို့တောင်းဆိုပေမယ့်လို့ စစ်ကောင်စီရဲ့တောင်းဆိုမှုဟာ အထမမြောက်ပါဘူး။

ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးတယ်လို့ ကြေညာခဲ့ပေမယ့် ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံအမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက် တက်ရောက်နေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို စက်တင်ဘာလ ကုလ အထွေထွေညီလာခံမှာ ဆုံးဖြတ်ဖွယ်ရှိနေပြီး ဒီညီလာခံမတိုင်မီမှာပဲ အခုလိုလုပ်ကြံဖို့ အားထုတ်မှုပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းလျှောက်သောလမ်း

အနေအေးပြီး ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောတတ်တဲ့ ဦးကျော်မိုးထွန်းဟာ ရန်ကုန်တက္ကသိုလ်ကနေ နိုင်ငံတကာ ဆက်ဆံရေး ဘွဲရရှိခဲ့သူ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ နိုင်ငံခြားရေးရုံးက လွှတ်တဲ့ ပညာတော်သင် အဖြစ် စီးပွားရေး စီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

စစ်အစိုးရခေတ် ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တတိယ အတွင်းဝန်ဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူရဲ့ ပထမဆုံး သံတမန်တာဝန်က မြန်မာ သံရုံး ဂျာကာတာဖြစ်ပြီး အဲဒီနောက် နယူးယောက်၊ စင်္ကာပူ၊ ဂျီနီဗာမှာ သံရုံး တာဝန်ကျခဲ့ပါတယ်။

သံတမန်တာဝန်တွေ အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဌာနမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

အဲဒီကနေ ၂၀၁၈ ကနေ ၂၀၂၀ အထိ ဂျီနီဗာမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ဆွစ်ဇာလန်ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် နယူးယောက်ကို ၂၀၂၀ အောက်တိုဘာလမှာ ရောက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ ကျူးဘား၊ မက္ကဆီကို၊ ဂျမေကာ နိုင်ငံများ ဆိုင်ရာ သံအမတ်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် သူ့ဘဝလည်း တစ်ဆစ်ချိုးပြောင်းပါတယ်။

ရုံးခန်းထဲမှာ နိုင်ငံကိုယ်စားပြု သံတမန်အလုပ်တွေလုပ်နေရာကနေ အာဏာသိမ်းအစိုးရကို ဆန့်ကျင်သူဖြစ်လာပါတယ်။

ကုလအစည်းအဝေးတွေတက်ရာကနေ အမေရိကန်ရောက်မြန်မာအသိုက်အဝန်းကလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ နဲ့ ရန်ပုံငွေရှာဖွေပွဲ တွေကို တက်ရောက်သူဖြစ်လာပါတယ်။

အခုတော့ လုပ်ကြံဖို့သတင်းရတဲ့အခါ လုံခြုံရေးအစောင့်အရှောက်နဲ့ နေနေရပေမယ့် သူ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်လျက်ရှိပါတယ်။

လုံခြုံရေးတွေ ပြန်ရုပ်သိမ်းမယ့်အခြေအနေအတွက်လည်း သူက ကြိုတင်တွက်ဆထားပါတယ်။

သူ့ကို လုပ်ကြံဖို့ကြံစည်နေသူတွေကိုဖမ်းဆီးရမိတဲ့အခါ သူ့အနေနဲ့ စိတ်ဆိုးဒေါသထွက်တဲ့ပုံမျိုးလည်း မတွေ့ရပါဘူး။

'ကျွန်တော်ကတော့ ဘာပဲပြောပြော တစ်ဦးနဲ့တစ်ဦး ချစ်စကိုပဲ တိုးစေချင်တာပေါ့နော်' လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။