စစ်အာဏာသိမ်းပြီးနောက် ရပ်တန့်သွားသော ဆောက်လုပ်ရေး လုပ်ငန်းများ

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar
အရင်ကတော့ အစိုးရက တည်ဆောက်မယ့် စီမံကိန်းတွေမှာ ဆောက်လုပ်ခွင့် တင်ဒါတွေရဖို့ အပြိုင်ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်တွေခေါ်ပေးတာကို ငြင်းရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ အချို့က ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ကြီးဌာန အချို့က အဆောက်အအုံ ဆောက်လုပ်မယ့် လုပ်ငန်းအချို့မှာ တင်ဒါဝင်ဆွဲမဲ့သူ မရှိသလောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီလို တင်ဒါဝင်ဆွဲမယ့်သူ မရှိတဲ့လုပ်ငန်းတွေကို ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူတွေကို တိုက်ရိုက်တာဝန်ပေးတာတွေ ရှိလာပါတယ်။
အဲဒီလို တာဝန်ပေးတဲ့လုပ်ငန်းတွေကိုပဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ငြင်းဆန်နေရတာမျိုးထိဖြစ်နေတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ကပြောပါတယ်။.
" မြောင်းမြခရိုင်ထဲမှာ ကျောင်း ၂ ကျောင်း ဆောက်ဖို့တာဝန်ပေးတယ်၊ သေသေချာချာစဉ်းစားပြီး ငြင်းလိုက်တယ်" လို့မြောင်းမြမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ဘာကြောင့် အခုလို အစိုးရဆောက်လုပ်ရေး လုပ်ငန်းတွေကို ငြင်းတယ်ဆိုတာကို တိတိကျကျ မပြောပေမဲ့ စစ်အာဏာသိမ်းတဲ့ အခြေအနေကြောင့် လို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe In Thar Khin Mg Win
ဆောက်လုပ်ရေးလုပ်ငန်းမှာ အဓိက သုံးရတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်လာတာကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ တွက်ခြေမကိုက်ဖြစ်လာနေချိန်မှာပဲ ဘဏ်တွေမှာလည်း ငွေထုတ်ရခက်ခဲနေတဲ့အတွက် မရေရာမှုတွေ များလာနေလို့ လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းတွေရပ်ဖို့ဆုံး ဖြတ်လာကြတာလည်း ရှိပါတယ်။
အစိုးရဆောက်လုပ်ရေးလုပ်ငန်းတွေလိုပဲ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း အချို့လုပ်ငန်းကြီးတွေ ရပ်နားထားကြတာတွေရှိလာနေပါတယ်။ ရန်ကုန်မြို့လယ်မှာ တည်ဆောက်နေတဲ့ ဒေါ်လာ သန်း ၁၃၀ တန်ကြေး ရှိ ပင်နီဆူလာ ဟိုတယ်စီမံကိန်းကို တစ်နှစ်ရပ်နားထားမယ် လို့ သက်ဆိုင်ရာကုမ္ပဏီက မကြာသေးခင်ရက်ပိုင်းက ပဲ ကြေညာခဲ့ပါတယ်။
ဒီစီမံကိန်းလိုပဲ တန်ဖိုးကြီးတဲ့ ဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဟိုတယ်နဲ့အိမ်ရာစီမံကိန်းကြီး တစ်ခုလည်း မကြာသေးခင်က တစ်နှစ်ရပ်နားမယ်လို့ ကြေညာခဲ့ပါတယ်။ တခြား ရပ်နားထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရန်ကုန်မြို့ထဲမှာ မြင်တွေ့ရပါတယ်။
ကိဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲမှာတောင် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကြား ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုဗစ် ကပ်ရောဂါ ကူးစက်မှု ကျဆင်းလာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ-၂၀၂၁ စက်တင်ဘာလ အထိ မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လုပ်ကိုင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ အထူးသဖြင့် ပွင့်လင်းရာသီဖြစ်တဲ့ ၂၀၂၁ ဇန်နဝါရီလကနေ မေလကုန်ထိ တည်ဆောက်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LLin/MPA
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ နိုင်ငံရေး မတည်မငြိမ်မှု တွေဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်လာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရုံးမတက်ရေးလှုပ်ရှားမှု CDM မှာ နိုင်ငံတော်ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။
ဘဏ်တွေကနေ ငွေထုတ်ဖို့ခက်ခဲလာတဲ့ အကျိုးဆက်ဟာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ ရိုက်ခတ်လာခဲ့ပါတယ်။
" ကုမ္ပဏီအကောင့်နဲ့ဆို ဘဏ်မှာတစ်ပတ်ကို အရင်ကသိန်း ၅၀ ရတယ်၊ အခု သိန်းတစ်ထောင် ထုတ်မယ်ဆိုရင် ဘဏ်မှာ အကြိမ် ၂၀ တန်းစီရမယ် ဘယ်လိုမှာ အဆင်မပြေတော့ဘူး " လို့ ဧရာဝတီတိုင်း ဒေသကြီးမှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
ဗဟိုဘဏ်ကနေ ပုဂ္ဂလိက ဘဏ်တွေကို ကုမ္ပဏီတွေရဲ ဘဏ်အကောင့်ကနေ တစ်ပတ်ကို ကျပ်သိန်း ၂၀၀ ထိ ထုတ်ပေး ဖို့ညွန်ကြားထားပေမဲ့ အစပိုင်းမှာတော့ အချို့သော ပုဂ္ဂလိကဘဏ်တွေက ကျပ်သိန်းတစ်ရာထိ ထုတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ သိန်း ၅၀ သာ ထုတ်ယူလို့ရတဲ့ အခြေအနေ ဖြစ်လာနေတာ ဖြစ်ပါတယ်။
အဲဒီလို ဘဏ်တွေက ငွေထုတ်ဖို့ခက်ခဲနေတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းချတဲ့ သူတွေကလည်း အရင်ကလို အကြွေးမရောင်းတော့တဲ့အပြင် ငွေသားလက်ငင်းပေးချေမှာသာ ရောင်းချတာတွေ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အရင်က အစိုးရလုပ်ငန်းတွေ ဆောက်လုပ်ခွင့်ရတဲ့သူတွေ အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေက လုပ်ငန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ချေးပေးလေ့ရှိပေမဲ့ အခုအခါမှာတော့ အဲဒီလိုချေးပေးတဲ့ ဘဏ်တွေ မရှိတော့ဘူးလို့လည်း လုပ်ငန်းရှင်အချို့က ဆိုပါတယ်။
ဒါအပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိက သုံးရတဲ့ ဘိလပ်မြေ သံချောင်းတို့ရဲ့ ဈေးနှုန်းဟာ စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာအတွင်းမှာ နှစ်ဆခန့် ဈေးတက်သွားခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။။
ဖေဖော်ဝါရီလကုန်ပိုင်းလောက်ထိ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၅၂၀၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ မေလဆန်းမှာတော့ တစ်အိတ်ကို ကျပ် ၇၇၀၀ ထိဖြစ်လာခဲ့တာပါ။ ပြည်တွင်းက ဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံက ဝန်ထမ်းတွေဟာ စစ်တပ်က အာဏာသိမ်းတာကိုဆန့်ကျင့်တဲ့ ရုံးမတက်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ အတွက် ဘိလပ်မြေ ထုတ်လုပ်မှုတွေ ကျဆင်းခဲ့ပါတယ်။
ပြည်တွင်းက ထုတ်လုပ်မှု ကျဆင်းသွားလို့ ပြည်ပက ဝယ်ယူတဲ့အခါမှာလည်း အာဏာသိမ်းပြီး နောက်ပိုင်း ရက်ပေါင်းတစ်ရာအတွင်း မြန်မာငွေတန်ဖိုး ဟာ ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားတဲ့ အတွက် ဘိလပ်မြေဈေးနှုန်းတွေ တက်လာခဲ့တာပါ။စစ်တပ်က အာဏာမသိမ်းခင်ထိ အမေရိကန် တစ်ဒေါ်လာ ၁၃၀၀ ကျော်သာရှိပေမဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာတော့ တစ်ဒေါ်လာကို ၁၇၀၀ ဝန်းကျင်ထိဈေး ပေါက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PP
အလားတူ မတ်လဆန်းထိ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း သံတစ်တန်ကို ကျပ် ၈ သောင်းခွဲသာရှိပေမဲ့ မေလဆန်းမှာတော့ သံချောင်းတစ်တန်ကို ကျပ်တစ်သိန်းခွဲဝန်းကျင်ထိ ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံကနေ အဓိက တင်သွင်းနေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံရိုင်းဈေးဟာ သံရိုင်းရှားပါးမှုကြောင့် တရုတ်နိုင်ငံမှာပဲ ဈေးတက်သွားသလို့ မြန်မာငွေတန်ဖိုး ကျဆင်းသွားတဲ့ အတွက်ကြောင့်လည်း သံဈေးနှုန်းတွေဟာ နှစ်ဆနီးပါး တက်သွားခဲ့တာပါ။
ဒါအပြင် ပြည်ပက တင်သွင်းရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဟလည်း အတန်အသင့် ဈေးတက်လာခဲ့ပါတယ်။
လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှာ တွက်ချက်ထားတဲ့ တစ်ပေပတ်လည် ဈေးနှုန်းတွေဟာ လွန်ခဲ့တဲ့ ၅ လခန့်က ပစ္စည်းဈေးနှုန်းတွေနဲ့ တွက်ချက်ထားတဲ့အတွက် လက်ရှိတက်သွားတဲ့ ဈေးနှုန်းဈေးတွေအရ သံနဲ့ဘိလပ်မြေ အဓိက သုံးရတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ တွက်ခြေမကိုက် ဖြစ်လာခဲ့တာပါ။
ဘဏ်ကနေ ငွေထုတ်ရတဲ့ ခက်ခဲနေတဲ့အချိန်မှာပဲ ဆောက်လုပ်ရေးလုပ်ငန်းမှာ အဓိက သုံးရတဲ့ကုန်ပစ္စည်းဈေးတွေ တက်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ လုပ်ငန်းသစ် မစကြသလို လက်ရှိရထားတဲ့ လုပ်ငန်းအချို့ကိုလည်း ရပ်နားထားရတဲ့အထိ ဖြစ်လာနေတာလိုလည်း လုပ်ငန်းရှင်အချို့က ဆိုပါတယ်။အချို့သော တင်ဒါအောင်မြင်ထားတဲ့သူတွေ အနေနဲ့ ပထမအရစ် ၂၅ ရာခိုင်နှုန်း ပြီးစီးအောင် ဆောက်ရွက်ပြီးရပ်နားထား တာတွေရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PP
အခုလို အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အဆင်မပြေသလို့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငွေကြေးအခက်အခဲနဲ့ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ရပ်နားထားတာတွေ ရှိပါတယ်။ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် နိုင်ငံခြားနဲ့ အကျိုးတူလုပ်ဆောင်တဲ့ စီမံကိန်းအချို့လည်း ရပ်နားလာကြပါတယ်။
ငွေကြေးအခက်အခဲနဲ့ တက်လာတဲ့ဈေးနှုန်းကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နားထားသလို အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ တိုက်ပွဲတွေဖြစ်နေတဲ့ ပြည်နယ်တွေမှာလည်း ဆောက်လုပ်ငန်းရေး လုပ်ငန်းတွေ ရပ်နားထားကြပါတယ်။
မြန်မာနိုင်ငံက ကျေးလက်နဲ့ မြို့ပြဆင်ခြေဖုံးတွေမှာ နေထိုင်တဲ့ လယ်မဲ့ယာမဲ့ နဲ့ အတန်းပညာ အားနည်းသူအများစုဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဓိက မှီခိုနေရတာပါ။ ဆောက်လုပ်ငန်း လုပ်ငန်းမှာ လုပ်ကိုင်နေသူတစ်ဦး လုပ်အားခအဖြစ် တစ်နေ့ကို ကျပ် ၈၀၀၀ ကနေ ၁၀၀၀၀ ကျပ် ခန့်ရကြပါတယ်။
စက်ရုံအလုပ်ရုံနဲ့ ကုမ္ပဏီ ဝန်ထမ်း မလုပ်နိုင်တဲ့သူတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အဓိက အားထားနေရတဲ့အတွက် ဆောက်လုပ်ငန်းရေးလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း အဓိက ဖန်းတီးပေးတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PP
အခုလို အခက်အခဲတွေကြောင့် တွက်ခြေ မကိုက်လို့ ရပ်နားထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိပေမဲ့လည်း အုတ် သဲ ကျောက် ကိုသာ အဓိက သုံးရလုပ်ငန်းတွေကတော့ ဆက်လက်လုပ်ကိုင်တာတွေရှိပါတယ်။ ဒါအပြင် လမ်းပြင် လမ်းခင်းတဲ့လုပ် ငန်းတွေလည်း ဆက်လက်လုပ်ကိုင်နေတာတွေရှိပါတယ်။ တပ်မတော်နဲ့ဆိုင်တဲ့ မြို့ပြသို့မဟုတ် မြို့ပြနဲ့မဝေးတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဆက်လက်လုပ်ဆောင်နေတာတွေရှိပါတယ်။
" ဒီကလမှာကောင်းလာတာ တစ်ခုကတော့ တိုက်ခန်းတွေ ကွန်ဒိုတွေ အရောင်းအဝယ်ဖြစ်လာတယ်" လို ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုပါတယ်။
လက်ရှိအခြေအနေအရ ဘဏ်ထဲမှာ ငွေစုထားဖို့ စိတ်မချတော့တဲ့သူအချို့ဟာ ငွေသားလက်ငင်းပေးစရာမလိုဘဲ ဘဏ်အကောင့်ကနေ ပေးချေ ဝယ်ယူရတဲ့ ကွန်ဒိုနဲ့ တိုက်ခန်းတွေ ဝယ်လာကြတာလို့လည်း သူကဆိုပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းမှာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် စီးပွားရေးကိုနှိုးဆွဖို့အတွက် အရေးပါတဲ့ အင်ဂျင်တစ်လုံးလို့ စီးပွားရေးပညာရှင်အချို့ကသုံးသပ် တာတွေရှိပါတယ်။ ဒီလုပ်ငန်းဟာ အခြေခံလုပ်သားများစွာ အတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်သလို့ ပညာရှင်တွေလည်း အလုပ်အကိုင်ရရှိတဲ့လုပ်ငန်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကြောင့် ရုန်းကန်နေရတဲ့ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းဟာ ရပ်တန့်လုနီးပါး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာလည်း မိုးတွင်းကာလကိုရောက်လာတော့မှာဖြစ်သလို၊ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိတဲ့ လက်ရှိအခြေအနေတွေအရတော့ ၂၀၂၁ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ ခက်ခဲနေလိမ့်မယ်လို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ဆိုပါတယ်။
ဒီအခြေအနေတိုင်းသား ဆက်ဖြစ်နေရင် လာမယ့် သြဂုတ်၊ စက်တင်ဘာ လတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းဟာ ရပ်တန့် သွားနိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင် အချို့က သုံးသပ်နေကြပါတယ်။








