ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီတပ်တွေ မင်းတပ်မြို့ကိုစီးထားပြီး မြို့ပေါ်က လူအများစု ထွက်ပြေးတိမ်းရှောင်နေကြ
လူဦးရေ ၅ သောင်း ဝန်းကျင် သာရှိပြီးချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ဟာ အရင်ကတော့ သဘာဝအခြေခံခရီးသွားတွေ၊ ငှက်ကြည့်သူတွေ၊ဧည့်လမ်းညွှန်တွေ၊ဝင်ထွက်သွားလာနေတဲ့ အေးချမ်းသာယာတဲ့မြို့ကလေးဖြစ်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီတပ်တွေ ထိပ်တိုက်တွေ့တိုက်ပွဲတွေအပြီး ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကတော့ မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်၊အဲ့ဒီနောက် စစ်ရဟတ်ယာဥ်တွေ စစ်ကားတွေရောက်လာခဲ့ကြပြီး မြို့အနှံ့မှာ သေနတ်ပစ်သံတွေ ယမ်းငွေ့တွေဝေနေတဲ့ ဒေသဖြစ်လာခဲ့ပါတယ်။
မင်းတပ်မှာ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမြို့အတွင်း စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်ပင်းကို ကျည်ထိမှန်ခဲ့ပါတယ်။
အဲ့ဒီနေ့ မတိုင်ခင်ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကနေ ၁၅ ရက် အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေကြောင့် လူ ၇ ဦးသေဆုံးခဲ့တယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့စစ်ကောင်စီတပ်တွေ မင်းတပ်မြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ တပ်စွဲနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။
အိမ်ထဲ ပုန်းနေတဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေး လည်ပင်းကျည်ထိမှန်ထားတဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပြီး ဆေးအဖွဲ့တွေ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကုသပေးဖို့က မလွယ်တဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများရန်ပုံငွေအဖွဲ့ကလည်း ချင်းပြည်နယ် မင်းတပ်မြို့မှာ ဖြစ်ပွားလျှက်ရှိတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ဒေသတွင်း ကျန်ရှိနေသူတွေအားလုံး အထူးသဖြင့် ကလေးသူငယ်များနဲ့ လူငယ်များအတွက် ဆေးဝါးထောက်ပံ့မှုတွေ အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများရရှိအောင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
မင်းတပ်မြို့မှာ မေလ ၁၄ ရက်နေ့ကစပြီး အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲပျက်ပြားပြီးနောက် ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး နောက်မြို့ပေါ်ရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် အမျိုးသမီးများနဲ့ ကလေးငယ်များ ဘေးလွတ်ရာရှောင်တိမ်းနေခဲ့ရပါတယ်။
မေလ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ကားတွေပါ တိုက်ခိုက်ခံရအပြီး ထိခိုက်သေဆုံး၊ ပျောက်ဆုံးတာတွေရှိခဲ့ပါတယ်။
မင်းတပ်မြို့နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ကန်ပက်လက်မြို့မှာလည်း ဒီကနေ့ မေလ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြာင်းနဲ့ အင်အားတွေ လာဖြည့်ပြီး တပ်စွဲနေတဲ့အတွက် မြို့ပေါ်က လူတွေဟာ ကျေးရွာတွေဘက်ကို စစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကျေးရွာတွေဘက်ကို ရှောင်တိမ်းနေသူဟာ လူဦးရေရှစ်ထောင်လောက် ရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်
ချင်းပြည်နယ် မှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တချို့ဟာ ဧပြီလကုန်ပိုင်းကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေသလို တချို့နေရာတွေမှာ စစ်တပ်ဘက်က အုပ်စီးပြီးနေရာယူထားတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့မှာ စစ်ရဟတ်ယာဥ် ၃ စီး မင်းတပ် အမှတ်၂၄၇ စစ်တပ်ထဲကို ဆင်းသက်ခဲ့ပါတယ်။ ဂျက်တိုက်လေယာဥ်နှစ်စီးလည်း မြို့ပေါ်မှာ မိနစ်အတန်ကြာပျံဝဲခဲ့ပေမဲ့ မဆင်းသက်ဘဲ ပြန်လှည့်သွားခဲ့ပါတယ်။ ခြိမ်းခြောက်ပျံသန်းမှု ဖြစ်နိုင်တယ်လို့ မြို့ခံတွေက မှန်းဆပြောဆိုကြပါတယ်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ စစ်ကောင်စီက အလွန်အကျွံအင်းအားသုံးဖြိုခွင်းမှုများကြောင့် ပြည်သူတွေအထိနာမှာစိုးပြီး နောက်ဆုတ်ပေးလိုက်တယ်၊ အခုလိုနောက်ဆုတ်ပေးလိုက်ပေမဲ့လည်း စစ်ကောင်စီတပ်က တွေ့သမျှ လူတွေကို ဖမ်းဆီးနှိပ်စက်နေ၊ ဖျက်စီးမြဲအတိုင်းဖျက်စီးနေတယ် လို့မေလ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်၊။
မြို့ပေါ်က ၉၀% သောပြည်သူလူထုဟာ တောထဲတောင်ထဲ အကာအကွယ်မဲ့ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။
မြို့ပေါ်မှာ ပိတ်မိနေတဲ့ပြည်သူတစ်ချို့လည်း ထွက်ပြေးလို့မရအောင် မြို့ပြင်ဘက်ကနေ စစ်တပ်တွေမှ လမ်းတွေပိတ်ပြီး စောင့်ကြပ်ထားတယ်လို့ လည်း မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
တစ်ချို့က လမ်းမဟုတ်တဲ့ ခြုံတောထဲကနေ တောထဲကိုထွက်ပြေးနေကြရတယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ညကလည်း ဟားခါး ဖလမ်းကြားမှာလည်း ဟားခါးကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က ခြောက်ဦးသေကာ ဟားခါးကာကွယ်ရေးတပ်ဘက်ကတော့ ၁ဦးသေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် တီးတိန်မှာလည်း ညပိုင်းပစ်ခတ်မှုကြောင့် တီးတိန်မြို့သားတစ်ဦး သေဆုံးခဲ့သလို မင်းတပ်မှာလည်း တပ်က သိမ်းထားတဲ့ မြို့ထဲမှာ ပစ်ခတ်သံတွေက အဆက်မပြတ် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
တီးတိန် မေလ ၁၆ ရက်နေ့ ညတိုက်ပွဲမှာ တပ်ဘက်က ၄ဦးဒဏ်ရာရခဲ့တယ်လို့လည်းမြဝတီရုပ်သံက မေလ ၁၇ ရက်နေ့ ည သတင်းမှာထုတ်ပြန်သွားခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့ ည မင်းတပ် အနောက်ဘက် တိုက်ပွဲ ထိခိုက်ဒဏ်ရာ ရသူမရှိ သလို ကန်ပက်လက်မှာ လည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ စစ်ကောင်စီရဲ့ မြဝတီရုပ်သံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မင်းတပ်က နောက်ဆုံးသိရတဲ့ သတင်းအရ ကျည်ထိမှန်တဲ့ဒေသခံ ကလေးငယ်ကိုတော့ စစ်တပ်က လာရောက်ခေါ်ဆောင်ပြီး ဆေးကုသပေးတယ်လို့လည်း မင်းတပ်ဘက်က ဒေသခံက ဘီဘီစီကို ပြောပါတယ်။
အခု ရာသီအချိန်ဟာ ချင်းပြည်နယ်ဟာ မကြာခင် မိုးရာသီရောက်လာမှာဖြစ်လို့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ယာယီတဲနဲ့ သောက်ရေ စတာ တွေအပြင် ဆေးဝါးတွေလည်းလိုအပ်နေကြောင်း ဒေသခံတွေကို ကူညီပေးနေသူတွေက ပြောခဲ့ပါတယ်။
ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု CRCH ကတော့ ချင်းပြည်နယ်အတွင်းမှာ အမျိုသမီတွေ ကလေးသူငယ်တွေ အပေါ် စစ်လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေမှုအပေါ် ကန့်ကွက်ကြောင်းနဲ့ အခုလို လုပ်ရပ်တွေဟာ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာ ဖြစ်တယ့်အတွက်ကုလသမဂ္ဂ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူတာတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။