မင်းတပ်မြို့ကိုစစ်ကောင်စီတပ်ဖွဲ့တွေအလုံးအရင်းနဲ့တိုက်ခိုက်နေ

မင်းတပ်မြို့ရေမြေအနေအထားကပြောက်ကျားများအတွက်အားသာချက်ဟုဆို
ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့ရေမြေအနေအထားကပြောက်ကျားများအတွက်အားသာချက်ဟုဆို

မင်းတပ်မြို့မှာ အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲပျက်ပြားပြီးနောက် ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

နောက်ဆုံးအခြေအနေ

မင်းတပ်မြို့အရှေ့ဘက်နဲ့ မင်းတပ်မြို့အနောက်ဘက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ မေလ ၁၃ ရက်မနက်ခင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မေလ ၁၄ ရက်ညနေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ညပိုင်းအချိန်အထိ ဆက်လက်တိုက်နေဆဲဖြစ်ပါတယ်။

ဆွေးနွေးပွဲပျက်ပြားခဲ့

ဧပြီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မင်းတပ်မြို့မှာ ပြည်သူနဲ့ စစ်ကောင်စီစစ်တပ်တို့ ပဋိပက္ခပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီစစ်တပ်ရဲ့ စစ်သား ၃၀ လောက်ဟာ မင်းတပ်မြို့အနောက်ဘက် မိုင်တိုင် ၃၀ အနီးနားမှာ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့နောက်ညှပ်ပိတ်ထားတာကိုခံခဲ့ရပါတယ်။

ပြည်သူဘက်ကတော့ ဆန္ဒပြသူ ၁၂ ဦးအဖမ်းခံထားရပါတယ်။

ဧပြီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီဘက်က ဆွေးနွေးညှိနှိုင်းဖို့ စတင်ကမ်းလှမ်းလာပါတယ်။ စစ်ကောင်စီဘက်က စစ်သား ၃၀ ကိုလွှတ်ပေးဖို့ အေးအေးဆေးဆေး မြို့ထဲဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြည်သူတွေဘက်က လတ်တလောအဖမ်းခံရသူ ၇ ယောက်နဲ့ အရင်ဖမ်းဆီးထားသူ ၅ ယောက် စုစုပေါင်း ၁၂ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီက လတ်တလောဖမ်းထားတဲ့သူ ၇ ယောက်ကို ချက်ချင်းလွှတ်ပေးဖို့သဘောတူပေမဲ့ ကျန်တဲ့ ၅ ယောက်လွှတ်ပေးရေးကို စစ်သား ၃၀ လွှတ်ပေးပြီးရင် ပြန်စဥ်းစားပေးမယ်လို့ဆိုပါတယ်။

ပြည်သူတွေဘက်က စစ်သား ၃၀ ကိုလွှတ်ပေးလိုက်ပါတယ်။ စစ်ကောင်စီက လတ်တလော ဖမ်းထားသူ ၇ ယောက်ကို လွှတ်ပေးပါတယ်။ ဆက်လက်ညှိနှိုင်းကြဖို့ သဘောတူခဲ့ပါတယ်။

မေလ ၁၂ ရက်မှာတော့ ဆွေးနွေးပွဲပျက်ပြားခဲ့ပါတယ်။

“သူတို့ဘက်က တောင်းဆိုချက်အသစ်တင်လာတယ်ဗျ။ ကျန်တဲ့ ၅ ယောက်ထဲက ၄ ယောက်ပဲ လွှတ်ပေးမယ်။ အဲဒါအပြင် မတူပီဘက်ကလာမဲ့ သူတို့စစ်သား ၂၅၀ ကို မင်းတပ်မြို့ထဲက ဖြတ်ပြီး ပခုက္ကူဘက် သွားခွင့်ပေးရမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့လူ ၅ ယောက်စလုံးပြန်လွှတ်ပေးရင်တောင် စစ်သား ၂၅၀ ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ သဘောတူဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့လူ ၄ ယောက်ပဲလွှတ်ပေးမယ်။ ၁ ယောက်ချန်ထားမယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ အဲဒါနဲ့ပဲ ညှိနှိုင်းဆွေးနွေးမှုပျက်သွားပါတယ်” လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ဘီဘီစီကို ပြောပါတယ်။

မင်းတပ်ဆွေးနွေးပျက်ပြီးတိုက်ပွဲဖြစ်ပွား

မင်းတပ်မြို့မှာ ဆွေးနွေးပွဲပျက်တာနဲ့ တပြိုင်နက် စစ်တပ်ဟာ မြို့တွင်းက အရေးပါတဲ့နေရာတွေမှာ နေရာယူထားလိုက်ပါတယ်။

မေလ ၁၂ ရက်ညဘက်မှာ ကျောက်ထုမြို့ဘက်က စစ်ကောင်စီတပ်ဖွဲ့စစ်ကူကားတွေဟာ မင်းတပ်မြို့ဆီ မောင်းနှင်ချီတက်လာပါတယ်။

မင်းတပ်အရပ်သားလက်နက်ကိုင်တွေရဲ့ ချုံခိုတိုက်ခိုက်တာကိုခံခဲ့ရဖူးတဲ့ စစ်ကူကားတွေဟာ ညအချိန်မှာ မြို့ထဲဝင်မလာဘဲ မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာ ရပ်နား စခန်းချနေခဲ့ပြီး မနက်မိုးလင်းမှ ဆက်လက်ချီတက်လာပါတယ်။

မနက်အချိန်မှာ ကျောက်ထုအမြောက်တပ်က အမြောက်နဲ့လှမ်းပစ်ပေးပြီး စစ်ကားတွေဟာ ရှေ့တိုးချီတက်လာပါတယ်။ မြို့အပြင်ဘက် ၅ မိုင်ကွာလောက်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ကြိုတိုက်ခိုက်ပါတယ်။

နာရီပေါင်းများစွာတိုက်ပွဲဖြစ်ပွားခဲ့

အသက် ၁၇ နှစ်အရွယ်နဲ့ အသက်စွန့်တိုက်ခိုက်သွားသူ ဆလိုင်းထန်ဟုန်းထန်း
ဓာတ်ပုံ ပုံစာ, အသက် ၁၇ နှစ်အရွယ်နဲ့ အသက်စွန့်တိုက်ခိုက်သွားသူ ဆလိုင်းထန်ဟုန်းထန်း

မနက် ၇ နာရီခွဲလောက်ကစတဲ့တိုက်ပွဲဟာ ညနေ ၃ နာရီခွဲလောက်အထိ ဆက်တိုက်တိုက်ခိုက်ပြီးနောက်မှာ လက်နက်အင်အားမမျှတဲ့အတွက် ပထမစည်းကနေ နောက်ဆုတ်ပေးလိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

ပထမစည်းမှာ အသက် ၁၇ နှစ်အရွယ် လူငယ်ထန်းဟုန်းထန်းဟာ ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ထန်းဟုန်းထန်းဟာ ဆယ်တန်းဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသားတယောက်ဖြစ်ပါတယ်။

ဒုတိယစည်းကို မင်းတပ်ကာကွယ်ရေးအဖွဲ့က ဆုတ်ပေးလိုက်ပြီးနောက် ခေတ္တ အပစ်အခတ် ရပ်ဆိုင်းသွားပါတယ်။

၄ နာရီခွဲမှာ ဒုတိယအကြိမ်ပြန်လည်ပစ်ခတ်တိုက်ခိုက်ကြရာမှာ တိုက်ပွဲဟာ ည ၈ နာရီခွဲ ၉ နာရီအချိန်အထိကြာမြင့်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ယောက်ဒဏ်ရာရခဲ့ပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ ဗုံးဆန်မှန်ထားတာဖြစ်တဲ့ အတွက် ခွဲစိတ်ကုသရမဲ့ အခြေအနေရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲဘာ့ကြောင့်ကြာသလဲ

တိုက်ပွဲဟာ မနက် ၇ နာရီလောက်ကနေ ညဘက် ၈ နာရီခွဲ ၉ နာရီအချိန်အထိ စုစုပေါင်း ၁၃ နာရီကျော် ၁၄ နာရီနည်းပါး ကြာမြင့်ခဲ့ပါတယ်။ လက်နက်အင်အားသာလွန်သူတွေကို လက်နက်အင်အားနည်းပါးသူက ပြောက်ကျားနည်းအသုံးပြုမတိုက်ခိုက်ဘဲ အချိန်ကြာမြင့်စွာ ခုခံတိုက်ခိုက်တဲ့အတွက် အထိနာခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ တချို့က ဝေဖန်ကြပါတယ်။

နွေဦးဇလပ်ကတော့ “အဓိကကတော့ မြို့မထိစေချင်လို့ပါ။ ဒီကောင်တွေက လက်နက်ကြီးနဲ့ တောက်လျှောက်ထုရင်းနဲ့တက်လာတော့ မြို့နာမှာ စိုးလို့။ ဒီနေ့ဆုံးဖြတ်ထားတာက ဘယ်လိုမှ မြို့အထိမခံဘူး။ မြို့အနာမခံဘူး။ မရမက ကာကွယ်မယ်လို့ ခံယူဆုံးဖြတ်ထားတာပါ။ အဲဒါကြောင့် အချိန်အကြာကြီးခံတိုက်ခဲ့ကြတာပါ။” လို့ဆိုပါတယ်။

“ကျွန်တော်တို့ အချိန်အကြာကြီးတောင့်ခံတယ်ဆိုတာကလည်း ခံတပ်ကြီးလုပ်ပြီးတောင့်ခံတာတော့ မဟုတ်ဘူး။ မြေအနေအထားကလည်း နည်းနည်းအသာစီးရလို့ပါ။ ဟိုဘက်ပုန်းလိုက်ဒီဘက်ပုန်းလိုက်ပေါ့လေ။ အဲဒီနေရာတွေကို သူတို့လက်နက်ကြီးတွေနဲ့ လိုက်ပစ်တာ။ နောက်ဆုံးပုန်းစရာမရှိတော့မှ ကျွန်တော်တို့ ဆုတ်တာပါ။” လို့လည်းဆိုပါတယ်။

မြို့တွင်းနေရာအနှံ့ပစ်ခတ်

မင်းတပ်မြို့တွင်းမှာလည်း ဘဏ်၊ ရဲစခန်းနဲ့ မြို့အနောက်ဘက် ၂၇၄ စစ်တပ်တို့မှာ စစ်သားတွေက နေရာယူထားပြီး မေလ ၁၃ ရက်တနေ့လုံး လိုက်လံပစ်ခတ်နေတယ်လို့ နွေဦးဇလပ်က ဆိုပါတယ်။

“နေရာယူထားတဲ့နေရာတွေကနေ ပစ်တယ်။ လူစုတာမြင်ရင်လည်း လှမ်းပစ်တယ်။ မြို့ထဲမှာတောင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြည်သူတွေက ပြေးကြတယ်။ တချို့က ပုန်းကြတယ်။ ပုန်းကြတဲ့လူတွေထဲကလည်း တယောက် ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရတယ်။ ဒဏ်ရာက သိပ်တော့ မပြင်းထန်ဘူး။ အဆောက်အအုံတချို့လည်း ပျက်စီးကုန်ပါတယ်” လို့ နွေဦးဇလပ်က ပြောပါတယ်။

အဆိုးဆုံးကတော့ မြို့အရှေ့ပိုင်းမှာရှိတဲ့ ရဲစခန်းဟာ အမြင့်ပိုင်းနေရာမှာရှိပြီး အပေါ်စီးကနေ လိုက်လံပစ်ခတ်နေတယ်လို့ဆိုပါတယ်။ မြို့ပတ်လမ်းနဲ့ မြို့တွင်းလမ်းတချို့ကို ရဲစခန်းကနေလှမ်းမြင်စီးမိနေတဲ့အတွက် အဲဒီလမ်းတွေပေါ်ဖြတ်သွားသူမှန်သမျှကို ပစ်ခတ်နေတယ်လို့ မြို့ခံတဦးကလည်း ဘီဘီစီကိုပြောပါတယ်။

ညပိုင်းမှာတော့ အမှတ် ၁ အထက်တန်းကျောင်း၊ စည်ပင်သာယာစျေး အပေါ်ထပ်တို့မှာ နေရာယူထားပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးဥပဒေလည်း ထုတ်ပြန်လိုက်ပါတယ်။

ညနေပိုင်းမှာ လမ်းပေါ်ယောက်ျားလေးထွက်လာရင်ကို ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

ကန်ပက်လက်မှာတိုက်ခိုက်မှုဖြစ်

မင်းတပ်မြို့မှာ တိုက်ပွဲငြိမ်သွားချိန်မှာ ကန်ပက်လက်မြို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ မြို့အလယ်မှာရှိတဲ့ ဘဏ်ကို စောင့်နေတဲ့ ရဲတွေကို တူးမီးနဲ့ သွားရောက်ချောင်းမြောင်းပစ်ခတ်မှုရှိခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗုံးပေါက်ကွဲသံကိုလည်း ကြားခဲ့ရတယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

အနောက်ဘက်စစ်မျက်နှာမှာလည်းတိုက်ပွဲဖြစ်ပွား

မင်းတပ်မြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Khonumthung

ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့မြင်ကွင်း

မြို့အရှေ့ဘက် ကျောက်ထုဘက်ကလာတဲ့ စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမပြီးဆုံးသေးမီမှာပဲ မတူပီကလာတဲ့ စစ်ကားတွေဟာ မင်းတပ်မြို့အနောက်ဘက်က ဝင်လာကြပါတယ်။ မြို့အနောက်ဘက် မိုင် ၄၀ အကွာမှာ မြို့ပေါ်နဲ့ကျေးရွာက ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ဆီးကြိုတိုက်ခိုက်ကြပါတယ်။ အဲဒီနေရာဟာ ပထမအကြိမ်ဧပြီလကုန်ပိုင်းတုန်းက စစ်သားတော်တော်များများ ကျဆုံးပြီး စစ်သား ၃၀ ကျော် အပိတ်ဆို့ခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။

အနောက်ဘက်စစ်မျက်နှာမှာ တိုက်တဲ့တိုက်ပွဲဟာ ၁၃ ရက်ည ၈ နာရီကျော်ကတည်းက စတင်ခဲ့ပြီး မေလ ၁၄ ရက် ည ၈ နာရီကျော်အချိန်ထိလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

အရပ်သားကာကွယ်ရေးတပ်သားတွေဘက်က မိုင် ၂၀ အထိဆုတ်ခွာပေးခဲ့ရပါတယ်။ အနောက်ဘက်စစ်မျက်နှာမှာ နှစ်ဘက် အကျအဆုံးရှိမရှိမသိရသေးပါဘူး။

အရှေ့ဘက်စစ်မျက်နှာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွား

အရှေ့ဘက်စစ်မျက်နှာမှာ မေလ ၁၄ ရက် မနက် ၆ နာရီခွဲလောက်ကတည်းက တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ညနေ ၅ နာရီထိုးလောက်အထိ အရှေ့ဘက် စစ်မျက်နှာမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အရပ်သားကာကွယ်ရေးတပ်ဖွဲ့လူငယ် ၅ ယောက်သေဆုံး

စစ်ကောင်စီဘက်က RPG လောင်ချာ၊ ပခုံးထမ်းလောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွေဦးဇလပ်က ပြောပါတယ်။ ဘီးတပ်အမြောက်တွေနဲ့ ကျောက်ထုဘက်ကနေ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မေလ ၁၃ ရက်နေ့က အရှေ့ဘက် စစ်မျက်နှာမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ထန်းဟုန်းထန်းဆိုတဲ့ လူငယ်ကျဆုံးခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့မှာလည်း အရှေ့ဘက် စစ်မျက်နှာမှာပဲ မန်ကီးထန်း အပါအဝင် လူငယ် ၄ ယောက်ထပ်မံကျဆုံးခဲ့ပါတယ်။ ထပ်မံကျဆုံးသူလူငယ် ၄ ယောက်ဟာ အမြောက်ဆန်ထိမှန် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်တပ်ကအင်အားအများအပြားထပ်မံဖြည့်တင်းနေ

စစ်ကောင်စီစစ်တပ်ကအင်အားအများအပြားထပ်မံဖြည့်တင်းနေ

ဓာတ်ပုံ ရင်းမြစ်, CHRO

မေလ ၁၄ ရက်နေ့မှာ စစ်ရဟတ်ယာဥ် ၃ စီး မင်းတပ် ၂၄၇ စစ်တပ်ထဲကို ဆင်းသက်ခဲ့ပါတယ်။ ဂျက်တိုက်လေယာဥ်နှစ်စီးလည်း မြို့ပေါ်မှာ မိနစ်အတန်ကြာပျံဝဲခဲ့ပေမဲ့ မဆင်းသက်ဘဲ ပြန်လှည့်သွားခဲ့ပါတယ်။ ခြိမ်းခြောက်ပျံသန်းမှု ဖြစ်နိုင်တယ်လို့ မြို့ခံတွေက မှန်းဆပြောဆိုကြပါတယ်။

ညနေပိုင်းမှာတော့ ကျောက်ထုလေဆိပ်မှာ စစ်သား အယောက် ၂၅၀ ကျော် လေယာဥ်နဲ့ ဆင်းသက်လာတယ်လို့ ကျောက်ထုဘက်က ဒေသခံတွေကပြောပါတယ်။ ထပ်မံဆင်းသက်လာဦးမယ်လို့လည်း သတင်းထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

“ဘာလုပ်ဖို့လာတယ်ဆိုတာနဲ့ ဘယ်သွားဖို့ဆိုတာတော့ မသိဘူးဗျ။ မင်းတပ်သွားဖို့ပဲ နေမှာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ မင်းတပ်အတွက် စိုးရိမ်တာပါပဲ။” လို့ ကျောက်ထုဒေသခံတဦးက ဆိုပါတယ်။

တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်အင်အားအလွန်ကွာခြားတဲ့ အရပ်သားတွေက နာရီပေါင်းများစွာကြာမြင့်အောင် ခုခံထားနိုင်တာဟာ အံ့သြဖွယ်ရာ ဖြစ်ပါတယ်။

မြို့တွင်းမှာပါ မေလ ၁၄ ရက်နေ့မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်မှုရော စနိုက်ပါနဲ့ ပစ်ခတ်မှုပါရှိနေတဲ့ အတွက် တိုက်ပွဲထဲမှာ မပါဝင်တဲ့ အရပ်သားအားလုံးဟာ အိမ်ထဲကအိမ်ပြင်မထွက်ရဲကြပါဘူး။