ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM နဲ့ ၅၀၅-က ဖမ်းဝရမ်း
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ဝင်နေကြတဲ့ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများကို နည်းပေါင်းစုံနှင့် ခြိမ်းခြောက် အကြပ်ကိုင်လျက်ရှိတယ် လို့ ရန်ကုန်မြို့က CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန် တယောက်က ပြောပါတယ်။
အဲဒီ ဆရာဝန်က သူ့ရဲ့ လုံခြုံရေး အရ ဘယ်သူ ဘယ်ဝါဆိုတာကို မဖော်ပြဖို့ တောင်းဆိုထားပါတယ်။
၅၀၅-က နဲ့ ဖမ်းဝရမ်း
မြန်မာနိုင်ငံမှာ ညစဉ် ည ၈ နာရီ MWD,MRTV သတင်းမှာ ဆရာဝန် အယောက် ၂၀၊ ပုံမှန်ပြည်သူ အယောက် ၂၀ ကို ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ပြီး အရေးယူတာတွေ ရှိပါတယ်။
စာရင်းမှာ ပါတဲ့ ဆရာဝန်တွေကို လက်ခံဆေးကုခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကိုလည်း အမည် လိပ်စာ အတိအကျ၊ ဓာတ်ပုံနဲ့ လုပ်ငန်းလိုင်စင်ပိတ်သိမ်းကြောင်း ကြေညာတာတွေလည်း ရှိပါတယ်။
အဲဒီလို ၅၀၅-က စာရင်း ထုတ်လာခဲ့တဲ့ နောက်ပိုင်းမှာ အစိုးရဆေးရုံအများစုက CDM ဝင်နေကြတဲ့ ဆရာဝန်အကြီး အများစုနဲ့ ဆရာဝန်ငယ်တချို့က ဆေးရုံတွေမှာပြန်သွား အလုပ်လုပ်ဖို့ သတင်းပို့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အလုပ်ပြန်တက်ကြတဲ့ထဲမှာ ၅၀၅-က စာရင်းထုတ်ခံရတဲ့ ဆရာဝန်တချို့လဲ ပါတယ်လို့ သူက ပြောပါတယ်။ အလုပ်ပြန်တက်တဲ့အတွက် ၅၀၅-က စာရင်းကနေ ထုတ်ပယ်ပေးခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။
သူတို့ဆေးရုံမှာတော့ ဆရာဝန်၊သူနာပြု၊တခြားဌာနတွေက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေအပါအဝင် ဝန်ထမ်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ဆေးရုံမှာ အလုပ်ပြန်ဝင်နေကြတယ်လို့ ဆိုပါတယ်။
သူ့ကိုတော့ ဆေးရုံက တိုက်ရိုက်ဆက်သွယ်တာ မရှိသေးဘဲ ဆေးရုံက ထုတ်တဲ့ အမိန့်စာကို အချင်းချင်းကြားက ပြန်သိရတယ်လို့ ပြောပါတယ်။
အလုပ်ပြန်ဝင်ကြတဲ့ ဆရာဝန်တွေထဲမှာ အစက CDM ဆိုပြီး CRPH စာရင်းထဲဖြည့်ထားပြီး မှ Non CDM ပြောင်းပြီး ဆေးရုံသွားသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
ရန်ကုန်က ဆေးရုံအုပ် အများစုက ဧပြီ လကုန် ထိမှ အလုပ်ခွင်ကို ပြန်မလာရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို ပျက်ကွက်စာရင်းတင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ အရင်က ဧပြီ ၂၀ ရက် ထိ အလုပ်ခွင်ကို ပြန်မလာရင် အရေးယူတော့မယ် ကြေညာထားပြီး နောက်ပိုင်းမှာတော့ လကုန်အထိ ရက်တွေ ထပ်တိုးထားခဲ့တာ ဖြစ်ပါတယ်။
တချို့ဆေးရုံက ဆေးရုံအုပ်တွေက တရားဝင်စာထုတ် အသိပေးတာမျိုးတွေ ရှိပေမယ့် တချို့ဆေးရုံအုပ်တွေက တရားဝင် စာထုတ်တာလဲ မရှိ၊ social media ကနေ ဆက်သွယ်တာမျိုးလည်း မလုပ်ကြဘဲ ကြားလူကဆင့် အဲဒီသတင်းကိုပြောခိုင်းပြီး ဖြန့်ခိုင်းတာ၊ ဆေးရုံပြန်မလာရင် ၅၀၅-က နဲ့ ဝရမ်းထုတ်ခံရနိုင်ကြောင်း၊ အဖမ်းခံရနိုင်ကြောင်း ကြားလူကတဆင့် ဖြန့်ခိုင်းနေတယ်လို့ အဲဒီ ဆရာဝန်က ဘီဘီစီကို ပြောပါတယ်။
အဲဒါတွေအပြင် ၅၀၅-က စာရင်းပါ CDM ဆရာဝန်တွေကို ဖမ်းဝရမ်းထုတ်တာသာမက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ပယ်ဖျက်ပြီး သက်ဆိုင်ရာဌာနတွေမှာ အမည်ပျက်စာရင်းသွင်းထားတယ်လို့လည်း ဒီလထဲမှာ ကြေညာထားပါတယ်။
ဒီလို အခြေအနေတွေကြားမှာပဲ အစိုးရသတင်းစာတွေထဲမှာ ဆေးရုံတချို့က ဌာနတချို့ ပြန်လည်ပတ်တာကို ဖော်ပြတာတွေ့ရပြီး ဝေးလံတဲ့ ဒေသတချို့က ဆေးရုံတချို့မှာတော့ စစ်တပ်က ဆရာဝန်ကြီးတွေရဲ့ အကူအညီတွေနဲ့ လည်ပတ်နေတာကို ဖော်ပြနေပါတယ်။
ရန်ကုန်က CDM အခြေအနေတစ်ခု
ဆေးတက္ကသိုလ် (၁) ရန်ကုန် က ဆရာ၊ ဆရာမများနဲ့ အလုပ်သမားတွေကိုလဲ လက်ရှိ ယာယီပါမောက္ခချုပ်က အလုပ်ပြန်တက်ရန် ဖိအားပေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အလုပ်ပြန်တက်သူတွေကို ဆေး (၁) ဝင်းထဲမှာ ရဲနဲ့ စစ်သား အင်အားအများအပြားနဲ့ အစောင့်ချပြီး စောင့်ကြည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
တချို့ ဆရာ၊ ဆရာမတွေကိုတော့ အလုပ်ထွက်စာပေးတင်မယ်လို့ပြောခေါ်ပြီးမှ ရောက်တော့ အလုပ်ပြန်တက်ကြောင်း report တင်ခိုင်းပြီး လခ ထုတ်ခိုင်းကြောင်း၊ လခထုတ်တဲ့သူမှန်သမျှကို ဖေဖော်ဝါရီနဲ့ မတ်လမှာ လခ လာထုတ်တာ ကျောင်းတံခါးကြီးပိတ်ထားလို့ မထုတ်ရတာပါဆိုပြီး မှတ်ချက်တွေ ရေးခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။
ဆေး (၁) အိမ်ရာဝင်းက CDM လုပ်တဲ့ အခြားအဆင့်ဝန်ထမ်းတွေကိုလည်း အိမ်ရာကနေ ဖယ်ခိုင်းတယ်လို့ အဲဒီဆရာဝန်က ဘီဘီစီကို ပြောပါတယ်။
သူကတော့ ရသလောက် နောက်ဆုံးအချိန်ထိ တောင့်ခံပြီး CDM လုပ်ဖို့ စဥ်းစားထားတယ်လို့ ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေး နဲ့ ပညာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးရဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ CDM ဝင်နေကြတဲ့ သူတွေအတွက် ဆောင်ရွက်သွားမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ လုပ်ဆောင်နိုင်ရင်တော့ မျှော်လင့်ချက်ရှိတယ်၊ သူတို့ ဘက်ကလည်း ကြိုးစား အားတင်းထားကြပါတယ်လို့ ပြောပါတယ်။