ကလေးသပိတ်တိုက်ပွဲသုံးသပ်ချက်

တာဟန်း မှာ ဧပြီ ၇ ရက်နေ့က သပိတ်စခန်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တာဟန်း မှာ ဧပြီ ၇ ရက်နေ့က သပိတ်စခန်းတိုက်ခိုက်ခံရ

ဧပြီလ ၇ ရက်နေ့မှာ ကလေးမြို့တာဟန်းသပိတ်ကို စစ်တပ်ကဖြိုခွဲနှိမ်နင်းမှုကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့ပါတယ်။ ဒီဖြိုခွဲမှုဟာ ရုတ်တရက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။

စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်ခဲ့

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်တွေဟာ ကလေးမြို့ တာဟန်းသပိတ်ကို ဖြိုခွဲဖို့ အတွက် အရင်ရက်တွေကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ တာဟန်းသပိတ်ရဲ့ ရှေ့မျက်နှာစာနဲ့ တစ်ဖာလုံလောက်အကွာမှာ စစ်တပ်က အရင်ရက်ကတည်းက ရှေ့တိုးနေရာယူထားခဲ့ပါတယ်။ သပိတ်ရဲ့နောက်ဘက်မှာလည်း လေးမိုင်အကွာလောက်မှာရှိတဲ့ ကလေးတက္ကသိုလ်နားမှာ စစ်တပ်က အသင့်နေရာယူထားခဲ့ပါတယ်။

ကလေးမြို့တာဟန်း သပိတ်ကို ဖြိုခွဲမယ်ဆိုတဲ့ သတင်းတွေကလည်း တစ်ရက်ကြိုတင်ထွက်ပေါ်ခဲ့ပါတယ်။ တာဟန်းက သပိတ်စခန်းမှာ သဲအိတ်အကာအရံတွေနဲ့ ခံတပ်သဖွယ်ပြုလုပ်ထားပြီး သပိတ်မှာပါဝင်သူတွေက သူတို့စခန်းကို သပိတ်ခံတပ်လို့ခေါ်ကြပါတယ်။ သပိတ်ခံတပ်က လူငယ်တွေဟာ သတင်းကြောင့် တစ်ညလုံးမအိပ်ဘဲ သတိနဲ့ စောင့်ကြပ်နေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနက်အရုဏ်တက်ချိန်မှာတော့ ဖြိုခွဲမဲ့စစ်တပ်မလာတော့ဘူးလို့ယူဆပြီး အိပ်ကြပါတယ်။

လူအများအပြား ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လူအများအပြား ဖမ်းဆီးခံရ

အရုဏ်တက်ချိန်မှာအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်

မနက် ၅ နာရီထိုးအချိန်မှာ စစ်တပ်ရောက်လာပြီး ဗုံးသီးလောင်ချာနဲ့ ၃ ချက်စပစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“RPG လောင်ချာထက်တောင်ကြီးတဲ့ ဗုံးသီးလောင်ချာတွေကို သုံးခဲ့တယ်လို့ လက်နက်ကြီးနဲ့ ရင်းနှီးကျွမ်းဝင်သူတွေက ပြောကြပါတယ်ဗျာ။ ၃ ချက်စပစ်ရာမှာ ပထမနှစ်ချက်က ခံတပ်ကို ဖြိုဖျက်ပါတယ်။ တတိယအချက်မှာ လူကိုစထိပါတယ်။” လို့သပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တာဟန်းသပိတ်ခံတပ်မှာ တာဟန်းအဝင်အရှေ့ဘက်ခံတပ်နဲ့ တာဟန်းအနောက်ဘက် မွန်းလိုင်ရွာခံတပ် နှစ်ခုရှိပါတယ်။ စစ်တပ်က နှစ်ဖက်စလုံးမှာ ရှေ့နောက်ညှပ်ပြီး လာရောက်တိုက်ခိုက်တာပါ။

တာဟန်းသပိတ်ရဲ့ တောင်ဘက် တစ်မိုင်လောက်အကွာမှာလည်း အခိုင်အမာခံတပ်တစ်ခု ဆောက်လုပ်ထားပါတယ်။ တာဟန်းရဲ့တောင်ဘက် နေပြည်တော်ရပ်ကွက်နဲ့ တောင်ဇလပ်ရပ်ကွက် အကြားက လမ်းပေါ်မှာ ခံတပ်ကို ဆောက်လုပ်ထားတာပါ။ တောင်သာရွာနားမှာ ရှိတဲ့ အတွက် တောင်သာခံတပ်လို့လည်း ခေါ်ကြပါတယ်။ ဒါပေမဲ့ တောင်ဘက်က အတားအဆီး တောင်သာခံတပ်ဟာ ပင်မသပိတ်နဲ့ ကွာလှမ်းလွန်းသွားတဲ့ အတွက် စစ်တပ်က ၃ ဖာလုံအကွာလောက်မှာရှိတဲ့ အထက ၂ စာသင်ကျောင်းထဲကနေ ကြားဖြတ်ထိုးဖောက် ဝင်ရောက်လာခဲ့ပါတယ်။ တောင်သာခံတပ်နဲ့ တာဟန်းခံတပ်ဟာ မပေါင်းစပ်လိုက်နိုင်ပါဘူး။

ပေါင်းစပ်မှု၊ ချိတ်ဆက်မှုအားနည်းခဲ့တာဟာ အားနည်းချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ သပိတ်ဖြစ်စဥ်ကို လေ့လာခဲ့တဲ့ ကိုထွန်းထွန်းကဆိုပါတယ်။

မတ်လ ၂ ရက်နေ့က ကလေးမြို့ဖြိုခွဲမှုမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ်လ ၂ ရက်နေ့က ကလေးမြို့ဖြိုခွဲမှုမြင်ကွင်း

သပိတ်ဘက်ကအချိန်ကြာကြာခုခံခဲ့

စစ်တပ်ဘက်က ဗုံးသီးလောင်ချာနဲ့ စက်သေနတ်တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့သလို စနိုက်ပါနဲ့ ချောင်းမြောင်းပစ်ခတ်မှုလည်း ရှိခဲ့ပေမဲ့ သပိတ်ခံတပ်ဘက်က တူးမီးသေနတ်၊ ဓာတ်ငွေ့သေနတ်၊ လက်လုပ်သေနတ်တွေကိုသာ အသုံးပြုနိုင်တဲ့အတွက် လက်နက်အင်အား အလွန်ကွာခြားပါတယ်။ လက်နက်အင်အားကွာခြားတဲ့အတွက် အချိန်ကြာကြာ ရင်ဆိုင်ခုခံတဲ့အခါ မနက် ၇ နာရီခွဲလောက်မှာ သပိတ်ဘက်က လူသေဆုံးမှု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

“လက်နက်အင်အားကွာခြားတဲ့အတွက် အချိန်ကြာကြာ ရင်ဆိုင်တိုက်ခိုက်တာမျိုး မလုပ်သင့်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြောက်ကျားတိုက်ခိုက်မှုရဲ့ သဘာဝအရ၊ ရန်သူကအလုံးအရင်းနဲ့လာတိုက်ပြီဆိုရင် လက်နက်အင်အားနည်းတဲ့ကိုယ့်ဘက်က ကြာရှည်မခုခံဘဲ ရှောင်တိမ်းသွားကြဖို့ အားလုံးကို ကျွန်တော်တို့ ကြိုပြောထားပါတယ်။ ဒါပေမဲ့ လူငယ်တွေက ဒေါသနဲ့ မခံချင်စိတ်က သိပ်ပြင်းထန်လာတော့ အသေခံချမယ် ဆိုတာမျိုးဖြစ်ကုန်ပါတယ်။ ကျွန်တော်တို့လည်း သိပ်စိတ်ထိခိုက်ပါတယ်ဗျာ။” လို့ သပိတ်ကို ဦးဆောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုမောင်ကြီးက ဘီဘီစီကို ပြောပါတယ်။

မနက် ၈ နာရီထိုးအချိန်မှာ ၃ ယောက်ကျဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ သပိတ်ခံတပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ကိုဇော်ဟာ လက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာပဲ ကိုဇော်ဟာ အဲဒီဒဏ်ရာက သွေးထွက်လွန်ပြီး သေဆုံးခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အောင်သစ္စာရပ်ကွက်က ကိုအာကာ ဟာ ပထမဆုံးကျဆုံးသူဖြစ်ပါတယ်။

၈ နာရီခွဲလောက်မှာ သပိတ်စခန်းကို အရှေ့အနောက်တိုးလျှိုဖောက်ဖြစ်ပြီး စစ်တပ်က စီးနင်းနိုင်သွားပါတယ်။ သပိတ်ခံတပ်ကလူတွေဟာ လမ်းကြားတွေထဲဆုတ်ခွာပြီး ခုခံကြပါတယ်။ စစ်တပ်က တာဟန်းတောင်ဘက် နေပြည်တော်ရပ်ကွက်ထဲမှာပါ ပစ်ခတ်ခဲ့ပါတယ်။

၉ နာရီခွဲမှာ ကျဆုံးသူ ၅ ယောက်အထိရှိလာခဲ့ပါတယ်။

သပိတ်ဖြိုခွဲခံရတဲ့ နေ့ကကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သပိတ်ဖြိုခွဲခံရတဲ့ နေ့ကကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး မြင်ကွင်း

တာဟန်းမြို့တွင်း စည်ကားတဲ့နေရာတွေ၊ တိုက်တာတွေကြားထဲမှာပါ လိုက်လံပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ဒေသခံတွေလည်း နေအိမ်ပြတင်းပေါက်ဖွင့်ကြည့်ရင်တောင် အပစ်ခတ်ခံရတယ်လို့ ကိုမောင်ကြီးကပြောပါတယ်။

အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်တွေက ပိတ်ထားတဲ့အတွက် သပိတ်အဖွဲ့ဝင်တချို့က မြောက်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့အခါ စစ်တပ်က မြောက်ဘက်ကိုပါ စစ်ကားတွေနဲ့ အမြန်သွားရောက်ပိတ်ဆို့ခဲ့ပါတယ်။

သပိတ်စခန်းရဲ့ အသေတပ်စွဲထားမှု

“သပိတ်စခန်းကို အသေနေရာယူတပ်စွဲထားတာဟာ လက်နက်ကိုင် အကြမ်းဖက်မဲ့သူ အတွက် အချိန်ယူပြီး စနစ်တကျပြင်ဆင်ချိန်ရသွားခဲ့တယ်ဗျ။ နောက်တခါ ရှေ့ဘက်နဲ့ နောက်ဘက်မှာ သူတို့က စစ်တပ်တွေနေရာယူပြီး ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ဖို့ပြင်ဆင်လာတာကို ကြိုတင်သိပေမဲ့ တပ်စွဲထားတဲ့ ခံတပ်နေရာကို မစွန့်ခွာချင်ဘဲ နေရာ အသေယူထားလိုက်မိတော့ သိသိနဲ့ အဝိုင်းခံလိုက်ကြရတယ်။ လူထုဘက်က ခံစစ်သေဖြစ်သွားတယ်ဗျ။” လို့သပိတ်ကို အနီးကပ်လေ့လာခဲ့သူကိုထွန်းထွန်းက ပြောပါတယ်။

“တိုက်ပွဲကြောင့်ကျဆုံးကြတာကတမျိုး၊ နောက်ထပ်အဖမ်းဆီးခံရမှာကတမျိုးနဲ့ ကျွန်တော်တို့ တော်တော် စိုးရိမ်ခဲ့ကြရပါတယ်။ ၁၀ နာရီခွဲအချိန်လောက်ကျမှ ကြိုတင်စီစဥ်ထားတဲ့ ပုန်းခိုရာနေရာကို တော်တော်များများ ရောက်သွားတယ်လို့သိရပါတယ်။ အရေးကြုံရင် ပုန်းခိုစရာ အန္တရာယ်ကင်းနိုင်မဲ့ နေရာတချို့ကို ကြိုတင်စဥ်းစားစီစဥ်ထားလိုက်မိတာကတော့ အားသာချက်တစ်ခုပါ။ အဲသလိုမဟုတ်ရင် အဖမ်းဆီးခံရတာတွေ ဒီ့ထက်ပိုများနိုင်ပါတယ်။” လို့သပိတ်တိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူ ကိုမောင်ကြီးက သုံးသပ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

၁၀ နာရီခွဲနောက်ပိုင်းအချိန်မှာတော့ စစ်တပ်က လမ်းဒေါင့်တိုင်းမှာ နေရာယူထားပြီး မည်းမည်းမြင်ရာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဘာမှမမြင်ရင်လည်း မိုးပေါ်ထောင်ပြီး ခြိမ်းခြောက်ပစ်ဖောက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

၁၂ နာရီဝန်းကျင်လောက်မှာ ဝက်စာသွားယူတဲ့လူ နှစ်ယောက်အပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ တာဟန်း ချင်းခရစ်ယာန်အသင်းတော်တခုကတည်ထောင်ထားတဲ့ ဝက်စလီဆေးရုံရဲ့ ဂိတ်စောင့်တစ်ယောက်ဟာလည်း အပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ကာယကံမေတ္တာလူမှုရေးအသင်းက သယ်ဆောင်လာတာလည်း ရုပ်အလောင်း ၅ လောင်းရှိခဲ့ပါတယ်။

နောက်ဆုံးအတည်ပြုချက်အရ သပိတ်ခေါင်းဆောင် ကိုဇော်၊ တက္ကသိုလ်ကျောင်းသား ကိုအာကာ အပါအဝင် ရုပ်အလောင်း ၁၀ လောင်း ရရှိခဲ့ပါတယ်။ အတည်ပြုနိုင်တဲ့ သေဆုံးသူစာရင်းက ၁၂ ယောက်ဖြစ်ပါတယ်။

တာဟန်းသပိတ်ကို စစ်တပ်ကဖြိုခွင်းနေစဥ်
ဓာတ်ပုံ ပုံစာ, တာဟန်းသပိတ်ကို မတ်လကုန်ပိုင်းက စစ်တပ်ကဖြိုခွင်းနေစဥ်

ညီညွတ်ရေးပျက်ပြားခြင်း

ကလေးသပိတ်ခံတပ် အထိနာရတဲ့ အကြောင်းတွေထဲမှာ ညီညွတ်ရေးပျက်ပြားခဲ့တာကလည်း အကြောင်းတကြောင်း ဖြစ်နိုင်တယ်လို့ကိုထွန်းထွန်းက သုံးသပ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းက ရဲ ၇ ယောက်ကို တာဟန်းသပိတ်ခံတပ်က ဖမ်းဆီးမိခဲ့ပါတယ်။ တာဟန်းက ဖမ်းဆီးမိထားတဲ့ ရဲ ၇ ယောက်ကို သပိတ်ခေါင်းဆောင်တွေနဲ့ လဲလှယ်ဖို့ စစ်တပ်ဘက်က ကမ်းလှမ်းခဲ့ပါတယ်။ သပိတ်ခေါင်းဆောင်တချို့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။ အဲသလိုညှိနှိုင်းရာမှာ ရဲ ၇ ယောက်ကို လွှတ်ပေးခဲ့ပေမဲ့ သပိတ်ခေါင်းဆောင်တွေကို ပြန်မရခဲ့ပါဘူး။

စစ်တပ်ဘက်က သပိတ်ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ သဘောတူထားပေမဲ့ တိုက်ပွဲအတွက် ခေါင်းဆောင်တွေလာက်အရေးမကြီးသူ ၉ ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီလူတွေဟာ ညဘက် ကင်းစောင့်ရင်း အဖမ်းခံရတဲ့သူတွေလိုမျိုးဖြစ်ပြီး ဓားစာခံလဲလှယ်ဖို့ သဘောတူညီချက်မရှိရင်တောင် စစ်တပ်ဘက်က ပြန်လွှတ်ဖို့ နဂိုကတည်းက စီစဥ်ထားပြီးသားလို့ ဆိုပါတယ်။

အဲသလို ဓားစာခံလဲလှယ်ရေးမှာ သပိတ်ဘက်က နစ်နာခဲ့တာနဲ့ ပတ်သက်ပြီး သွားရောက်ညှိနှိုင်းသူခေါင်းဆောင်တွေကို အပြစ်တင်တာတွေ၊ သံသယဝင်တာတွေရှိခဲ့ပါတယ်။ အဲဒါကြောင့် သပိတ်ထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ညီညွတ်ရေးပျက်ပြားခဲ့တယ်လို့ ကိုမောင်ကြီးကရော ကိုထွန်းထွန်းကပါ သုံးသပ်ကြပါတယ်။

ညီညွတ်ရေးပျက်ပြားခဲ့တဲ့အတွက် တချို့အစီအစဥ်တွေကို သေသေချာချာမချမှတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

စည်သာရွာ ထိပ်တိုက်တွေ့မှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စည်သာရွာ ထိပ်တိုက်တွေ့မှု

ဂန့်ဂေါသင်ခန်းစာ

ကလေးသပိတ်ခံတပ်တိုက်ပွဲနဲ့ ဂန့်ဂေါမြို့ပေါ်မှာ ဖြစ်ပွားသွားတဲ့ တိုက်ပွဲတွေကို နှိုင်းယှဥ်သုံးသပ်ရင် ဂန့်ဂေါမြို့ပေါ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲဆီက အတုယူသင်ခန်းစာယူစရာတွေရှိတယ်လို့ ကိုထွန်းထွန်းက ဆိုပါတယ်။

ဂန့်ဂေါမြို့မှာ မြစ်သာမြစ်တဖက်ကမ်းကို ပြည်သူတွေက နေရာယူခုခံခဲ့ပါတယ်။ စစ်ကောင်စီစစ်တပ်က မြစ်သာမြစ် အရှေ့ဘက်မှာ နေရာယူ တိုက်ခိုက်နှိမ်နင်းခဲ့ပါတယ်။ အဲသလို တိုက်ခိုက်ရာမှာ ပြောက်ကျား အဖွဲ့ အသေးလေးတွေက မြစ်သာမြစ် အရှေ့ဘက်အခြမ်းက စစ်ကောင်စီစစ်တပ်ကို အနှောင့်အယှက်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖွဲ့က လျှပ်တစ်ပြက်ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်ပြီး စစ်တပ်က ပြန်တိုက်ရင်ထွက်ပြေးကြပါတယ်။ အဲသလို တစ်ဖွဲ့က ထွက်ပြေးချိန်မှာ နောက်ထပ် တစ်ဖွဲ့က ရောက်လာပြီး နောက်ကဝင်တိုက်ပါတယ်။ အဲသလိုပုံစံနဲ့ အဖွဲ့သေးသေးလေးတွေက အနှောင့်အယှက်များစွာပေးခဲ့ရာမှာ စစ်ကောင်စီစစ်တပ်ဘက်က ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ကိုထွန်းထွန်းက ဆိုပါတယ်။

ကလေးမြို့မှာ အဲသလိုပြောက်ကျားဆန်ဆန် ပြန်လည် ထိုးစစ်ဆင်နိုင်တာ မရှိဘူးလို့ ကိုထွန်းထွန်းက သုံးသပ်ပါတယ်။

ကလေးမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့များ စောင့်ကြပ်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးမြို့ပေါ်မှာ လုံခြုံရေးအဖွဲ့များ စောင့်ကြပ်နေစဥ်

စုပေါင်းသုံးသပ်ချက်

ညီညွတ်ရေးပျက်ပြားခဲ့ခြင်း၊ ဦးဆောင်တဲ့အဖွဲ့အစည်းမရှိခြင်း၊ လေ့ကျင့်သင်တန်းပေးထားသူတွေ မဟုတ်တဲ့အတွက် အမိန့်နာခံမှု အားနည်းခြင်း၊ နေရာအသေယူပြီး ခံစစ်သေသုံးစွဲခြင်း၊ လက်နက်အင်အားမမျှဘဲ အချိန်ကြာရှည်ဆွဲခုခံခြင်း၊ ပြောက်ကျားနည်းစနစ်ကို အပြည့်အဝမသုံးနိုင်ခဲ့ခြင်းဆိုတဲ့ အားနည်းချက်တွေရှိခဲ့လို့ ကလေးသပိတ်ခံတပ်ဟာ အထိနာခဲ့တယ်လို့ ကိုထွန်းထွန်းနဲ့ ကိုမောင်ကြီးတို့က သုံးသပ်ကြပါတယ်။ ပုန်းခိုစရာနေရာတွေကြိုတင်စီစဥ်ထားတဲ့အတွက် အဖမ်းဆီးခံရတဲ့အရေအတွက် သိပ်မများတာကတော့ အားသာချက်တချက်လို့ဆိုပါတယ်။

ကလေးမြို့ရဲ့ နောင်အလားအလာနဲ့ပတ်သက်ပြီး ကိုထွန်းထွန်းက အခုလိုဆိုပါတယ်။

“ထိခိုက်ဆုံးရှုံးမှုများခဲ့တာကို ကျွန်တော်တို့ တော်တော်စိတ်ထိခိုက်မိပါတယ်ဗျာ။ ဒါပေမဲ့ အဆိုးထဲက အကောင်းကို ပြောရရင် လူအများအပြား လွတ်မြောက်ခဲ့ပါတယ်။ တစ်နည်းနည်းနဲ့တော့လှုပ်ရှားမှုပြန်ပေါ်လာဦးမယ်လို့ ထင်မိပါတယ်။”