ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပက မြန်မာ သံရုံးဝန်ထမ်းတွေကို နေပြည်တော်ကို ပြန်လည်ခေါ်ယူ
ပြည်ပနိုင်ငံတွေက မြန်မာသံရုံးအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံရုံးဝန်ထမ်း အရာရှိ အဆင့် ၄၂ ယောက်နဲ့ စာရေးဝန်ထမ်း အဆင့် ၉ ယောက်ကို မြန်မာနိုင်ငံမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေဖို့နဲ့ သူတို့နေရာတွေမှာ လူစားထိုး ခန့်အပ်ဖို့ အမည်စာရင်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာတွေမှာ အဲဒီဝန်ထမ်းတွေရဲ့ နာမည်၊ ရာထူးနဲ့ သံရုံးအသီးသီးကို ဖော်ပြထားပါတယ်။
အခု ထွက်လာတဲ့ နေရာအပြောင်းအရွှေ့ အမိန့်စာတွေက ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက စစ်ကောင်စီကို ဆန့်ကျင်ပြီး ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ကို ကိုယ်စားပြု တက်ရောက် မိန့်ခွန်း ပြောခဲ့အပြီး နှစ်ရက်အကြာမှာ ထွက်လာတဲ့အတွက် အခုလိုခေါ်ယူမှုတွေဟာ အဲဒီကိစ္စနဲ့ ပတ်သက်နေသလားလို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။
ဦးကျော်မိုးထွန်းကိုတော့ သူမိန့်ခွန်းပြောပြီး နောက်တနေ့မှာပဲ နိုင်ငံကို သစ္စာဖောက်ဖျက်မှု၊ အမြဲတမ်း သံအမတ်ကြီးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစားပြုခဲ့မှုတို့နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ရုံးက သံမှူးနဲ့ ပထမအတွင်းဝန် နှစ်ယောက်၊ လန်ဒန်သံရုံးက ပထမ အတွင်းဝန်နဲ့ ဒုတိယ အတွင်းဝန်တို့ ပါဝင်သလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ရဲ့ သမီးဖြစ်သူ ရောမမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ သံမှူးကြီး အဆင့် အရာရှိ နဲ့ ဒုတိယ အတွင်းဝန်တို့ ပါဝင်ပါတယ်။
ပုံမှန် မဟုတ်တဲ့ သီးခြားအပြောင်းအရွှေ့များ
ဆွစ်ဇာလန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးမြင့်သူကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး အထူးဆွေးနွေးပွဲ အတွင်းမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီအတွက် ခုခံပြောဆိုခဲ့ရာမှာ မြန်မာပြည်သူတွေရဲ့ ဝေဖန်မှုတွေ အကြီးအကျယ် မြင့်တက်ခဲ့ပြီးနောက် ရာထူးက နုတ်ထွက်လိုကြောင်း နုတ်ထွက်စာ တင်ခဲ့တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီနောက်မှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို မြန်မာနိုင်ငံမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ သံမှူး ဦးကျော်သက်ဆွေကလည်း ရာထူးက နုတ်ထွက်စာ တင်ခဲ့ပြီးနောက် သူ့ကို မြန်မာနိုင်ငံဆီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သား အစိုးရဆီကနေ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်အပြီး ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်ကေသီစိုးကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာပဲ မြန်မာနိုင်ငံကို ပြန်လည် ပြောင်းရွှေ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
သူ့ကို ဘာကြောင့် ပြန်ခေါ်မှန်း မသိဘူးလို့ ဒေါ်ကေသီစိုးက ပြောခဲ့ပြီး မတ်လဆန်းမှာ သူ မြန်မာနိုင်ငံကို ပြန်မယ်လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။ ဒေါ်ကေသီစိုးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ခန့်အပ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပါတယ်။ အမျိုးသား အမျိုးသမီး တန်းတူညီမျှ အခွင့်အရေးနဲ့ ပတ်သက်လို့ ရေးသားပြောဆိုလေ့ရှိတဲ့ ဒေါ်ကေသီစိုးဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ထောက်ခံသူဖြစ်တယ်လို့ နိုင်ငံခြားရေးရုံး အသိုင်းအဝိုင်းက ပြောကြပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်း နေရာအပြောင်းအရွှေ့
နိုင်ငံခြားရေးဌာန အရာရှိတချို့ကတော့ ဒီလိုနေရာရွှေ့ပြောင်းမှုဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပုံမှန်ပြုလုပ်နေကျဖြစ်ပြီး လတ်တလော ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ ကိုရိုနာ ကပ်ဘေးကြောင့် အမိန့်ထုတ်ပြန်မှု နောက်ကျနေခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။
နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေဟာ အရာရှိအဆင့်ဖြစ်စေ၊ စာရေးဝန်ထမ်းအဆင့် ဖြစ်စေ ပြည်ပမှာ တာဝန် သုံးနှစ်ပြီးရင် ဝန်ကြီးဌာနကို ပြန်ပြီး သက်ဆိုင်ရာဌာန အသီးသီးမှာ တာဝန် ထမ်းဆောင်ကြရပါတယ်။ အဲဒီမှာ သုံးနှစ်ပြည့်ရင် ပြည်ပမှာ တခါ တာဝန်ထမ်းဆောင်ဖို့ အလှည့်ကျပါတယ်။
အခုထွက်လာတဲ့ အပြောင်းအရွှေ့စာရင်းဟာ ပြည်ပ သံရုံးမှာ တာဝန် ထမ်းဆောင်ရတဲ့ သက်တမ်း သုံးနှစ်ပြည့်သူတွေနဲ့ သုံးနှစ် ကျော်လွန်ပြီးသားသူတွေ ဖြစ်ကြတယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။
သံရုံးဝန်ထမ်းတွေအနေနဲ့ အမိန့်ထွက်ပြီးရင် ၄၅ ရက် အတွင်း ပြောင်းရွှေ့ကြရပါတယ်။ အခု လတ်တလောမှာတော့ ကိုဗစ် ကပ်ဘေးကာလဖြစ်လို့ လေယာဉ်အသွားအလာ ကန့်သတ် ပိတ်ဆို့မှုတွေ ရှိနေတဲ့ အတွက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်ကြရဖို့ ရှိပါတယ်။
အခုခန့်လိုက်တဲ့ သံရုံးဝန်ထမ်းသစ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက ဝင်ခွင့်ဗီဇာ ပေးမလား ဆိုတာကတော့ အာဏာသိမ်းစစ်ကောင်စီကို အဲဒီနိုင်ငံတွေက တရားဝင် အသိအမှတ်ပြုမပြု ဆိုတာအပေါ် မူတည်နေဘွယ် ရှိပါတယ်။