၂၀၂၀ စစ်အာဏာသိမ်း- CDM လှုပ်ရှားမှု ဖမ်းဆီးမှုနဲ့ ထိပ်တိုက်တွေ့မှုတွေ တိုးလာ

ဓာတ်ပုံ ရင်းမြစ်, MPA
နေပြည်တော်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြတဲ့ ဝန်ထမ်းတချို့ကို ဖမ်းဆီး ရုံးထုတ်ခဲ့တာနဲ့ အတူ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေကို ဖမ်းဆီးတာတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ တိုးလာနေပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြတဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းတချို့ကို ဇမ္ဗူသီရိမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။
အဲဒီရက်မတိုင်ခင်ကလည်း "ရုံးမတက်နဲ့ ရုန်းထွက်"ဆိုတဲ့ ဒီ CDM လှုပ်ရှားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ အပါအဝင် အစိုးရ ဝန်ထမ်းတွေကို ညအချိန် ဖမ်းဆီးခေါ်ဆောင်တာတွေကြောင့် လူထုက တာဆီးလို့ လူစုဝေးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာတော့ မြို့နယ်ပေါင်း ၂၇၀ ကျော်က အစိုးရ ဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေပါတယ်။
ဒါ့အပြင် အနုပညာရှင်တချို့နဲ့ ထင်ပေါ်ကျော်ကြားသူတချို့ဟာ ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်အောင်လှုံ့ဆော်တယ်၊ နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတာတွေ လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးဖို့ ကြေညာခံထားရပါတယ်။
ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်အောင်၊ ဆူပူဆန္ဒပြမှုမှာ ပါဝင်အောင် လှုံ့ဆော်တယ်ဆိုပြီးဖေဖော်ဝါရီ ၁၇ ရက်မှာ အနုပညာရှင် ၆ ဦးကို အမှုဖွင့်ခံထားရပါတယ်။
သရုပ်ဆောင် ပြေတီဦး၊ လူမင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ကို ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ လင်းလင်း၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊ အိပန်ဆယ်လို နဲ့ ကိုမောင်မောင်အေးတို့ဟာ လူသိများတဲ့အခွင့်အရေးကို အသုံးချပြီး နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသားပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားကြောင်းနဲ့ သက်ဆိုင်ရာ တရားရုံးတွေက ဖမ်းဝရမ်းတွေ ထုတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
သူတို့ကို လက်ခံထားသူတွေကိုလည်း အရေးယူမယ်လို့ အဲဒီကြေညာချက်တွေက ဆိုပါတယ်။
အဲဒီလို CDM လှုပ်ရှားမှုနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးမှုတွေ မြင့်တက်လာနေတာဟာ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေ များပြားလာပြီး အောင်မြင်လာလို့ ဒီလို လုပ်ဆောင်တာလို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုမှာ အမှု တစ်မှု ထပ်တိုးခဲ့တဲ့ နောက်တစ်နေ့မှာ ဒီလှုပ်ရှားမှုတွေ အရှိန်ဆက်မြင့်ခဲ့ပါတယ်။
CDM လှုပ်ရှားမှု ထောက်ခံ ဆန္ဒပြသူတွေ နဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ အတူ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ ပါဝင် ဆန္ဒပြတာတွေ၊ ရန်ကုန်မြို့က လမ်းမကြီးတွေနဲ့ တံတားတွေ၊ မူဆယ်နယ်စပ် ပို့ကုန်လမ်းတွေမှာ ကားတွေ အများအပြား တစ်ပြိုင်တည်း ပိတ်ဆို့ ဆန္ဒပြတာတွေ ပထမဆုံး စလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thanlwin Times, CJ
စစ်ကောင်စီရဲ့ သဘောထား
တစ်ဖက်မှာလည်း ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပြန်ဝင်ဖို့ စိတ်ရှည်ရှည်ထားစောင့်မယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ စည်းကမ်းပျက်ကွက်ရင် အရေးယူမယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေကို လစာမပေးဘူးဆိုတဲ့ ကောလာဟလသတင်းတွေကို စိုးရိမ်ကြောင့်ကြမှု မရှိဖို့နဲ့ လစာနဲ့ စရိတ်တွေကို သတ်မှတ်ချက်အတိုင်း ပေးမယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံအုပ်ချုပ်ရေးကောင်စီက ကြေညာပါတယ်။
CDM မှာ မပါသူတွေ
CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို ပါဝင်လာဖို့ ဖိအားပေး တောင်းဆိုတာနဲ့ ပုဂ္ဂိုလ်ရေး အရှက်ခွဲ တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ဒီလို ပုဂ္ဂိုလ်ရေး အရှက်ခွဲမှုတွေ မလုပ်ကြဖို့ အွန်လိုင်းမှာ ဖျောင်းဖျ ပြောဆိုတာတွေလည်း ရှိပါတယ်။
အုပ်ချုပ်ရေးကောင်စီကတော့ စည်းကမ်းလိုက်နာတဲ့ ဝန်ထမ်းတွေကို နှောင့်ယှက်ရင် တိုင်ကြားနိုင်တယ်ဆိုပြီး ဆက်သွယ်နိုင်မယ့် နေရာတွေကို ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ထိပ်တိုက်တွေ့မှု၊ ပစ်ခတ်ဖြိုခွင်းမှု
ထောင်ပေါင်းများစွာသော လူတွေ လမ်းမတွေပေါ်မှာ ဆန္ဒပြမှုတွေနဲ့အတူ ဝန်ထမ်းတွေ CDM လှုပ်ရှားမှု ဆက်ဖြစ်နေပြီး ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုတွေပါ ဖြစ်ခဲ့ပါတယ်။
မြို့ကြီးတချို့မှာ မီးရထားမထွက်နိုင်အောင် တားဆီး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် ၁၇ ရက် မှာ မန္တလေးမြို့က CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မီးရထားဝန်ထမ်းတချို့ကို အတင်းအကြပ် ခိုင်းစေတယ်၊ သေနတ်နဲ့ ချိန်ထားတယ် စတဲ့ ပြောဆိုချက်တွေ ထွက်လာပြီး ဒီဝန်ထမ်းတွေကို ထုတ်ပေးဖို့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေက ရထားလမ်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။
ညနေ ၇ နာရီ ဝန်းကျင်မှာ မြန်မာ့မီးရထားက တာဝန်ရှိသူ တစ်ဦး ရောက်လာပြီး ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ထားတာ မရှိကြောင်းနဲ့ အတင်းအကြပ် ခိုင်းစေတာ မရှိကြောင်း၊ အဲဒီဝန်ထမ်းတွေနဲ့ တွေ့ဆုံစကားပြောနိုင်ကြောင်း ဆန္ဒပြသူတွေကို လာရောက် ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ည ၈ နာရီနောက်ပိုင်းမှာတော့ ပစ်ခတ်ဖြိုခွင်းမှုတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDM နဲ့ ဝန်ထမ်းပါဝင်မှု
စစ်အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ မျိုးဆက်သစ် ဂျန်ဇီး Generation Z တွေရဲ့ ပါဝင်မှုနဲ့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြတာကို တွေ့ရပါတယ်။
ဝန်ထမ်းတွေ သပိတ်မှောက် အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရေးတော်ပုံမှာ အဓိကကျတယ်လို့ ကိုမင်းကိုနိုင်က ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့မှာ ထပ်မံဟောပြောခဲ့ပါတယ်။
ဒါ့အပြင် CDM ဟာ စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်၊ ထုတ်ပြန်ချက်တွေကို ငြင်းဆန်တာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကလည်း ဒီဆန့်ကျင်လှုပ်ရှားမှုမှာ လွှတ်တော်တွေရဲ့လှုပ်ရှားမှု၊ ဆန္ဒပြလှုပ်ရှားမှုတို့နဲ့အတူ CDM လှုပ်ရှားမှု ဆိုတဲ့ အကြမ်းမဖက် လှုပ်ရှားမှု သုံးခုနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
၈၈ အရေးတော်ပုံကာလနဲ့ ယှဥ်ရင် အခုအကြိမ်မှာ ဝန်ထမ်းတွေက CDM လှုပ်ရှားမှုကို အရင် စတင်လှုပ်ရှားခဲ့တယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။
ဒီလို ပြောဆိုမှုတွေနဲ့အတူ ဒီလှုပ်ရှားမှုပါဝင်တဲ့ ဝန်ထမ်းတွေကို ထောက်ခံအားပေးမှုတွေ၊ လိုအပ်တဲ့ ငွေကြေးစတဲ့ ထောက်ပံ့မှုတွေ ပေးအပ်မယ့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ပြီး ဒီအဖွဲ့အစည်း တချို့မှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံရတာ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ လူအများ ဆက်ဆံလို့မရအောင် သူတို့ရဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။
ဖမ်းဆီးအရေးယူမှုတွေ ရှိနေပေမဲ့ ဖေဖော်ဝါရီ ၁ ရက် က စပြီး အခုချိန်ထိ CDM လှုပ်ရှားမှုမှာ မြို့နယ် ၂၇၀ ကျော်၊ ဝန်ကြီးဌာန ၂၀ ကျော်က ဝန်ထမ်းတွေ ပါဝင်နေတာကို လတ်တလော စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မူလတာဝန်နဲ့ ရာထူးတွေကို ဥပဒေပြဋ္ဌာန်း ကာကွယ်ပေးမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်လာတဲ့ ဒီအခြေအနေတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်တွက်ဆထားခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထိန်းသိမ်း မခံရရင် ပြည်သူကို ရေးခဲ့တဲ့စာထဲမှာ တပ်မတော်က အာဏာသိမ်းတာကို ဆန့်ကျင်ကြဖို့ ပြောထားခဲ့ပါတယ်။








