အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အမေရိကန် ပိတ်ဆို့ အရေးယူတော့မယ်

အမေရိကန်၊ မြန်မာ၊ စစ်အာဏာသိမ်း၊ ဒဏ်ခတ်ပိတ်ဆို့

ဓာတ်ပုံ ရင်းမြစ်, Reuters

စစ်တပ်က သိမ်းယူခဲ့တဲ့ အာဏာကို ချက်ချင်း စွန့်လွှတ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ ဖမ်းထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကို မထွက်ခွာခင်လေးမှာ သမ္မတ ဘိုင်ဒန်က မြန်မာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတဲ့ သမ္မတအမိန့်တွေကို ထုတ်ဖော် ကြေညာသွားခဲ့တာပါ။

အမေရိကန်မှာ ထားရှိတဲ့ မြန်မာအစိုးရရဲ့ ငွေ တစ် ဘီလျံဒေါ်လာကို စစ်ဗိုလ်ချုပ်တွေ မလျော်မကန် ရယူ သုံးစွဲတာမျိုး မလုပ်နိုင်ဖို့ ပိတ်ပင်တားဆီးသွားမယ်။ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ မိသားစုတွေရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ အရေးယူမယ်။ ဒီတပတ်အတွင်း ပထမ အဆင့် ပစ်မှတ်တွေကို စတင်ကိုင်တွယ်မယ်။ ထုတ်ကုန်တွေကို အခိုင်အမာ ထိန်းချုပ်မယ်။ မြန်မာပြည်သူတွေ အကျိုးဖြစ်စေမယ့် ကျန်းမာရေးနဲ့ လူမှုရေး တိုက်ရိုက်အကူအညီတွေပဲ ဆက်ပေးမယ် လို့ သမ္မတ ဘိုင်ဒန်က ပြောသွားပါတယ်။

အခုလို အာဏာသိမ်းမှု ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စော်ကား တိုက်ခိုက် ခံရတာဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီကိစ္စကို အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ သဘောထား မကွဲကြဘူး။ မြန်မာ့အရေးကို အထူးစိတ်ဝင်စားသူ ဆီးနိတ်အမတ် မက်ကောန်နယ်လ်နဲ့ အဖွဲ့နဲ့ပါ ဆွေးနွေးခဲ့ပါတယ်။ အင်ဒို ပစိဖိတ် ဒေသ နိုင်ငံတွေနဲ့ မဟာမိတ်တွေ နဲ့အတူ သံတမန်နည်းနဲ့ နိုင်ငံတကာ တုံ့ပြန်မှုကို ဆွေးနွေးခဲ့ပါတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်က ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ပြင်းထန်တဲ့ ကြေညာချက်ကို ထုတ်ခဲ့တယ်။ ဒီတစ်ပတ်မှာလည်း လူ့အခွင့်ရေး ကောင်စီကနေ ဆက်လုပ်ပါမယ်။ ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းတာကို လက်မခံပါဘူး။ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို ကမ္ဘာက ကြားပါတယ်။ ကမ္ဘာက ဆက်လက်စောင့်ကြည့်နေပါမယ်။ လိုအပ်ရင် ထပ်တိုး အရေးယူဆောင်ရွက်သွားမယ်။ မဟာမိတ်တွေနဲ့ အတူ လက်တွဲလုပ်ဆောင်သွားပြီး တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်ပါ လို့ သမ္မတ ဘိုင်ဒန်က တိုက်တွန်းသွားပါတယ်။

နယူးဇီလန်အစိုးရကလည်း အာဏာသိမ်းစစ်အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးတွေ ဆိုင်းငံ့လိုက်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခုလာမယ့် ကြာသပတေးနေ့ (မြန်မာစံတော်ချိန် သောကြာနေ့) ကြရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေး ကျင်းပပြီး ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။