အာဏာသိမ်းကာလ ဘယ်လောက် ကြာမလဲ

ဓာတ်ပုံ ရင်းမြစ်, DSINFO
၁/၂၀၂၁ အာဏာသိမ်းမှုကနေ ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာ ပြန်လွှဲပေးမယ်လို့ တပ်မတော်က အာဏာသိမ်း ပထမရက်မှာ ကတိပြုထားပါတယ်။
တပ်မတော်ရဲ့ ဒီကတိကို အပြည့်အဝ မယုံကြည်ကြသူတွေ များပါတယ်။ ဒါပေမဲ့ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာပြီး ကတိတည်ခဲ့မယ်ဆိုရင် ရွေးကောက်ခံ အစိုးရတစ်ရပ်ကို အာဏာ ပြန်လွှဲပေးမယ့် အချိန်ဟာ ဘယ်လောက်ကြာမှာပါလဲ။
ဖေဖော်ဝါရီလ ၁ ရက် တပ်မတော် အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ အတိတ်က ကြုံခဲ့တဲ့ စစ်အာဏာသိမ်း ဖြစ်စဉ်တွေနဲ့ မတူညီပါဘူး။
၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းဖြစ်စဉ်တွေမှာ အခြေခံဥပဒေတွေကို ဖျက်ပစ်ခဲ့ပေမဲ့ လက်ရှိ အခြေအနေ ကတော့ အခြေခံဥပဒေထဲက ပုဒ်မတွေကို ကိုးကားပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG/GETTY IMAGES
ဒီတစ်ခေါက် စစ်အာဏာသိမ်း ဖြစ်စဉ်မှာ သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းလိုက်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ကာလုံ အစည်းအဝေးခေါ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပေးခဲ့တဲ့ ကိစ္စအပေါ် အပြင်းအထန် ဝေဖန်နေကြပါတယ်။
ယာယီသမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပုဒ်မတွေကို သုံးပြီး တပ်မတော်ကို အာဏာ လွှဲပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံမှာ အာဏာအရှိဆုံး ဖြစ်လာပြီး အခန်း(၁၁) က ပြဌာန်းချက်တွေကို အသုံးပြုလို့ သူ့ရဲ့ အုပ်ချုပ်ရေးကာလကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်လိုက်ပါတယ်။
အာဏာသိမ်းကာလ ဘယ်လောက်ကြာမလဲ
အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေကို ကြည့်ရင် တပ်မတော်က ကတိပြုထားတဲ့အတိုင်း အခြေခံဥပဒေကို လေးစား လိုက်နာခဲ့ရင် လာမယ့် တစ်နှစ်ကနေ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာ ပြန်လွှဲပေးရမှာပါ။
တပ်ချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးခွင့် ရတဲ့ကာလဟာ တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်းဆို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ တပ်ချုပ်ကို အာဏာ လွှဲအပ်ထားတဲ့ အမိန့်အမှတ် ၁/၂၀၂၁ ကို သမ္မတက ကာလုံနဲ့ ညှိနှိုင်းပြီး ပြန်ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒါပေမဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ပြီးအောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ခြောက်လသက်တမ်း နှစ်ကြိမ် တိုးပြီး နိုင်ငံတော် အာဏာကို ဆက်ယူထားနိုင်ပါတယ်။ ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အနည်းဆုံး တစ်နှစ်ကနေ အများဆုံး နှစ်နှစ် အထိပဲ နိုင်ငံတော် အာဏာကို ရယူထားခွင့် ရှိမှာပါ။
ဒီတော့ အာဏာ မလွှဲပေးခင် စပ်ကြား ကြုံတွေ့ရမယ့် အုပ်ချုပ်ရေးက ဘယ်လိုရှိလာနိုင်ပါသလဲ။
အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေအရ သမ္မတက တပ်ချုပ်ကို အာဏာ လွှဲပေးတဲ့ အချိန်ကစလို့ သမ္မတနဲ့ ဒုသမ္မတတွေက လွဲရင် လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ် တာဝန်ပေးထားတဲ့ အဖွဲ့အစည်းဝင်တွေ တာဝန်က ရပ်စဲသွားပါပြီ။
ဒါကြောင့် တပ်ချုပ်က ချက်ချင်းဆိုသလို ပြည်ထောင်စု ဝန်ကြီးအသစ်တွေ စိတ်ကြိုက် ခန့်အပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေပါတယ်။ ဒါပေမဲ့ တရားစီရင်ရေး မဏ္ဍိုင်ကိုတော့ အရင်လူတွေနဲ့ပဲ ဆက်လည်ပတ်စေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
လွှတ်တော် ကိုယ်စားလှယ်တွေ စည်ပင်ရိပ်သာထဲမှာ အကျယ်ချုပ် ဖြစ်နေလို့ ဗိုလ်ချုပ်မှူးကြီးက ဥပဒေပြုရေး အာဏာကို ဘယ်လို ကျင့်သုံးမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။
အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေမှာ ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံရမယ့် ပုဒ်မတွေ ပါပေမယ့် လက်ရှိ အခြေအနေအရ လွှတ်တော်ခေါ်ဖို့ မဖြစ်နိုင်တာကြောင့် ကာလုံနဲ့ပဲ ညှိနှိုင်း လုပ်ဆောင်သွားမယ့် သဘောလည်း ဖြစ်ပါတယ်။
ဒီအခန်းမှာ အရေးကြီးတဲ့ ပုဒ်မတစ်ခုက ပုဒ်မ ၄၂၀ ပါ။ ဒီပုဒ်မအရ တပ်ချုပ်ဟာ လိုအပ်တဲ့ နယ်မြေဒေသမှာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို လိုသလို ကန့်သတ်နိုင်တယ်လို့ ပြဌာန်းထားတာကြောင့်ပါ။

ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်
တပ်ချုပ်က နိုင်ငံတော်အာဏာကို ပြန်လွှဲအပ်ပြီးတဲ့အခါ အာဏာအရှိဆုံး အဖွဲ့အစည်းဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်လာမှာပါ။
သမ္မတသစ်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးတဲ့ အချိန်အထိ ကာလုံကပဲ နိုင်ငံတော်အာဏာကို ရယူထားမှာ ဖြစ်ပါတယ်။
အရေးပေါ်ကာလအတွင်း တရားဝင် ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲဆိုပိုင်ခွင့် မရှိစေရ လို့လည်း တပ်ချုပ်၊ ကာလုံနဲ့ ကာလုံက ဖွဲ့စည်းပေးထားတဲ့ တခြားအဖွဲ့အစည်းတွေကို အခြေခံဥပဒေက အကာအကွယ် ပေးထားပါတယ်။
တပ်ချုပ်က နိုင်ငံတော်အာဏာကို ပြန်လွှဲအပ်ပြီး ၆ လအတွင်း ကာလုံက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးရမှာ ဖြစ်ပါတယ်။
တပ်မတော်က အာဏာသိမ်းအပြီး ပထမဆုံး ထုတ်ပြန်ချက်မှာ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရတဲ့ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကတိပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
၈၈ အာဏာသိမ်း အစိုးရက ကျင်းပပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ခေါ်ခွင့် မရခဲ့ဘဲ အနိုင်ရအမတ်တွေ အဖမ်းခံရတာနဲ့ ကြုံခဲ့ရဖူးပါတယ်။
တခါ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပြီး NLD မပါတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာတော့ လူထုရဲ့ ထောက်ခံအားပေးမှုကို ရနေဆဲ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲ အနိုင်ရပြီး ပထမဆုံးအကြိမ် အစိုးရ ဖွဲ့နိုင်ခဲ့တာပါ။
အခုတော့ တပ်မတော်ရဲ့ မဲစာရင်း ၁၀ သန်းကျော် မဲသမာမှု ဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်တွေဟာ လွှတ်တော်ခေါ်ခွင့် မရဘဲ ၁၉၉၀ ခုနှစ်က အဖြစ်မျိုး ပြန်ကြုံနေရပါတယ်။

လက်ရှိ အချိန်အထိ တပ်မတော်က အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပုဒ်မတွေကို လိုက်နာ ဆောင်ရွက် နေတာ တွေ့ရပါတယ်။
ဒါ့ကြောင့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပြီးရင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၁၀ ခုနှစ်ကလို အခြေအနေမျိုး တစ်ကျော့ပြန် ကြုံရနိုင်မလား၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကလိုပဲ အနိုင်ရပြီး အစိုးရ ပြန်ဖွဲ့နိုင်မလား ဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။








