ထိုင်း စမွတ်ဆာခွန်း ကိုဗစ် ပိုးတွေ့သူတွေထဲမှာ မြန်မာလုပ်သား ၅၀၀ ကျော် ပါဝင်နေ

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX
ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သား အချို့မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ ထပ်တွေ့ရှိခဲ့ပြီး ပိုးတွေ့သူ မြန်မာရွှေ့ပြောင်း လုပ်သားအရေအတွက်ဟာ ၅၁၆ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားအရေးလှုပ်ရှားသူ ဦးမင်းမင်းဦးက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ကစပြီး မြန်မာလုပ်သားတွေ နေထိုင်တဲ့ စမွတ်ဆာခွန်းမှာ ကိုဗစ် ကူးစက်မှုတွေ ရှိလာခဲ့ပြီး သုံးရက်အတွင်း ကူးစက်ခံရသူ စုစုပေါင်း ၇၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ မြန်မာလုပ်သားတွေ နေထိုင်တဲ့ နေရာတွေကိုတော့ ထိုင်းအစိုးရက အဝင်အထွက် ကန့်သတ်လိုက်ပြီး လော့ဒေါင်း ချထားတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
စမွတ်ဆာခွန်းစျေး ဆိုတာကတော့ မြန်မာတွေ ထောင်နဲ့ချီ အလုပ်လုပ်တဲ့ နေရာဖြစ်ပြီး မြန်မာလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အများအပြားလည်း နေထိုင်လျက် ရှိကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ကတော့ စမွတ်ဆာခွန်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ရောဂါကူးစက်မှုဟာ ထိုင်းနိုင်ငံအတွင်း ရောဂါ စတင်ဖြစ်ပွားပြီး ကတည်းက အများဆုံး ကူးစက်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညမှာတော့ ဘန်ကောက်မြို့တော်နဲ့ မိနစ် ၄၀ အကွာမှာ ရှိတဲ့ စမွတ်ဆာခွန်း ခရိုင် မဟာချိုင်က ရေထွက်ကုန် စျေးကြီးနဲ့ ဆက်စပ်နေတဲ့ ကူးစက်မှု ၅၄၈ ခုကို တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက၊ ကြေညာခဲ့ပါတယ်။
ဒါကြောင့် တင်းကျပ်တဲ့ ပိတ်ဆို့မှုနဲ့ အချိန် ကန့်သတ် အပြင်မထွက်ရတဲ့ အမိန့်တွေကိုလည်း ဇန်နဝါရီလ အစောပိုင်းအထိ လိုက်နာဖို့ ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းတွေ၊ အားကစားကွင်းတွေ နဲ့ စျေးဝယ်စင်တာတွေ ဒီကန့်သတ်ချက် အမိန့်တွေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX
စမွတ်ဆာခွန်း မဟာချိုင် ရေထွက်ကုန်ဈေးက အသက် ၆၇ နှစ်အရွယ် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးတဲ့နောက်ပိုင်း ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေရာမှာ နောက်ထပ် ကိုဗစ်လူနာရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တိုး လူနာတွေအပြင် နိုင်ငံခြားသား အလုပ်သမားတွေပါ ပါဝင်လာတာ တွေ့ရကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စမွတ်ဆာခွန်းမှာ ကူးစက်ခံရသူ အားလုံးရဲ ၉၀ ရာခိုင်နှုန်းဟာ မြန်မာတွေဖြစ်ပြီး မြန်မာလုပ်သားတွေဟာ နေရာကျဥ်းကျဥ်းမှာ နီးနီးကပ်ကပ် နေထိုင်ကြတာကြောင့် အခုလို ကူးစက်မှုတွေ အများအပြား ဖြစ်ရတာဖြစ်တယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြီးတော့ ရောဂါပိုးတွေ့ရှိသူတွေ နေထိုင်တဲ့ နေရာတွေကို ထိုင်းအစိုးရက လော့ဒေါင်း ချထားခဲ့ပြီး အဲ့ဒီနေရာက မြန်မာလုပ်သားတွေ ဟာ ဘယ်ကိုမှ ထွက်ခွင့်မရကြောင်း မြန်မာလုပ်သားတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
စမွတ်ဆာခွန်း ခရိုင်ထဲက ကျောင်းတွေကို လည်းပိတ်ထားပြီး မြန်မာရွေ့ပြောင်း လုပ်သားမိသားစုတွေ ဇန်နဝါရီ ၃ ရက်နေ့ အထိ လော့ဒေါင်းကာလမှာ အပြင်ထွက်ခွင့် မရတာကြောင့် အဲဒီကာလအတွင်း သူတို့ စားသောက်နေထိုင်မှုအတွက် စိုးရိမ်စရာ ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားအရေးလှုပ်ရှားသူ ဦးမင်းမင်းဦးက ဘီဘီစီကို ပြောပါတယ်။








