ကိုဗစ်ဒုတိယကျော့အတွင်း ရန်ကုန်မှာအလုပ်မဲ့ဝင်ငွေမရှိသူများလာပြီး ခက်ခဲလို့သတ်သေသူလည်းရှိလာ

တစ်ကျော့ပြန် ကိုဗစ်ကပ်အတွင်း ဖြစ်ပွားသေဆုံးမှုအရှိန်မြှင့်နေဆဲဖြစ်တဲ့ ရန်ကုန်မှာကပ်ရောဂါထိန်းချုပ် ရေးအတွက် မြို့နယ်၄၄ခုစလုံးကို နေအိမ်တွေမှာပဲ နေထိုင်ကြဖို့ stay at home အမိန့် ထုတ်ပြန်ထားပါတယ်။

သတ်မှတ်လုပ်ငန်းတွေကလွဲပြီး လက်ခစားစနစ်နဲ့လုပ်တဲ့ CMP အပါအဝင် စက်ရုံအလုပ်ရုံအများစုကို ပိတ်ထားဖို့နဲ့ မြို့နယ်ကျော်သွား လာခွင့်ကိုပါ ကန့်သတ်ထားပါတယ်။

stay at home ကာလကို မူလက အောက်တိုဘာ ၇ ရက်နေ့ထိပဲ သတ်မှတ်ထုတ်ပြန်ခဲ့ပေမဲ့ ကပ်ရောဂါဖြစ်ပွား မှုအခြေအနေရ အောက်တိုဘာ ၂၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် stay at home အမိန့်ထုတ်ပြန်ထားတဲ့ နှစ်ပတ်တာကာလအတွင်း ဆင်ခြေဖုံးမြို့တွေဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ နဲ့လှိုင်သာယာမြို့နယ်တွေက အခြေခံအလုပ်သမားအများစုမှာ စားဝတ်နေ ရေးအခက်အခဲတွေရှိလာလို့ အကူအညီ တောင်းခံမှုတွေလည်း များလာတယ်လို့ မြို့နယ်အလိုက်အခြေစိုက် ပရဟိတအဖွဲ့တွေကပြောပါတယ်။

ဒီရက်ပိုင်းထဲမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်က ၆၀ ရပ်ကွက်မှာနေထိုင်တဲ့ မိသားစုတစ်စုမှာ ငွေကြေးအခက်အခဲနဲ့ မိသားစုအဆင်မပြေမှုကြောင့် အမျိုးသားတစ်ဦးသတ်သေသွားတဲ့အတွက် ကျန်ရစ်တဲ့ လသားကလေးနဲ့ အမျိုးသမီးဖြစ်သူကို သွားရောက်ကူညီခဲ့ရတယ်လို့ တောင်ဒဂုံမြို့နယ် ပြည်သူသာအဓိက အစီအစဉ်နဲ့ အစားအသောက်တွေလိုက်လံဝေငှပေးနေတဲ့ မရင်ရင်မွန်က ဘီဘီစီကိုပြောပါတယ်။

' ' သူတို့က အလုပ်မရတာလည်း နှစ်လလောက်ရှိပြီ။ နေ့စားအလုပ်သမားတွေဆိုတော့ အလုပ်ကလည်းရှာရ ခက်တယ်။ စုထားဆောင်းထားတာလေးနဲ့ သူတို့သုံးတာပေါ့။ လူကြီးတွေက ခံနိုင်ရည်ရှိပေမယ့် ကလေးအတွက် နှို့မှုန့်အတွက် လက်တိုဂျင်အထုပ်လေးတွေဝယ်တိုက်တယ်တဲ့။ နှစ်ထောင်မတတ်နိုင်တော့ နောက်ထပ်တစ်မျိုး ပြောင်းတိုက်တဲ့အခါကြတော့ ကလေးလေးက ဝမ်းသွားတယ်တဲ့။ မိသားစုကိစ္စတွေလည်းပါတယ်လို့ ဘေးပတ်ဝန်းကျင် တချို့ကတော့ပြောကြတယ်။ ကောင်မလေးကလည်း စကားများတော့ အပြင်ထွက်သွားလိုက်တယ်။ ထွက်သွားတဲ့ အချိန်မှာ နောက်မှာ ကောင်လေးက ကြိုးဆွဲချပြီး သတ်သေလိုက်တာပေါ့'' လို့ သွားရောက်ကူညီချိန်မှာသိခဲ့ ရတဲ့အခြေအနေတွေကို မရင်ရင်မွန်က ပြန်လည်ပြောပြပါတယ်။

အလားတူ မြောက်ဒဂုံမြို့နယ်အတွင်းလိုက်လံကူညီနေတဲ့ we love yangon - north dagon အဖွဲ့အနေနဲ့လည်း ကိုဗစ်ပထမအကျော့ထက် အကူညီတောင်းခံမှုတွေပိုမိုများ ပြားလာပြီး ကျူးကျော်တွေ၊ အခြေခံလူတန်းစားတွေသာမက အိမ်ငှားနေထိုင်သူတွေထံကပါ အကူညီတောင်းခံတာတွေရှိလာတယ်လို့ အဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်သူ ကိုကောင်းချစ်ဝေက ဘီဘီစီကို ပြောပါတယ်။

' ' အလှူရှင်တွေ ပရဟိတအဖွဲ့တွေရောက ကျူးတွေ လက်လုပ်လက်စားတွေကို လှူတာများတယ်။ အဲမှာကြားမှာ ဟ သွားတာက အလယ်အလတ်တန်းစားတွေပေါ့။ အိမ်ငှားနေကြတယ် သို့သော် အလုပ်မရှိဘူး ငတ်နေကြတယ်။ အဆင်မပြေကြဘူးပေါ့။အဲလူတွေရဲ့ လိုအပ်ချက်တွေအတွက် တောင်းခံတာတွေလည်း ရှိလာတယ်။ ဒီနေ့လှူတဲ့ထဲမှာဆို အဲလိုလူတွေလည်းပါပါ တယ်။''လို့ ကိုကောင်းချစ်ဝေကပြောပြပါတယ်။

အခြေခံလူတန်းစားတွေအတွက် ပရဟိတအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေရှိသလို အစိုးရအနေနဲ့လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွား စဉ်ကာလ ကစပြီး ဝင်ငွေနည်း ပြည်သူတွေကို ကျပ်ငွေ ၂သောင်း စီထောက်ပံ့တာ၊ စားသောက်ကုန်အချို့ဝေငှတာ တွေလည်းရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း အစိုးရရဲ့ထောက်ပံ့မှုအတွင်း အကျုံးမဝင်တာကြောင့် မရတဲ့ အခြေခံလူတန်းစားလည်း အများအပြားရှိခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရင်ဖွင့်ရေးသားတာတွေလည်း အများအပြားရှိ နေပါတယ်။

ဒါကြောင့် သတ်မှတ်လုပ်ငန်းတွေကလွဲပြီး စက်ရုံအလုပ်ရုံအများစုကို ပိတ်ထားဖို့နဲ့ မြို့နယ်ကျော်သွား လာခွင့်ကိုပါ ကန့်သတ်ထားတဲ့ ရန်ကုန်က သန်းနဲ့ချီတဲ့ပြည်သူအားလုံးအတွက် လိုအပ်ရင် ရာရှင်စနစ်နဲ့ စားသောက်ကုန်တွေ ဝေငှသွားဖို့ရှိတယ်လို့ အစိုးရက ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိပါတယ်။