ထိုင်း၊ စင်္ကာပူနဲ့ နိုင်ငံအချို့မှာ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲစပေး၊ အဆင်မပြေမှုတွေရှိနေ

ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို စင်ကာပူ၊ ကိုရီးယား၊ ထိုင်း စတဲ့နိုင်ငံအလိုက် ကြိုတင်မဲတွေစပေးလို့ ရနေပြီဖြစ်ပါတယ်။

စင်ကာပူနိုင်ငံက အောက်တိုဘာ ၁ ရက်နေ့၊ ကိုရီးယားမှာ အောက်တိုဘာ ၂ ရက်နဲ့ ထိုင်းမှာတော့ အောက်တိုဘာ ၃ ရက်နေ့ကစပြီး ကြိုတင်မဲတွေပေးနေကြပါတယ်။

မြန်မာလုပ်သား သန်းနဲ့ချီရှိတဲ့ ထိုင်းနိုင်ငံမှာတော့ အလုပ်သမားတွေမဲပေးဖို့ကို အချိန် ၂ချိန်ခွဲကာ ရက်အလိုက်ခွဲပြီး မဲပေးဖို့စီစဉ်ထားပါတယ်။

ထိုင်းမှာ ကြိုတင်မဲပေးဖို့ ဘာတွေခက်ခဲနေလဲ

' ' ဘန်ကောက်က သံရုံးကပေ့ချ်မှာစာရင်းကို ၂၈ ရက်စပြီးတင်တယ်။ ည တစ်နာရီ ၂နာရီမှတင်တယ်။ တစ်ရက်ကို နည်းနည်းစီခွဲပြီး တင်တယ်။ ကိုယ်ဘယ်နေ့ပေးရမှာလဲဆိုတဲ့ စာရင်းကို ညတိုင်းစောင့်ကြည့်ရတယ်။ သံရုံးကိုလည်းဖုန်းတွေဆက်တယ် မရဘူး။ အခုထိ ကို ဘယ်နေ့ပေးရမယ်ဆိုတာ မထွက်သေးဘူး။ ထိုင်းမှာက ရွှေ့ပြောင်းအလုပ်သမားတွေက အရမ်းများတော့ ကြိုပြီးတော့ ကြေညာမှ အလုပ်သမားတွေက ဘန်ကောက်သံရုံးကို မဲလာပေးဖို့အဆင်ပြေမှာ။''လို့ မွန်ပြည်နယ် ရေးမြို့နယ်ကနေ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မနန်းသူဇာအေးက ဘီဘီစီကိုပြောပါတယ်။

ထိုင်းနိုင်ငံ မြန်မာအလုပ်သမားတွေအနေနဲ့ မဲပေးဖို့ကို ဘန်ကောက်မြို့ မြန်မာသံရုံးမှာ နေရာ ၃ခုနဲ့ ချင်းမိုင်က မြန်မာသံရုံးမှာက တစ်ခု စုစုပေါင်း မဲရုံ ၄ခုမှာ မဲပေးရမှာဖြစ်ပါတယ်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မဇင်ဇင်ကလည်း သူ့အနေနဲ့ ဘယ်နေ့မှာမဲပေးရမယ်ဆိုတာ ခုထိမသိရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။

' ' ကျွန်မ အမဆိုရင်လည်း ဒီနေ့ သူမဲပေးရမယ်ဆိုတာကို မနေ့ကမှ သိတယ်။ သူက စမုန်ပကန်နယ်က စက်ရုံမှာ။ မနေ့ကမှ သိတော့ ဒီနေ့ အလုပ်ကခွင့်ယူဖို့ကလည်း မလွယ်ဘူး။ သူက ပဲခူးတိုင်းစာရင်းနဲ့ ပါတာ။ သူ့အမျိုးသားက သန်လျင်က တစ်ယောက် တစ်ရက်စီ မဲပေးဖို့က။ အမကတော့ သွားပေးဖို့ အဆင်မပြေတော့ မပေးဖြစ်တော့ဘူးလို့ ပြောတယ်။ လူတွေက မဲပေးချင်နေကြတာ။ စာရင်းတွေကလည်း ကြေညာတာ စာလုံးသေးသေးလေးတွေ မနည်းကြည့်နေရတာ။ ရန်ကုန်ပြီးထဲ တခြားကလူတွေ လည်းပါလို့ပါ။ ညကဆိုလည်း ၂နာရီအထိ စာရင်းမတင်သေးဘူး။ ကိုယ့်စာရင်း လွတ်သွားမှာစိုးလို့ ညည စောင့်ကြည့်နေရတယ်။'' လို့ မဇင်ဇင်ကပြောပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကခရိုင်အသီးသီးမှာလုပ်ကိုင်နေကြပြီး မဲပေးဖို့ရာ ဘန်ကောက်နဲ့ ချင်းမိုင်က မြန်မာသံရုံးမှာပဲ မဲပေးရမှာဖြစ်တဲ့အတွက် မဲပေးရမယ့်ရက်ကို ကြိုသိမှသာ အလုပ်ကနေ ခွင့်ယူပြီးကြိုစီစဉ်ပြီး လာရောက်မဲပေးနိုင်ကြမှာဖြစ်တယ်လို့ ဆိုကြပါတယ်။

' ' လူတွေက မဲပေးချင်လွန်းလို့ကို သံရုံးကို ဆက်သွယ်နေကြတာ။ ဖြစ်စေချင်တာက ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင်တစ်ခုစီအလိုက် မဲစာရင်းကိုထုတ်ပြန်ပေးစေချင်တာ။ ဘန်ကောက်ဆို ဘယ်နေ့ မဟာချိုင်ဆို ဘယ်နေ့ အဲ့လို ဖြစ်စေချင်တာ။ အခုက မြန်မာနိုင်ငံက မြို့တွေအလိုက်စီပြီး ထုတ်တော့ စက်ရုံတွေက တစ်ရက်ကို တစ်ယောက်နဲ့ ခွင့်ယူဖို့လည်းမလွယ် လာပေးကြဖို့ မလွယ်ကြဘူး''လို့လည်း မနန်းသူဇာအေးက ပြောပါတယ်။

စင်ကာပူက ကြိုတင်မဲ

ထိုင်းနိုင်ငံမှာ မဲပေးတဲ့သူတွေအနေနဲ့ သံရုံးက ကြေညာပေးတဲ့ ရက်နဲ့ အချိန်ကိုသွားရောက်မဲပေးရတာ ဖြစ်ပေမယ့် စင်ကာပူနိုင်ငံမှာတော့ ကိုယ်အဆင်ပြေတဲ့ရက်ကို ရွေးချယ်နိုင်ပြီး အဲဒီရက်မှာ မဲပေးရမယ့် အရေအတွက်ပြည့်သွားပါက အခြားအဆင်ပြေတဲ့ရက်ကို ရွှေ့နိုင်တယ်လို့ သိရပါတယ်။

'' ဥပမာကိုယ်က တင်္နလာနေ့ ပေးချင်တာ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ လူဦးရေ ၂၀၀၀ ပြည့်သွားပြီဆိုရင် တခြားအဆင်ပြေတဲ့ရက်ကို ထပ်ရွေးပေါ့။ ဒီမှာက အလုပ်သမားတွေက အလုပ်နဲ့အဆောင်ပဲ သွားခွင့်ရှိတာ။ ဒါပေမယ့် ကုမ္ပဏီကို transport စီစဉ်ပေးတယ်။ အပြင်ထွက်မဲပေးဖို့သွားခွင့်ကို အလုပ်သမားရုံးကို တင်ရတယ်။ သူတို့လည်းခွင့်ပြုပါတယ်။ ကျွန်တော့်တို့ ကုမ္ပဏီက သူငယ်ချင်းတွေစုပြီး ၁၇ ရက်နေ့ကို သွားပေးဖို့ စာရင်းပေးထားတယ်။''လို့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇော်ထိုက်က ဘီဘီစီကို ပြောပါတယ်။

စင်ကာပူရောက်မြန်မာတွေထဲ ကြိုတင်မဲပေးဖို့ ဦးရေ ၃၄၀၀၀ ကျော်စာရင်းပေးပို့ခဲ့ပေမယ့် ကော်မရှင်က ပြန်လည်ပေးပို့တဲ့စာရင်းမှာ ၃၂၀၀၀ ဝန်းကျင်သာ ပါလာတဲ့အတွက် စာရင်းမပါသူ ၂၀၀၀ ခန့်ကို မဲပေးခွင့်ရ ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့တောင်းဆိုတာတွေလည်းရှိနေပါတယ်။

ကိုရီးယားမှာရော ကြိုတင်မဲဘယ်လိုပေးနေကြလဲ

ကိုရီးယားနိုင်ငံမှာတော့ ကြိုတင်မဲစပေးလို့ရတဲ့နေ့မှာပဲ လူအများအပြားလာရောက်ခဲ့တဲ့အတွက် လူအစုအဝေးလိုက်ဖြစ်ပေါ်ခဲ့တဲ့အတွက် နောက်ရက်မှပေးဖို့ ပြန်ခဲ့ရသူတွေလည်းရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားအချို့ထံကသိရပါတယ်။

' ' သံရုံးက အစီအစဉ်မကျဘူး။ ဘယ်လောက်ပဲလာပေးရမယ်လို့ သတ်မှတ်ထားတာမရှိဘူး။ သံရုံးဘေးက ကိုရီးယားလူမျိုးတွေကလည်း လူစုလူဝေးဖြစ်လို့ မကြိုက်ဘူး။ ရဲတိုင်လို့ ရဲတွေလာပြောကြတယ်။ ဒီကလူတွေသွားပေးကြတာ အဆင်မပြေဘူး။ ''လို့ ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့မှာ အလုပ်လုပ်နေတဲ့ ကိုအေးချမ်းသူက ပြောပြပါတယ်။

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အင်ချွန်းမြို့ရှိ မြန်မာသံရုံးမှာ သွားရောက် မဲပေးကြရမှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပသွားမယ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံ ၃၅ နိုင်ငံကို ကြိုတင်မဲလက်မှတ်ပေါင်း တစ်သိန်းကျော်ကို သံရုံးအသီးသီးကို စက်တင်ဘာလအတွင်းမှာ ပေးပို့ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေသိရပါတယ်။