ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှုဖြစ်
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှုတစ်ခုကို စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီလောက်က တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်သုံးဦးတို့ ပြုလုပ် ခဲ့ကြပါတယ်။
အဲ့ဒီကျောင်းသား လူငယ်သုံးဦးတို့ဟာ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက် သေကြေနေကြရတာတွေ ရှိနေပြီး အဲ့ဒါတွေကို ရပ်တန့်ပေးဖို့အတွက် ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ ကြတာဖြစ်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကျောင်းသားတွေတောင်းဆိုခဲ့ကြတာကတော့ No Bloody Government၊ No Murder Army၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ ပြည်နယ်အစိုးရအား လုံးဝအယုံကြည် မရှိ အဲ့ဒီအချက်ငါးချက်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ကမ်းမှာ ကျောင်းသားသုံးဦး ပိုစတာတွေကိုင်ဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်နေကြတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး သူတို့ရဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက်တွေကို လာရောက် အားပေးခဲ့ကြသူတွေလဲ ရှိခဲ့ကြပါတယ်။
"မနေ့က မြေပုံမှာ လက်နက်ကြီးကျလို့ ပြည်သူလူထုတွေ အသက်သေကြရတယ်။ ဒီအစိုးရ တစ်ခွန်းမှ မဟဘူး။ ဒီလောက် ကိုဗစ် ၁၉ နဲ့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီတိုင်းကြည့်နေတဲ့ အစိုးရကို ကျွန်တော်တို့ လုံးဝအလိုမရှိဘူး။ ရခိုင်ပြည်သူ လူထုကို အမှောင်ချထားတယ်။ အဲ့ဒါကို ပြည်နယ်အစိုးရအနေနဲ့ ဘာမှမပြော။ ဒါဟာ ကျွန်တော်တို့အစိုးရမဟုတ်။ ကျွန်တော်တို့ လုံးဝအလိုမရှိ။"လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ ကိုကျော်နိုင်ဌေးက ပြောသွားခဲ့ပါတယ်။
ကျောင်းသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက်တွေကို ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့ရဲ့ လူစည်ကားတဲ့နေရာတွေ၊ မြို့လယ်နေရာတွေမှာ၊ ဓာတ်မီးတိုင်တွေမှာ ကပ်ထားတာတွေကိုလည်း ပြုလုပ်ထားတာကို တွေ့ရတယ်လို့ သက်ဆိုင်ရာမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးနဲ့ စုစုပေါင်း အရပ်သား ၄ ဦးတို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလဲ အများအပြားရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရွာသားတွေထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ စိုးရိမ်ရတဲ့အခြေ အနေရှိနေတာကြောင့် ကမ်းထောင်းကြီးဆေးရုံကနေတစ်ဆင့် စစ်တွေဆေးရုံကို စက်တင်ဘာ ၉ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ထပ်မံပို့ဆောင် ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ညကလည်း ကျောက်တော်မြို့နယ်အတွင်းက ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေအနီး တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရ သလို အဲ့ဒီကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ဘုရားပေါင်းရွာသားနှစ်ဦးလည်း ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာလ ပထမပတ်အတွင်း အရပ်သား ၆ ဦးအထိသေဆုံးခဲ့ရပြီး မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းနဲ့ တောင်ပေါက်ကျေးရွာတွေမှာ လူနေအိမ်ပေါင်း ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသလို နေစရာအိမ်တွေမရှိတော့တဲ့ ကျေးရွာသားတွေဟာ အနီးအနားကျေးရွာတွေမှာ ခိုလှုံနေကြရသလို အကူအညီမဲ့နေကြရတယ်လို့ သိရပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးဘက်ကတော့ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာရှိ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ AA အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရတယ်လို့လည်း စက်တင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသားတွေ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက်တွေပါဝင်တဲ့ စာရွက်တွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းမြို့နဲ့ မြောက်ပိုင်းက မြောက်ဦးမြို့တို့က လူစည်ကားတဲ့နေရာတွေမှာ ကပ်ထားတာတွေကို ဒီကနေ့လယ်ပိုင်းအထိ ကပ်ထားတာတွေကို တွေ့နေရတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့မြောက်ဦးမြို့က လူစည်ကားတဲ့နေရာတွေမှာတော့ အကုန်လုံး အဲ့ဒီစာတွေပြန့်နေပါတယ်။ ဓာတ်မီးတိုင်တို့၊ ဈေးတို့မှာ ကပ်ထားတာတွေ့ပါတယ်။ များသောအားဖြင့်တော့ ကျွန်တော်တို့ မြို့လယ်လမ်းနဲ့ ဈေးအနီးတစ်ဝိုက်ပေါ့ဗျာ။ အဲ့ဒီစာတွေကတော့ ဒီတိုင်းရှိနေတာပဲ။ မနက်ကတော့ တပ်က ဓါတ်ပုံတွေဘာတွေလာရိုက်တယ်။ ရဲကလဲ လာကြည့်သွားတယ်။"လို့ ဦးဦးကျော်ဝင်းက ပြောပါတယ်။
မြို့ပေါ်နေရာတွေမှာ ကပ်ထားတဲ့စာရွက်တွေကိုတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေက ပြန်ဖြုတ်တာတွေမတွေ့ရသေးလို လိုက်လံရှာဖွေဖမ်းဆီးတာတွေလဲမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ် NLD ပါတီ အစိုးရ အာဏာရရှိလာခဲ့တဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ မြောက်ဦးမြို့ကျဆုံးတဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခွင့် တားမြစ်ခံရတဲ့အတွက် ဆန္ဒပြတောင်းဆိုတဲ့ လူအုပ်ကို ပစ်ခတ်မှုတွေရှိခဲ့ပြီး လူငယ်၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း လူငယ်တွေသေဆုံးခဲ့ရမှုမှာ တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ အခုလိုမျိုး လူငယ် ၅ ဦးတို့ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ တွေလဲ ဖြစ်ခဲ့ဖူးပါတယ်။
ပစ်ခတ်ခံရပြီး အရပ်သား အများအပြားသေဆုံးကြရတာတွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရကို တောင်းဆိုဆန္ဒပြတာ အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။
အစိုးရရုံးရှေ့ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားသုံးဦးနဲ့ပတ်သက်လို့တော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (စစ်တွေ)က စစ်တွေမြို့မရဲစခန်းမှာ သွားရောက်ဖြေရှင်းမှုတွေပြုလုပ်နေတယ်လို့ သမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံသွားရတဲ့ ကျောင်းသားသုံးယောက်နဲ့ သမဂ္ဂတာဝန်ရှိသူတွေအကြား အဆက်အသွယ်မရဖြစ်နေတယ်လို့ ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။
ကျောင်းသားတွေအနေနဲ့ အခုလိုဆန္ဒထုတ်ဖော်ရတာဟာ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေပါဝင်ပြီး ကိုဗစ်ကာလအတွင်းမှာ ပြည်နယ်အစိုးရရဲ့ ညံ့ဖျင်းမှုတွေနဲ့ ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ စစ်ဘေးစစ်ဒဏ်တွေကို အစိုးရအနေနဲ့ ကူညီပေးမှု ညံ့ဖျင်းတဲ့ကိစ္စတွေကြောင့် ပြုလုပ်ရတာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေမလုပ်ပေးနိုင်တဲ့အတွက် အစိုးရအပေါ်မှာ ဖိအားပေးတဲ့အနေနဲ့ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။