ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် သတင်းတွေ သိရဖို့ ရခိုင်စစ်ရှောင်စခန်းတွေကို ရေဒီယိုတွေ ဝေမယ်
ရခိုင်စစ်ရှောင်စခန်းတွေမှာ အင်တာနက် မရတာကြောင့် စစ်ရှောင်စခန်း ၁၀၀ကျော်ကို ကိုဗစ် ရောဂါ သတင်းအချက်အလက်တွေနဲ့ နောက်ဆုံးအခြေအနေ သိနိုင်ဖို့အတွက် ရေဒီယိုတွေ ဝေဖို့လုပ်နေတယ် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။
အခု လောလောဆယ်မှာတော့ ကိုဗစ်ရောဂါ ကူးစက်မှု နောက်ဆုံးအခြေအနေတွေ သတင်းအချက်အလက်တွေကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ဖုန်းကနေ တစ်ဆင့် စခန်းတာဝန်ခံတွေကို ပြောပြတဲ့စနစ်နဲ့ စခန်းတွေကို သတင်းအချက်အလက်တွေ REC က ဖြန့်ဝေနေတယ်လို့ သူက ပြောပါတယ်။
မြောက်ဦးဘက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အိုင်အန်ဂျီအိုဝန်ထမ်းတွေ သွားရောက်ခဲ့တဲ့ စစ်ရှောင်စခန်းတွေမှာ တော့ အနီးကပ်ထိတွေ့ခဲ့သူတွေကို ကွာရန်တင်းထားပြီး စောင့်ကြည်နေတယ်လို့ သူက ရှင်းပြပါတယ် ။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၆ ရက်က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကြောင့် ပြည်နယ် အတွင်း မြို့နယ် ပေါင်း၁၀ မြို့နယ်အထိ ကူးစက်ပြန့်ပွားနေပြီး ၁၀ ရက်အတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရှောင်စခန်း၁၄၀ ကျော်ရှိပြီး ပထမဆုံးအနေနဲ့ အခုရက်ပိုင်းအတွင် ရေဒီယို အလုံး၁၀၀ ကျော်လောက်ကို ဖြန့်ဝေဖို့စီစဥ်နေတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
"စစ်ရှောင်စခန်းတစ်ခု ကို ၁၀ လုံးလောက်မှ လောက်ငှမယ်လို့ထင်တယ် ဒီတော့ အလုံး၁၀၀၀ လောက်ကျော်လောက် လိုမယ်လို့မှန်းတယ်။ အခုလောလောဆယ် ကျွန်တော်တို့ ဘတ်ဂျက် ရှိသလောက်ပဲ ဝေတာဖြစ်ပါတယ်၊ နောက်ထပ် အလှူရှင်တွေရှိလာရင်တော့ ထပ်ဝေသွားမှာပါ"လို့ သူက ပြောပါတယ်။
စစ်ရှောင်စခန်းတွေကို ဝေတဲ့ ရေဒီယိုတွေဟာ နိုင်ငံတကာ သတင်းဌာနတွေကို ဖမ်းယူနားဆင်လို့ ရတဲ့ ရေဒီယိုမျိုးနဲ့ ဓာတ်ခဲအကြီးနဲ့ ကြာကြာခံတဲ့ ရေဒီယိုမျိုးတွေကို ဦးစားပေးမှာယူထားတယ်လို့လည်း သူက ရှင်းပြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။ အဲဒါကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းက ပြန်ဖွင့်ပေးခဲ့ပေးမဲ့ အခု ပြန်ရတဲ့ နေရာအများစုမှာ အင်တာနက်လိုင်းဟာ အရင် မပိတ်ခင်ကလို 4G ကွန်ရက် အပြည့်အဝ မရရှိဘဲ 2G အဆင့်သာ ပြန်လည် ရရှိတဲ့အတွက် အလုပ်မတွင်ကျယ် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် လူဦးရေ ပြွတ်သိပ်နေထိုင်နေကြတဲ့ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ကူးစက်ခံရမှာကို စိုးရိမ်နေရတယ်လို့ ဒါးပိုင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးသိန်းမောင်က ပြောပါတယ်။
"ရွာမှာနေတာနဲ့ ကျွန်တော်တို့စခန်းမှာနေရတာက တခြားစီပါ။ လမ်းကလည်း ကျဉ်းတယ်။ အသွားအလာတွေလည်းများတယ်"လို့ ဦးသိန်းမောင်ကပြောပါတယ်။
"လတ်တလောကတော့ မြို့ပေါ်မှာ လူတွေ ၂၀ ကနေ ၃၀ အဲ့လိုကူးစက်မှုတွေဖြစ်နေတော့ ဒီသတင်းတွေကိုလည်း ဖြန့်ဝေထားပါတယ်။ Mask တွေတပ်ပြီးတော့ နေကြပါတယ်"လို့လည်း သူကပြောပါတယ်။
လက်ရှိမှာတာ့ ဒုက္ခသည်စခန်းတွေမှာ ကူးစက်မှုတွေမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုအနေနဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီကနေ မနက် ၇ နာရီအထိ ပိတ်ထားကြဖို့နဲ့ မိမိအိမ်မှာပဲနေကြဖို့ ၊ ပြင်ပကို သွားလာရင် နှာခေါင်းစည်းတွေတပ်ဆင်ပြီးသွားလာဖို့ အသိပေးအကြောင်းကြားတာတွေ လုပ်ထားတယ်လို့ စစ်တွေမြို့အနီး ဒါးပိုင် စခန်း တာဝန်ခံ ဦးသိန်းမောင်က ပြောပါတယ်။
အလားတူ မြောက်ဦးမြို့နယ်အတွင်းမှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေရှိပြီး ဒီစစ်ဘေးရှောင်စခန်းတွေမှာ ထောင်နဲ့ချီတဲ့လူတွေဟာ ကျပ်ကျပ်တည်းတည်းနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စခန်းတွင်းက ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ဦးမြို့ပေါ်ကို သွားလာတာတွေရှိခဲ့လို့ စခန်းတွေအတွင်း ရောဂါကူးစက်မှုဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ တိမ်ညိုဒုက္ခသည်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။
စစ်ရှောင်စခန်းတွေမှာ အင်တာနက် 4G အပြည့်အဝမရတာကြောင့် အင်တာနက်က နေ သတင်းအချက်အလက် ရဖို့ အခက်အခဲရှိနေပြီး စခန်းပေါင်း ၁၄၃ ခုမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၅၉၆၄၃ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး(REC) ရဲ့စာရင်းများအရ သိရပါတယ်။