ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကူးစက်မှု ၁၀ ဆနီးပါးမြန်တဲ့ ကိုဗစ်ပိုး ပြည်ပပြန်တွေဆီက အများဆုံးတွေ့
ကမ္ဘာတလွှားမှာ ပျံ့နှံ့နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအသစ်တမျိုးကို ပြည်ပကနေ ပြန်လာသူတွေဆီမှာ အများစု တွေ့ရတယ်လို့ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနက ပြောပါတယ်။
ကိုဗစ်-၁၉ သံသယလူနာတွေထဲက ပိုးကောင်ရေ ပါဝင်မှု ပိုမိုမြင့်မားတဲ့ ဓာတ်ခွဲနမူနာတွေရဲ့ မျိုးဗီဇ ၁၀ ခုကို သုတေသနပြု စစ်ဆေးကြည့်ရာမှာ ၆ ခုဟာ ကူးစက်မှုနှုန်း ၁၀ ဆနီးပါးထိ ပိုမိုမြန်ဆန်တဲ့ D614 ကနေ G614 ကို ပြောင်းလဲသွားတာ တွေ့ရတယ်လို့ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဘီဘီစီကို ပြောပါတယ်။
"ဓာတ်ခွဲနမူနာ ၁၀ ခုထဲမှာ မေလပထမပတ် မတိုင်ခင် D ကနေ G ပြောင်းသွားတဲ့ နမူနာ တခုပဲ ရှိပြီး မေလပထမပတ် နောက်ပိုင်းမှာ လုပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ အားလုံးကတော့ မျိုးဗီဇီ ပြောင်းပြီးသား အမျိုးအစားတွေ ဖြစ်နေတယ်ဆိုတာ ထူးခြားချက်အနေနဲ့ တွေ့ရတယ်" လို့လည်း ဒေါက်တာ မြတ်ထွဋ်ညွန့်က ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ပိုးမျိုးဗီဇသစ်ဟာ ပြည်ပကနေ ပြန်လာသူတွေဆီကနေ အများစု တွေ့ခဲ့ရပေမယ့် ပြည်တော်ပြန်တွေကို ၂၁ ရက် သီးခြားခွဲနေခိုင်းပြီး လိုအပ်တဲ့ ဆန်းစစ်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြည်တွင်းမှာ ကိုဗစ်ဒုတိယလှိုင်း မဖြစ်ပွားခဲ့တာလို့လည်း သူက အကြမ်းဖျင်း သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတွေ့ရှိတုန်းက ရန်ကုန်မြို့မှာ ပြည်တွင်း ကူးစက်မှု (local Transmission) တချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဗိုင်းရပ်စ်ပိုးဟာ အခုလိုမျိုး မျိုးဗီဇ ပြောင်းလဲနေတာ မဟုတ်ဘူးလို့ သုတေသီတွေက ယူဆနေကြတာပါ။
ဒါပေမဲ့ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တဲ့ ဒီမျိုးဗီဇသစ် တကျော့ပြန် ဝင်ရောက်လာပြီး ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားလာမှာကိုတော့ ဒေါက်တာမြတ်ထွဋ်ညွန့်က စိုးရိမ်နေပါတယ်။
"ထိန်းသိမ်းနေတဲ့ကြားက အကြောင်းကြောင်းကြောင့် ပြည်တွင်း ကူးစက်မှုတွေ ဖြစ်လာခဲ့လို့ရှိရင် ကို ကိုဗစ် ဒုတိယလှိုင်း ဖြစ်ပြီးတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့က စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအချက်ကို သိခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိဝင်နေတဲ့ ကိုဗစ်ရောဂါပိုးဟာလည်း တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ နည်းတူ ရောဂါပိုးအားဖြင့်လည်း စိုးရိမ်ရတဲ့ ကူးစက်လွယ်တဲ့ အမျိုးအစားဖြစ်နေတာကို တွေ့နေပြီ။"
လက်ရှိမှာ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးဗီဇသစ်ဟာ အာဖရိကကလွဲရင် အရှေ့တောင်အာရှအပါအဝင် နေရာတော်တော်များများမှာ တွေ့ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာတဝန်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်နေတဲ့ အမေရိကန်မှာ တွေ့ရှိတဲ့ မျိုးဗီဇတော့ ပါဝင်ခြင်းမရှိဘူးလို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေမရှိတာ တစ်လနီးပါးရှိလာတဲ့နောက် ဩဂုတ် ၁၆ ရက်ကစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသတွင်းကူးစက်တဲ့ ကိုဗစ်လူနာသစ်ကို တွေ့ရှိခဲ့ရာက ဩဂုတ်လ ၂၁ ရက် ည ၈ နာရီအထိ စစ်တွေနဲ့ မြောက်ဦးမြို့တို့မှာ ပြည်တွင်းကူးစက်သူ ၂၉ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၄၁၉ ဦးအထိ ရှိလာပြီး သေဆုံးသူ ၆ ဦး ရှိလာပြီလို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အခု စစ်တွေမှာ ဖြစ်ပွားနေတဲ့ ဒေသတွင်းကူးစက်မှုတွေဟာ မျိုးဗီဇပြောင်းနေတဲ့ ကိုဗစ်ဟုတ်မဟုတ်ဆိုတာ စစ်ဆေးနိုင်ဖို့ဆိုရင် သတ်မှတ်ထားတဲ့ အချက်တွေဖြစ်တဲ့ ပိုးကောင်ရေပြည့်မီမှသာ စစ်ဆေးနိုင်မှာ ဖြစ်လို့ ရခိုင်ဘက်က ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အသေးစိတ်ပြန်လည်စိစစ်ပြီး လေ့လာသွားဖို့ရှိတယ်လို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။