တပ်နဲ့အစိုးရ ငြိမ်းချမ်းရေး အပေါ် သဘောထားမတူကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေပြော

နေပြည်တော်မှာ သြဂုတ်လ ၁၉ ရက်နေ့ စတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြောကြားသွားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားတွေဟာ မတူတာကိုတွေ့ရတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီလိုဖြစ်တာဟာ သူတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေကို ပြောကြတာသာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးညှိနှိုင်း ပြောတာ မဟုတ်လို့ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီတွေဘက်က ကိုယ်စားပြုတက်ရောက်လာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ၃ ခုကို ပြောသွားခဲ့ပြီး အဲ့ဒီအထဲမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအချက် တို့ကို ထည့်သွင်း ပြောသွားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ အဓိက ကျနိုင်တဲ့ အချက်၃ ချက် ဆိုပြီး ၁။ ငြိမ်းချမ်းချမ်ရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်ရာမှာ မရိုးသားမှု ၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ အခြားလုပ်ငန်းစဥ်တွေ တွဲဆက်ထားလိုမှု ၃။တိကျပြတ်သားတဲ့ အခြေခံမှုပေါ်မှာ ခိုင်မြဲစွာရပ်တည်နိုင်မှု အားနည်းခြင်းဆိုပြီး အချက် ၃ ချက်ကို ပြောသွားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီညီလာခံမှာ တစ်ဆို့မှုဖြစ်ခဲ့တဲ့ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျော်လွှားနိုင်ခဲ့ပေမဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စကိုတော့ သဘောတူညီမှုရအောင် ဆက်လက် ကြိုးပမ်းရဦးမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုကျန်ခဲ့ရခြင်းဟာလည်း ပြည်နယ်အခြေခံဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး စကားရပ် အခေါ်အဝေါ်ညှိလို့မရတဲ့အတွက်လို့ ဆိုနိုင်ပေမဲ့လည်း နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ပင်လုံစာချုပ်ကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ ၁၉၄၇ ခုနှစ် အခြခံဥပဒေမှာတော့ "ဤအခြေခံဥပဒေပါ အချက်တွေနဲ့ မဆန့်ကျင်စေဘဲ ပြည်နယ်တွေရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေဆိုင်ရာ ကိစ္စတွေ အားလုံးက တရားဥပဒေနဲ့ သတ်မှတ်ဖို့ပြဋ္ဌာန်းခဲ့တယ် "လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီညီလာခံ မှာ ပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်တာဟာ အားလုံး စုပေါင်း စိုက်ထူလိုက်နိုင်တဲ့သမိုင်း မှတ်တိုင်တစ်ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စကားလုံးအသုံးအနှုန်းနဲ့ အခေါ်အဝေါ်လှပပေမဲ့ လက်တွေ့ အဖြေရှာလိုစိတ်မရှိတဲ့ အနေအထားအမျိုးမှာ တွေ့ဆုံဆွေးနွေးရေးဟာ ဝေ့လည်ကြောင်ပတ်နဲ့ အချိန်ကြာနေတတ်တယ်လို့လည်း သူကပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ၃ ခုကို ပြောသွားပြီး အဲ့ဒီအထဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအချက် တို့လည်း ပါဝင်ကြောင်း ပြောသွားခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေနဲ့ ပတ်သက်လို့ အဓိက ကျတဲ့ အချက်၃ ချက် အပါအဝင် ထူးခြားတဲ့မှတ်ချက်နဲ့ စကားအသုံးအနှုန်းတွေကို တွေ့ရပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု ဆိုတာကို သုံးနှုန်းသွားသလို တိုင်းရင်းသား လူနည်းစု အခွင့်အရေးတွေနဲ့ ပတ်သက်လို့ လက်ရှိအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒီပြဋ္ဌာန်းချက်တွေထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့စနစ် ဖြစ်ချင်ရင်တော့ ရွေးကောက်ပွဲပုံစံစနစ်ကို ယခုအသုံးပြုနေတဲ့ စနစ်အစား အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ကိုနိုင်းယှဥ် စဥ်းစားသင့်ကြောင်း အကြံပြုသွားပါတယ်။

ဒါ့အပြင် ဒီနေ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေမှာ တပ်မတော်ကြောင့်ပဲဖြစ်ပွားသယောင် သမိုင်းကို လုပ်ကြံဖန်တီးနေတာကိုလည်း တွေ့ရကြောင်းနဲ့ ဒီဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်သာ သက်ဆိုင်ပြီး နိုင်ငံတော် တာဝန်အရပ်ရပ်ကို ယူထားတဲ့ အစိုးရနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆတွေကိုလည်း ရှင်းပြသွားပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်နဲ့ အစိုးရတိုင်းကိုသာ ကာကွယ်ပေးနေတာဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

၁၉၅၀ ခုနှစ်က အတွေးအခေါ်အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ ပြောသွားသလို ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ပြောသွားပါတယ်။

"တပ်ချုပ်မိန့်ခွန်းက နည်းနည်းကြမ်းတယ် ထင်တယ်။ ငြိမ်းချမ်းရေး ညီလာခံမှာ ကြမ်းကြမ်းတမ်းတမ်း အဲဒီလို သဘောထား ကွဲတယ် ဆိုတာ မကောင်းဘူး။ ဒီမိန့်ခွန်းတွေက ညှိနှိုင်းထားတဲ့ မိန့်ခွန်းတွေ မဟုတ်ဘူး။ သူ့ အယူအဆ သူပြော၊ ကိုယ့် အယူအဆ ကိုယ်ပြော။ မတူတာတွေတော့ ပေါ်လာမှာပေါ့။ ပေါ်လစီ လူကြီးတွေ ဆိုတော့၊ ဒါကို တူအောင် ပြန် ညှိရမယ်" လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားက ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေ အပေါ် အဖွင့် မိန့်ခွန်း ပါဝင် ပြောကြားခဲ့သူ တစ်ဦး ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဒီနေ့ ပွဲအပြီးမှာ ဘီဘီစီကို ပြောပါတယ်။

"လက်နက်အားကိုး အရေးယူလာလို့ တိုင်းရင်းသားတွေက မလွှဲမရှောင်သာ လက်နက်ကိုင်ရတာ။ တပ်မတော်က ပြောတဲ့ ပုံစံက တိုင်းရင်းသားတွေက အခွင့်အရေး အပြည့်အဝ ရနေတဲ့ ပုံစံမျိုးကို ပြောနေတယ်။ ဒါက လက်တွေ့ နဲ့ မကိုက်ညီဘူးလို့ " မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာကလည်း ဘီဘီစီကို ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံရဲ့ စတုတ္တအကြိမ်အစည်းအဝေးမှာ အရင်အစည်းဝေးတွေကလို တိုင်းရင်းသား ခေါင်းဆောင်တွေ မတက်ရောက်ပေမဲ့ အစိုးရခေါင်းဆောင်တွေ တပ်မတော်အကြီးအကဲနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ သြဂုတ်လ၁၉ ရက် ညီလာခံဖွင့်ပွဲကိုတက်ရောက်လာတဲ့အစိုးရ၊ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီးလာမယ့် သြဂုတ်လ ၂၁ ရက်နေ့အထိ ညီလာခံကို ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးမှာ အရေးပါတဲ့ခေါင်းဆောင်နှစ်ဦးရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထား ဒီလိုမတူညီမှုတွေကြား မကြာခင်ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူညီချက် အပိုင်း ၃ မှာ ပါရှိတဲ့ ၂၀၂၀ အလွန် အကောင်အထည်ဖော်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ချောမွေ့ဦးမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။