၁၀နှစ်ကြာမြန်မာ့ငြိမ်းချမ်းရေး ဘာတွေက ခက်ခဲနေတာလဲ

၁၀ နှစ်နီးပါးကြာနေပြီဖြစ်တဲ့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာတော့ စကားလုံး အကျအနတွေကို ဆွေးနွေးရတာ၊ ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ အချိန်မတန်သေးလို့၊ စိုးရိမ်လို့ဆိုကာ ဆုံးဖြတ်ချက်တွေ မချရတာ၊ ချပြီးသားဆုံးဖြတ်ချက်တွေကလည်း အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့ အချက်တွေ တစ်ဝက်လောက်ပါနေတာ တွေနဲ့ပဲ ရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

အဲဒီလိုအခက်အခဲတွေရှိနေတာကို တိုင်းရင်းသား လက်နက်ကိုင်ဘက်ကကိုယ်စားပြု ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းက သြဂုတ် ၁၇ရက်နေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေ အပါအဝင် လပိုင်းတွေအတွင်း လုပ်ခဲ့တဲ့အစည်းအဝေးတွေအတွင်း ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေ ဆိုတဲ့ အသုံးအနှုန်းအကြား သဘောတူညီမှု မရခဲ့လို့ အခုကျင်းပမယ့် လေးကြိမ်မြောက် ၂၁ရာစု ပင်လုံ ညီလာခံမှာ အဲ့ဒီအပိုင်းကို မထည့်သွင်းနိုင်ခဲ့ပါဘူး။

အဲဒီအချက်က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖက်ဒရယ်အခြေခံမူ ၅ချက်ထဲက ဖြစ်ပါတယ်။ ဒါကို ၂၀၁၉ခုနှစ် အောက်တိုဘာကတည်းက လေးနှစ်ပြည့် NCA အခမ်းအနားမှာ အတိုင်ပင်ခံက အဆိုပြုပေးပြီး လက်နက်ကိုင်၊ အစိုးရ၊ တပ်မတော်တို့ အားလုံးက အဲဒီအချိန်မှာ သဘောတူခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အစည်းအဝေးတွေမှာတော့ စကားအသုံးအနှုန်းအပေါ် သဘောမတူတာမျိုးတွေကြောင့် အဲဒီအချက်က ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်း ၃မှာ မထည့်နိုင်ခဲ့ပါဘူး။

အလားတူ ခွဲမထွက်ရဆိုတဲ့ စကားလုံးကိုလည်း နှစ်နဲ့ချီပြီးဆွေးနွေးခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ အဲဒီစကားလုံးအစား အခြားပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးကို ပြီးခဲ့တဲ့ အစည်းဝေးတွေအတွင်းမှ ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

၁၀နှစ်နီးပါးကြာလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ လက်နက်ကိုင်တွေပူးတွဲပြီး စည်းဝေးနိုင်တာက ၁၀နှစ်အတွင်းလုပ်ခဲ့တဲ့အစည်းအဝေးတွေရဲ့ ၂၀ ရာခိုင်နှုန်းပဲရှိပါတယ်။ အများဆုံးမှ ၂၅ရာခိုင်နှုန်းသာရှိပါတယ်လို့ ဆလိုင်းလျန်မှုန်းက ဆိုပါတယ်။

ကျန်တဲ့ ၈၀ ရာခိုင်နှုန်းသော အစည်းအဝေးတွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ သီးသန့်သာ လုပ်နိုင်ခဲ့တဲ့ အစည်းအဝေးတွေဖြစ်ခဲ့တယ်လို့ သူရဲ့မှတ်တမ်းတွေအရ ကိုးကားပြောဆိုပါတယ်။

ဒါ့အပြင် ဆွေးနွေးချက်တွေရဲ့ ၇၀ ရာခိုင်နှုန်းကလည်း ဆုံးဖြတ်ချက်မချနိုင်တဲ့အရာတွေ၊ ဆုံးဖြတ်လို့မရအောင် ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေဖြစ်နေသလို၊ ဆုံးဖြတ်ပြီးသားအချက်တွေရဲ့ တစ်ဝက်လောက်ကလည်း အကောင်အထည်ဖော်လို့ မရနိုင်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်နေတယ်လို့ သူပြုစုထားတဲ့ မှတ်တမ်းတွေအရ ပြောပြခဲ့ပါတယ်။

အဲဒီလိုအကောင်အထည်မဖော်နိုင်အောင်၊ ဆုံးဖြတ်ချက်မချနိုင်အောင်ဖြစ်ရတာကလည်း စိုးရိမ်မိတယ် ဆိုတဲ့ စကားတစ်လုံးတည်းကြောင့် ဖြစ်တယ်လို့ ဆလိုင်လျန်းမှုန်းက ပြောပါတယ်။

"တစ်နေ့လုံး အစည်းအဝေးလုပ်တယ်၊ ဆုံးဖြတ်ချက်ချတော့မယ့် အချိန်မှာ တစ်ဦးဦးကထပြီး ကျွန်တော် စိုးရိမ်မိပါတယ်ဗျာ၊ အချိန်မတန်သေးဘူးထင်တယ် လို့ဆိုလိုက်တာနဲ့ ဘယ်လိုမှဆုံးဖြတ်ချက်ချ လို့မရပါဘူး" လို့ သူကပြောပြခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြသူတွေဟာ မိမိတို့အဖွဲ့ တစ်ခုတည်းရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံး ရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုနိုင်ဖို့အရေးကြီးပါတယ်လို့ သြဂုတ် ၁၇ရက်နေ့ အစည်းအဝေးမှာထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်တွေ့အစည်းဝေးအများစုမှာတော့ စိုးရိမ်မှု၊ အသုံးအနှုန်းစတဲ့ အဓိကမကျတဲ့ ဆွေးနွေးမှုတွေနဲ့သာ အများစုဖြစ်နေတာကြောင့်လည်း မြန်မာ့ငြိမ်းချမ်းရေးက ထင်သလောက်ခရီးမပေါက်ဘူး လို့ဝေဖန်ခံနေရတာပါ။

အခုလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထင်သလောက်ခရီးမပေါက်ရတဲ့အပေါ် ဒေါ်အောင်ဆန်းစု ကြည်ကတော့ "ဝေါဟာရ၊ စကားရပ်၊ အခေါ်အဝေါ်တွေအပေါ် အငြင်းပွားနေတဲ့ အရင်းခံဇာစ်မြစ်က ယုံကြည်မှု တည်ဆောက်ရေးရဲ့ ပြဿနာပါ၊ နိုင်ငံရေးအရ ကြုံတွေရတဲ့ ပြဿနာမဟုတ်ဘဲ၊ တစ်ဘက်နဲ့ တစ်ဘက်ယုံကြည်မှုအရဖြစ်တဲ့ ပြဿနာလို့ဆိုနိုင်ပါတယ်" လို့ ယူဆပြောဆိုပါတယ်။

ဒါကြောင့် အခုလိုမရသေးတဲ့ ယုံကြည်မှုကို ထပ်မံတည်ဆောက်ဖို့အတွက် အချင်းချင်းအကြား နားလည်မှုရှိဖို့ကို အရင်ကြိုးစားတည်ဆောက်ပြီး အဲဒီကတစ်ဆင့် ယုံကြည်မှုကို တည်ဆောက်ကြဖို့လိုနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"ယုံကြည်မှုတည်ဆောက်ရေးအတွက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့နားလည်မှုရှိဖို့ တည်ဆောက်ရဦးမှာပါ။ နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရေးကလည်း အပြောလွယ်သလောက် လက်တွေ့တည်ဆောက်မှုက ခက်ခဲပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကစတင်ကာ ငြိမ်းချမ်းရေး လုပ်ငန်းကို ပြန်လည်စတင်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီးတော့ ဦးသိန်းစိန် အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ လက်ရှိသက်တမ်းအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးကာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

ကျန်တဲ့ အပစ်ရပ်စာချုပ်လက်မှတ်မထိုးကြသေးတဲ့ ၁၀ ဖွဲ့ကျော်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကလည်း အစိုးရနဲ့ ရံဖန်ရံခါ နှစ်ဘက်သဘောတူညီမှုရရှိတဲ့အခါ တွေ့ဆုံမှုတွေကို ပြုလုပ်ပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးနေကြ တာမျိုးလည်း ရှိကြပါတယ်။