ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲ-မဲပေးရေး၊ မဲမပေးရေး စကားစစ်ထိုးပွဲ ပြင်းထန်ခဲ့တဲ့ သီတင်းပတ်
ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်း လူထုကြား ဆွေးနွေးပြောဆိုနေကြတဲ့ ထိပ်တန်းရောက် အကြောင်းအရာတစ်ခုကတော့ ရွေးကောက်ပွဲမှာ မဲပေးရေးနဲ့ မဲမပေးရေး၊ တစ်နည်းအားဖြင့် နိုးဗုတ်လား ၊ ဂိုးဗုတ်လား ဆိုတာပါ။
၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်နိုင်ငံလုံး အငြင်းမထွက်ခဲ့တဲ့ No vote ဟာ ဒီမိုကရေစီခရီးကို ဆယ်နှစ် တာကာလ လျှောက်လှမ်းပြီးချိန်မှာတော့ ငြင်းခုန်စရာ အကြောင်းအရာတစ်ရပ် ဖြစ်လာပါပြီ။
၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးနဲ့ စာတမ်းတွေကို တစ်ချိန်က လျှို့လျှို့ဝှက်ဝှက်နဲ့ ဖြန့်ဝေခဲ့ကြသလို လူကိုယ်တိုင် ပေါ်ပေါ်ထင်ထင် ဆန္ဒဖော်ထုတ်လို့ အဲဒီအချိန်က ဥပဒေနဲ့ အရေးယူခံရတာတွေ ရှိခဲ့တာပါ။
ဒါပေမဲ့ မဲပေးရေးနဲ့ မဲမပေးရေးအုပ်စုတွေကြားမှာ အငြင်းပွားမှုတွေဟာ ခုလို ဆိုရှယ်မီဒီယာအားကောင်းတဲ့ခေတ်လောက် ကျယ်ကျယ်လောင်လောင်မရှိခဲ့သလို နိုင်ငံရေးအခြေအနေကြောင့်လည်း ခုလောက် သဘောထားကွဲလွဲမှုကြီးမားတာမရှိခဲ့ပါဘူး။
ဒါ့အပြင် အဲဒီတုန်းက မဲမပေးရေးလှုပ်ရှားမှုဟာ စစ်အစိုးရ ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်သလို စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး တကယ့်ဒီမိုကရေစီအခင်းအကျင်းကို မယူဆောင်ပေးနိုင်တဲ့ ဟန်ပြရွေးကောက်ပွဲတစ်ရပ်ဆိုတဲ့ မယုံကြည်ချက်မှုတွေကို အခြေခံရာကနေ စခဲ့တာပါ။
တကယ်လည်း အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ယုံကြည်ချက်ကြောင့် နှစ်ရှည်အကျဉ်း ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားထောင်နဲ့ချီပြီး အကျဉ်းထောင်တွေထဲက မလွတ်မြောက်သေးချိန်ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြားကနေပဲ ၂၀၁၀ရွေးကောက်ပွဲကနေ အနိုင်ရပါတီ ကြံ့ခိုင်ရေးဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံနးီးပါး ပြန်လွှတ်ပေးခဲ့ပြီး သံသယနဲ့ ပြည်တွင်းပြည်ပ စောင့်ကြည့်မှုတွေအောက်မှာ ပြုပြင်ပြောင်း လဲမှုတချို့လုပ်နိုင်ခဲ့သလို ၂၀၁၂ မှာ NLD ပါတီပြန်တည်ထောင်ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲစနစ်နဲ့ တိုင်းပြည်အပြောင်းအလဲကို လုပ်နိုင်မယ်လို့ ယုံကြည်မှုမြင့်တက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကတော့ အပြောင်းအလဲကို လိုချင်တဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ ရေး မဲပေးခဲ့ကြပါတယ်။ အဲဒီတုန်းက မဲမပေးရေးလှုပ်ရှားမှုဆိုတာလည်းမရှိခဲ့သလို မဲပေးနှုန်း Voter Turnout မြင့်တက်ခဲ့တာကို ရွေးကောက်ပွဲလေ့လာစာတမ်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တစ်ချိန်က No Vote မဲမပေးရေးအသံတွေ တစ်ဖန်ပြန်ကျယ်လာပါတယ်။
လက်ရှိ NLD အစိုးရအပေါ်အားမရတဲ့သူတချို့က ရွေးကောက်ပွဲနေ့မှာ မဲမပေးဘူးဆိုတဲ့ သဘောထားတွေ ထုတ်ပြောလာတာဖြစ်ပါတယ်။ အဲဒီလို နိုးဗုတ် များလာရင် တစ်ဘက်က အသာရသွားမှာကို အန်အယ် လ်ဒီ ထောက်ခံသူတွေကလည်း စိုးရိမ်လာကြပါတယ်။
နိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်ရှိတာဟာ နိုင်ငံသားတိုင်းရဲ့ အခွင့် အရေးဖြစ်ပြီး ဒီအခွင့်အရေးပေါ် လေးစားသမှုနဲ့ တုံ့ပြန်သင့်တယ်လို့ နိုးဗုတ်သမားတွေကို ထောက်ခံသူ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်က သုတေသန ပညာရှင် ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
ဒီမိုကရေစီစနစ်မှာ ပြည်သူဟာ အာဏာရှင်ဆိုပေမယ့် ရွေးကောက်ပွဲရက်တစ်ရက်တည်းသာ အာဏာရှိ တာဖြစ်ပြီး ကိုယ်ပေးလိုက်တဲ့မဲတပြားဟာ လွှတ်တော်ထဲကို အရောက်ပို့ပေးနိုင်တာသာရှိပြီး ဒီကိုယ်စားလှယ် အရည်အချင်းမပြည့်မီတဲ့အခါ ကိုယ်စားလှယ်အဖြစ် ပြန်ရုတ်သိမ်းနိုင်တဲ့ဥပဒေလည်း ရှိမနေ ဘူးလို့ သူက ပြောပါတယ်။
နိုးဗုတ်လုပ်နေသူတွေဟာ မဲပျံ့သွားအောင် လုပ်နေတာ၊ ရွေးကောက်ပွဲကိုပျက်စီးအောင် ဖျက်စီးလိုတဲ့စိတ်ဆန္ဒနဲ့ လုပ်တာ၊ ညွန့်ပေါင်းအစိုးရတစ်ရပ်ပေါ်လာဖို့ ကြိုးစားကြံစည်နေတာ ဆိုတဲ့အချက် သုံးချက်နဲ့စွပ်စွဲပြောဆိုတာတွေ ကြုံတွေ့နေရတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
လွှတ်တော်သက်တမ်းနှစ်ရပ်အတွင်း အာဏာရပါတီတစ်ခုက လွှတ်တော်ထဲ ဦးဆောင်နေပြီး ဒီစနစ်ကို ပြောင်းလဲစေချင်သလို အစိုးရအဖွဲ့တွင်းမှာလည်း တိုင်းရင်းသား တွေရဲ့ ကိုယ်စားပြုမှုပါဝင်လာအောင် တွန်းအားပေးဆောင်ရွက်ချင်တဲ့ဆန္ဒဖြစ်တယ်လို့ နိုးဗုတ်လှုပ်ရှားမှုကို မှားယွင်းတယ်လို့ မမြင်ကြောင်း သူက ဆက်ပြောပါတယ်။
"ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲစနစ်ပေါ်မှာ ဆန့်ကျင်တယ်ဆိုတာ ဆန့်ကျင်ခွင့်ရှိတယ်။ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေး၊ ခုနက ကျွန်တော်ပြောသလို ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံထဲနေထိုင်တဲ့လူသားနဲ့ သဘာဝပတ်ဝန်းကျင်ကို အကျိုးမပြုဘူးလို့ ယူဆစရာ အကြောင်းပြချက်ရှိတယ်။ နီးနီးစပ်စပ်ဆို အိုင်စီဂျေကိစ္စရှိတယ်။ ချင်းပြည်နယ် ပလက်ဝက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ တိုင်းရင်းသားအရေး လူ့အခွင့်ချိုးဖောက်မှုတွေကို ဖြေရှင်းပေးထားတာမရှိဘူး" လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကပြောပါတယ်။
၂၀၁၅ မှာ လူထုရွေးချယ်တဲ့အစိုးရတစ်ရပ်ပေါ်လာချိန်မှာ လူထုကို အာဏာအပ်နှင်းပြီး လူထုဘက်က ရပ်တည်မှုတွေ ဆောင်ရွက်ပေးဖို့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တာလောက် မခက်ခဲသလို အစိုးရအနေနဲ့ ထောက်ခံမှု ရာခိုင်နှုန်း ငါးဆယ်ကျော်ရရုံနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စတွေဖြစ်ပေမယ့် ဒါတွေကို ဖြေရှင်းဖို့ တာဝန်ပျက်ကွက် ခဲ့တယ်လို့ သူက ဆိုပါတယ်။
"အဲဒီလိုပျက်ကွက်ခဲ့တာကြောင့် အဲစနစ်ကြီးကို မလုပ်သင့်ဘူး မရှိသင့်ဘူးလို့ ယူဆတဲ့ ရပ်တည်ချက်တစ်ခုကြောင့် ရွေးကောက်ပွဲမရှိသင့်ဘူးလို့ ပြောတာ မှားတယ် လို့ပြောလို့မရဘူး။ ဒါပေမဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေအရ ရွေးကောက်ပွဲကိုပျက်စီးစေလိုတဲ့ဆန္ဒနဲ့ လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေချိုးဖောက်မှုရှိတယ်လို့ ယူဆလို့ရတယ်။ တရားစွဲလို့ရတယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ မတရားဘူးလို့ပြောလို့မရဘူး။ မှားတယ်လို့ ပြောလို့မရဘူး" လို့ ဒေါက်တာစိုင်းကြည် ဇင်စိုးကပြောပါတယ်။
နိုးဗုတ်ဟာ နောင်ထွက်လာမယ့်အစိုးရရဲ့ တရားဝင်မှုကို လျှော့ချချင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲစနစ်အရ နိုင်ငံရေးပါတီတွေဟာ လွှတ်တော်အသီးသီးမှာ ၇၅ ရာခိုင်နှုန်းနေရာကိုသာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကျန် ၂၅ % ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက နေရာယူထားပါတယ်။
ဒါကြောင့် အုပ်ချုပ်သူအစိုးရက မကျေနပ်ရုံနဲ့ နိုးဗုတ်လုပ်မယ်ဆိုရင် အကျောပေး ယှဉ်ပြိုင်ရသလိုဖြစ်နေတဲ့ ရွေးကောက်ပွဲစနစ်ကို ထည့်တွက်ဖို့ Go vote သမားတွေဘက်က တောက်လျှောက်ပြောလာနေတာဖြစ်ပါတယ်။
အရပ်သားအစိုးရအုပ်ချုပ်မှုစနစ်ကိုခိုင်မြဲမှ ဒီမိုကရေစီခိုင်မြဲမှာဖြစ်ပြီး ဒီမိုကရေစီခိုင်မြဲဖို့ဆိုရင် ရွေးကောက်ပွဲ တွေကို လူထုက စိတ်ဝင်စားဖို့မဲပေးဖို့လိုတယ်လို့ သတင်းစာဆရာ ဦးသီဟသွေးက သုံးသပ်ပါတယ်။
အခု ပေါ်ပေါက်လာတဲ့ နိုးဗုတ်လှုပ်ရှားသူတွေ NLDအစိုးရကို အားမလိုအားမရဖြစ်ပြီး NLDက လွဲလို့ တခြားသူမပေးချင်တဲ့အတွက် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ရှင်းရှင်းပြောရရင် NLD ကိုမပေးချင်တဲ့အခါကျတော့ တခြားသူကိုမပေးဘူးဆိုတဲ့သဘော။ နိုးဗုတ်သမားက ပြောရလို့ရှိရင် NLD ကိုပိုတောင်ချစ်သေးတယ်လို့ ပြောရမယ်။ ဆိုတော့ ဒါက အသည်းကွဲတဲ့သဘောပေါ့။ ကျွန်တော်တို့အမြင်ကျတော့လည်း ရွေးကောက်ပွဲက ကျီးနဲ့ ဖုတ်ဖုတ်ဖြစ်ပြီးတော့ ဒီမိုကရေစီခြောက်ခမ်းသွားမှာ စိုးရိမ်တယ်။ နိုးဗုတ်လုပ်မယ့်အစား တစ်သီးပုဂ္ဂလသော်လည်းကောင်း၊ တခြားပါတီလေးတွေရှိတယ်။ အခုဆို ပါတီသစ်လေးတွေရှိတယ်။ အဲဒီလို ပါတီလေး တွေပေး လိုက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဲဒီလိုဖြစ်စေချင်တယ်။ နိုးဗုတ်သမားက ဟုတ်သလိုလိုနဲ့ ဘာလွဲနေလဲဆိုတော့ NLD ကိုအရမ်းကိုသဘောကျလွန်းပြီးတော့ NLD ကရွေးတဲ့သူတွေနဲ့ ပြီးခဲ့တဲ့ကာလမှာလုပ်ခဲ့တဲ့ဟာတွေပေါ်မှာမကျေနပ်တာ။ အားမရတာ ရှိမယ်။ နောက်တစ်ခါ မဲဆန္ဒနယ်ထဲက ကိုယ်စားလှယ်တွေကို မကျေနပ်တာအားမရတာရှိမယ်။ သူများလည်းမပေးဘူး။ NLD မှNLD သမားပေါ့။ ကျွန်တော်တို့ နိုးဗုတ်သမားကိုလက်မခံဘူးမဟုတ်ဘူး။ သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိတယ်။ တစ်ဖက်မှာလည်း ဘာဖြစ်သွားလဲဆို အဲဒီမျိုးကျတော့ ဒီမိုကရေစီကို မျက်ကွယ်ပြုရာရောက်တယ်" လို့ ဦးသီဟသွေးကပြောပါတယ်။
လူတစ်ဦးချင်းအရ နိုးဗုတ် အခွင့်အရေးရှိပေမယ့် တခြားလူတွေကို စွဲဆောင်စည်းရုံးတဲ့ပုံစံ ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားလာရင်တော့ ဥပဒေကြောင်းအရ အရေးယူခံရနိုင်တဲ့အန္တရာယ်ကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ Rain Maker ရွေး ကောက်ပွဲလေ့လာစောင့်ကြည့်ရေး ကွန်ယက်ကတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်အေးသန္တာအောင်က ပြောပါတယ်။
ဒါ့အပြင် Go Vote သမားတွေအနေနဲ့လည်း ၂၅ ရာခိုင်နှုန်းအကျောပေး ယှဉ်ပြိုင်ရသလိုဖြစ်နေတဲ့ ရွေး ကောက်ပွဲစနစ်အပေါ် ပုံသေသတ်မှတ်ပြီး အစိုးရိမ်မလွန်သင့်ဘူးလို့လည်း ဆက်ပြောပါတယ်။
၂၀၁၀ တုန်းကနဲ့စာရင် နောက်ပိုင်းတွေမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုမြင့်တက်လာသလို အခုချိန်မှာ အစိုးရနှစ်ဆက် ဆောင်ရွက်ချက်တွေပေါ် ချိန်ထိုးတွက်ချက်ပြီး စဉ်းစားမဲပေးရွေးချယ်သူတွေလည်း ရှိလာနိုင်မယ်လို့ ဒေါ်အေးသန္တာအောင်က ပြောပါတယ်။
အခုလို နိုးဗုတ်ဂိုးဗုတ် နှစ်ဖက်အပြန်အလှန်အငြင်းပွားမှုတွေကရွေးကောက်ပွဲရလဒ်ပေါ် သက်ရောက်မှုကြီးမားသွားနိုင်တယ်လို့လည်း ဒေါ်အေးသန္တာအောင်က ယူဆပါတယ်။
"တစ်ဖက်မှာကျတော့လည်း ကိုယ့်ထမင်းကိုယ်စားရတာပဲ။ မဲထည့်လို့လည်း ဘာမှမထူးပါဘူးဆိုတဲ့ Voter တွေကလည်း အများကြီး။ ခုနကလို မဲစာရင်းမှားယွင်းတဲ့အခြေအနေကြောင့် (ရှိလာမယ့်) Voter တွေကလည်းအများကြီးဆိုတာကြောင့် ဒီအခြေအနေတွေက ရွေးကောက်ပွဲပေါ်မှာ အင်မတန် ထိခိုက်လာနိုင်တဲ့အခြေအနေမှာ ရှိပါတယ်" လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။
မဲမပေးတာဟာ တစ်ဦးချင်းရဲ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်က နိုင်သူအကုန်ယူတဲ့စနစ်ဖြစ်တာကြောင့် မဲအရများသူကသာ နိုင်သွားမယ့်အခြေအနေလို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်မှာဆို မဲလာပေးသူ ၃၇ ရာခိုင်နှုန်း၊ ၂၀၁၈ မှာဆို ၄၂ ရာခိုင်နှုန်းနဲ့ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲကတော့ အထမြောက်ခဲ့တယ်လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။
"တစ်ခုတော့ရှိတာပေါ့။ နိုင်ငံသားတွေမှာ လာထိတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပြီးမဲပေးပိုင်ခွင့်မှာ ဒါတွေက လာပြီးထိခိုက်မှာ။ နောက်တစ်ချက်က ကျတော့ ကိုယ့်တကယ်ရွေးချယ်ချင်တဲ့ကိုယ်စားလှယ်လောင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရမယ်။ အလားတူပဲ ယှဉ်ပြိုင်မှုပြင်းထန်တဲ့နေရာတွေ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ပါတီတစ်ခုနဲ့တစ်ခု သိပ်မကွာဘဲ အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်တွေ မှာ ကိုယ့်ရဲ့ မဲတစ်မဲရဲ့ တန်ဖိုးက မြင့်တယ်လေ။ ဒါကြောင့် နိုးဗုတ်ရော ဂိုးဗုတ်ရော ဖြစ်နိုင်လို့ရှိရင် တစ်ဖက်နဲ့တစ်ဖက်နဲ့ အပြန်အလှန်လေးစားသမှုနဲ့ ထိန်းညှိသွားရင်ရွေးကောက်ပွဲတစ်ရပ်မှာ မဲပေးနှုန်းကျဆင်းသွားမယ့် အခြေအနေဆိုးကို ကျော်လွှားသွားနိုင်မယ်ထင်တယ် " လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။