ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့် မြေပြိုမှုမှာ သေဆုံးသူ ၂၀၀ ထက် များနိုင်တယ်လို့ ကိုယ့်တွေ့ကြုံခဲ့သူကပြော
ဖားကန့်မြေပြိုမှုမှာ သေဆုံးသူအရေအတွက် ၂၀၀ လောက် ရှိမယ်လို့ ခန်မှန်းကြပေမဲ့ ဒါ့ထက် ပိုများနိုင်တယ်လို့ ဒီမြေပြိုမှုဖြစ်စဉ်ကနေ လွတ်မြောက်လာသူ ကိုဖြိုးသက်နိုင်က ဘီဘီစီကို ပြောပါတယ်။
အခင်းဖြစ်ပွားချိန်မှာ အဲဒီနေရာမှာ လူတွေရာနဲ့ချီ ရှိနေကြတယ်လို့ ကိုဖြိုးသက်နိုင်က ပြောပြပါတယ်။
"လူ၂၀၀ တော့ မကလောက်ဘူး၊ လေးငါးရာလောက် ပါမယ်ထင်တယ်"လို့ သူကပြောပါတယ်။
"ပြိုကျတဲ့အချိန်မှာ လှိုင်းနဲ့ပါသွားတဲ့သူတွေ ရှိတယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့ကတော့ ကျင်းထဲ စဆင်းနေတဲ့အချိန်၊ ဟိုနားကမြေပြို ဒီနားကမြေပြို ဖြစ်နေတော့ အကုန်လုံး အုံလိုက်ကြီး မပြိုလောက်ဘူးလို့ လူတိုင်းက ထင်နေကြတာ၊ ကျွန်တော်တို့လည်း အဲဒီလိုထင်ပြီး ကျင်းထဲ ဆက်ဆင်းနေတဲ့ အချိန်မှာ အကုန်လုံး အုံလိုက်ကြီး ပြိုကျသွားတာ"လို့ သူက ပြောပါတယ်။
"ပြိုတဲ့အချိန်က ကျွန်တော် ကျင်းတစ်ဝက် ရောက်နေပြီ၊ အဲ့ဒီအချိန် အားကုန်ထည့်ပြီး အပေါ်ကို တက်ပြေးလာခဲ့တာ"လို့လည်း သူ လွတ်မြောက်လာတာကို ပြန်ပြောပြပါတယ်။
"ကျင်းထဲ ပြန်ကြည့်လိုက်တော့ စိတ်မကောင်းလည်း ဖြစ်ရတယ်၊ လူလည်း အတော်လေးကို လန့်သွားတယ်၊ ကမ်းပါးယံမှာ လွတ်ပြီ ထင်ပြီး ပြေးနေရာကနေ ရပ်နေသူတွေလည်း လှိုင်းရိုက်ပြီး ပါသွားတယ်"
လူ၂၀၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ခန့်မှန်းကြတဲ့ ဒီမြေပြိုမှု ဖြစ်စဉ်ဟာ ဇူလိုင်လ ၂ ရက်နေ့ မနက်စောပိုင်းက စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့အထိ အလောင်း ၁၇၄ လောင်း တွေ့ရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ဇူလိုင်လ ၅ရက်နေ့က ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။
လုံးခင်း၊ ဖားကန့် ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်းတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒဏ်ရာရသူတွေဟာ အရိုးကျိုးကြေတာ၊ ရေမွန်းတာ၊ ကိုယ်ခန္ဓာ စုတ်ပြဲ ပွန်းပဲ့ထိခိုက်တာတွေ အများဆုံး ဖြစ်တာကို ဇူလိုင်လ ၅ရက်နေ့က ကယ်ဆယ်ရေးနဲ့ ထောက်ပံရေး ခရီးစဉ်အတွင်း တွေ့ခဲ့ရတယ်လို့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
အခု ဖြစ်စဉ်ဟာ ဖားကန့်မှာ လူအသေအပျောက် အများဆုံး မြေပြိုမှု ဖြစ်စဉ် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ လူမှုအဖွဲ့တွေကိုလည်း အစိုးရက ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မြန်မာ သူရ ကျောက်မျက် ကုမ္ပဏီတို့ကလည်း ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ကြပါတယ် ။
ဒီလို ထောက်ပံ့ ကူညီပံ့ပိုးမှုတွေဟာ အဖြေမဟုတ်ပေမဲ့ နောက်မဆုတ်ဘဲ ဆက်လက်ကြိုးပမ်းပါ့မယ်လို့လည်း ဝန်ကြီးက သူ့လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ အရေအတွက်ဟာ သိန်းနဲ့ချီပြီးရှိနေပါတယ်။
ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ရေမဆေးကျောက် ရှာသူတွေဟာ အန္တရာယ်ကို သတိမမူဘဲ ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်ရောက်ရှာဖွေကြတာလို့ ဘီဘီစီကိုပြောပါတယ်။
သူတို့ကို သတိပေးဆိုင်းဘုတ်တွေနဲ့ သတိပေးထားသလို ရဲနဲ့တပ်ဘက်က တားဆီးမှုတွေလုပ်တဲ့အခါမျိုးမှာ ရပ်သွားပေမဲ့ တားတဲ့သူတွေ မရှိတဲ့အချိန်မှာ ဝင်တူးကြကြောင်းနဲ့ ကုမ္ပဏီလုပ်ကွက်တွေက တူးဖော်မှု ရပ်လိုက်တဲ့အချိန်မှာ သူ့နေရာကိုယ်နေရာ ဦးကြရင်း ရောက်နေခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
ပြည်နယ်အစိုးရသယံဇာတဝန်ကြီး ပြောပြချက် အရတော့ သဘာဝရေစုကန်ဖြစ်နေပြီး ပြိုကျနိုင်တဲ့ နေရာက ၆နေရာလောက်အထိကို ရှိနေသေးတယ် လို့သိရပါတယ်။
အဲဒီ့နေရာတွေမှာလည်း ရေမဆေးကျောက်ရှာဖွေနေသူ အချို့က အခုချိန်ထိ ရှာဖွေနေတာမျိုး တွေလည်း ရှိသေးတယ်လို့ သူကပြောပါတယ်။
အစိုးရအနေနဲ့ ဖားကန့်မှာ အသေးစားနဲ့ အလတ်စားလုပ်ကွက်တွေ ချထားပေးမယ့် အစီအစဉ်တွေ ရှိပြီးအဲဒီလို ချထားပေးနိုင်ရင်တော့ အခုလို ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်တူးတာတွေ နည်းသွားမယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံ လောက် တန်ကြေးရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။
အသက်ဘေးက လွတ်လာသူ ကိုဖြိုးသက်နိုင်ကတော့ ကုမ္ပဏီ တွေအနေနဲ့ မြေစာပုံတွေကို အန္တရာယ်ကင်းအောင် ပုံစေချင်တယ်လို့ ပြောပါတယ်။
ဒီလိုဖြစ်သွားတာ ကိုယ်တိုင် မြင်လိုက်ရပြီးတဲ့နောက် ကျင်းထဲ မဆင်းချင်ပေမဲ့ ဘဝအခြေအနေအရ ကျောက်ရမှ ထမင်းစားနိုင်မှာမို့ မသေမချင်းကတော့ ဒီအလုပ်ပဲ ဆက်လုပ်ရမယ်လို့ သူကပြောပါတယ်။