ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ ရွေးကောက်ပွဲ ကို လျာထားတဲ့အတိုင်း ကျင်းပမယ်လို့ပြော
လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အပြောင်းအလဲမရှိဘဲ ယခင် လျာထားတဲ့အတိုင်း နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အတည်ပြုပြောလိုက်ပါတယ်။
နေပြည်တော်မှာ ဇွန်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ပုံမှန်အတိုင်း ၄ လကြိုတင် ကြေညာသွားမယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
လက်ရှိအခြေအနေဟာ COVID -19 ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိနေပြီး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဟာလည်း လအနည်းငယ်လိုသေးတာကြောင့် နိုဝင်ဘာလထဲမှာကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျင်းပမယ့်ရက်ကိုတော့ အတိအကျ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကိုဗစ်ကြောင့် မဲဆွယ်ကာလတွေမှာ သတ်မှတ်စည်းကမ်းချက်တွေ ရှိလာနိုင်တယ်လို့လည်း ဦးမြင့်နိုင်က ပြောပါတယ်။
ရွေးကောက်ပွဲ မကျင်းပမီတော့ မဲဆန္ဒနယ်တွေကို ကနဦး ကြေညာပေးမှာဖြစ်ပြီး အဲဒီနောက်မှာ ရွေးကောက်ပွဲရက်ကို ကြေညာမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ '၀' ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကိုလည်း သဘောထား မေးမြန်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲမကျင်းပမီ နှစ်လနဲ့ လေးရက်အလိုနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကိုတော့ လေးလအလိုမှာ ကြိုတင်ကြေညာပေးခဲ့တယ်လို့လည်း ဦးမြင့်နိုင်က ပြောပါတယ်။။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်နဲ့ မဲရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အ စည်းအဝေးကို ဇွန်လ ၂ရက်မှ ၄ ရက်အထိ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲကို အခုနှစ် နှောင်းပိုင်းကာလမှာ ကျင်းပရမှာဖြစ်ပြီးတော့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီးတော့ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်ကြေညာမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း ဇွန်လ ၂ ရက်နေ့က ပြောထားပါတယ်။
အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် မကြေညာနိုင်သေးတဲ့အပေါ်နိုင်ငံရေးပါတီတွေဘက်က ဝေဖန်မှုတွေ ရှိပြီးကိုဗစ်-၁၉ ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တယ်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေလည်း ရှိနေခဲ့ပါတယ်။
လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်စာရင်းတွေအရ လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိနေပါတယ်။