လစာရဲ့ ၂၅% ပါတီလစဉ်ကြေး မပေးသူတွေကို အမတ်လောင်းအဖြစ် ပြန်မရွေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်ပြော

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီ အမတ်တချို့ကို နေပြည်တော် လွှတ်တော်တစ်ခုမှာ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီ အမတ်တချို့ကို နေပြည်တော် လွှတ်တော်တစ်ခုမှာ တွေ့ရစဉ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ရာမှာ လက်ရှိ အမတ်တွေထဲက ရတဲ့လစာရဲ့ ၂၅ % ကို ပါတီ လစဉ်ကြေးအဖြစ် ပြန်မပေးတဲ့သူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ရွေးတော့မှာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"၂၅ %က ပါတီကို ထောက်ပံ့ရတာ ရှိတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရော အစိုးရအဖွဲ့ဝင်တွေရော.. တချို့ဆို မပေးတော့ဘူးဗျ၊ ပါတီလစဉ်ကြေး မပေးတဲ့သူတွေ၊ စည်းကမ်းပျက်တဲ့သူတွေကတော့ ပြုတ်သွားမှာပေါ့" လို့ ဒေါက်တာ ဇော်မြင့်မောင်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့က စီးပွားရေး လုပ်တဲ့ ပါတီမှ မဟုတ်တာ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ပါတီရဲ့ စည်းရုံးရေးစရိတ်တွေကို သုံးနေရတာ ဖြစ်တယ်" ဆိုပြီးတော့ ဒေါက်တာဇော်မြင့်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့သူတွေကိုလည်း အမတ်လောင်းအဖြစ် ရွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"၂၀၁၇ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ စည်ပင်ရွေးကောက်ပွဲတွေမှာ တခြားပါတီတွေကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့သူတွေကို မရွေးပါဘူး" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အရည်အချင်း သတ်မှတ်ချက်မှာတော့ အမတ်လောင်းတွေဟာ ပါတီရဲ့ နိုင်ငံရေး မူဝါဒ သဘောတရားနဲ့ ရည်ရွယ်ချက်တွေကို ဆောင်ရွက်ပေးသူ ဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ထည့်ထားပါတယ်။

"အရွေးခံပြီးမှ ပါတီတွင်း ပါလာပြီး ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ကန့်လန့်တိုက်နေတယ်ဆိုရင် စောစောစီးစီး ပါမလာတာ ကောင်းတာပေါ့၊ အတွေ့အကြုံအရ ဒီအချက်ကို ထည့်ထားပါတယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"၂၀၁၅ က အတွေ့အကြုံရခဲ့တယ်ဗျ၊ အဲ့ဒီတုန်းက အရွေးခံရပြီး ကိုယ်စားလှယ်ဖြစ်လာသူတွေထဲ ပါတီရဲ့ မူဝါဒ သဘောတရားတွေကို မလိုက်နာသူတွေ ရှိခဲ့တယ်၊ အဲ့ဒီထဲမှာ အရေးယူခံရပြီး ထွက်သွားရသူရော ဒီတိုင်း နုတ်ထွက်သွားရသူတွေရော ရှိခဲ့ပါတယ်၊ သူတို့တွေကို ပြန်ရွေးဖို့ မရှိပါဘူး" လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီလို ကန့်သတ်ချက်တွေကြောင့် လက်ရှိ NLD ပါတီ အမတ်တွေထဲက ရာခိုင်နှုန်း ဘယ်လောက်လောက်က အရွေးမခံရတော့မယ့် အနေအထားမှာ ရှိသလဲလို့ ဘီဘီစီက မေးရာမှာတော့ "ကိုယ်စားလှယ်လောင်းစာရင်း ဗဟိုကို ရောက်လာမှ သိရပါမယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားထားရသူ တစ်ဦး ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာဇော်မြင့်မောင်ဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားထားရသူ တစ်ဦး ဖြစ်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မြို့နယ်အဆင့် အလုပ်အမှုဆောင်တွေဆီကို ပို့ထားပြီး ဖြစ်ပြီး ဇူလိုင်လမှာ ဗဟိုကနေ အပြီးသတ် ရွေးချယ်နိုင်ဖို့ ပါတီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြို့နယ် တစ်မြို့နယ်ကို တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်လွှတ်တော်၊ ပြည်သူ လွှတ်တော်၊ အမျိုးသားလွှတ်တော်အတွက် နေရာရှိရင်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တောင်းခံနေပြီး ကိုယ်စားလှယ်လောင်း တစ်နေရာအတွက် ဦးစားပေး (၁)၊ ဦးစားပေး (၂) ဆိုပြီး တင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့နယ်က ပေးတဲ့စာရင်းကို တိုင်း (ဒါမှမဟုတ်) ပြည်နယ် အလုပ်အမှုဆောင်ကို တင်၊ အဲ့ဒီကမှ ဗဟိုအလုပ်အမှုဆောင်ကို တင်ပြီး စိစစ်ရွေးချယ်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က "၂၀၁၅ တုန်းက ရွေးခဲ့တဲ့ မူနဲ့ သိပ်မကွာဘူး၊ ပါတီဝင်ဖြစ်ရမယ်၊ ရပ်ကွက် မြို့နယ်တွေက လေးစားသူ နိုင်ငံရေး လူမှုရေး ကိစ္စတွေ သိနားလည်သူ တက်သိပညာရှင် ဖြစ်ရမယ်" လို့ ပြောပါတယ်။

"အရည်အချင်းတူတယ်ဆိုရင် တိုင်းရင်းသား ဦးစားပေးမယ်၊ လူငယ် ဦးစားပေးမယ်၊ အမျိုးသမီး ဦးစားပေးမယ်" ဆိုပြီးတော့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ မြို့နယ် အလုပ်အမှုဆောင်တွေကို မြို့မိ မြို့ဖတွေက တဆင့် ထောက်ခံပေးရမှာ ဖြစ်ပြီး မြို့မိ မြို့ဖ ရွေးဖို့ အရည်အချင်း ကန့်သတ်ချက်တွေကိုလည်း ပါတီက ထုတ်ပြန်ပါတယ်။

"မြို့မိ မြို့ဖ ဖြစ်ဖို့ဆိုရင် အဲ့ဒီမှာ နှစ်ရှည် နေထိုင်ခဲ့သူ ၊ အများက ယုံကြည်လေးစားသူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက် ထောက်ခံသူ၊ ပါတီရဲ့ အကျိုးစီးပွားကို ဖော်ဆောင်သူ၊ နိုင်ငံရေး အမြှော်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အကျုံးဝင်ရမယ်"လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲ လုပ်မယ်လို့ ပြောနေပေမယ့် ရက်အတိအကျကိုတော့ မထုတ်ပြန်သေးဘူး။

လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ လက်ရှိ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဝင်ရောက် အရွေးချယ်ခံဖို့ ရှိသလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဒေါက်တာဇော်မြင့်မောင်က "တိတိကျကျ ပြောဖို့ ခက်နေသေးကြောင်းနဲ့ မကြာခင် ထုတ်ပြန်ပါလိမ့်မယ်" လို့ ပြောပါတယ်။