တပ်မတော် အသုံးစရိတ် လွှတ်တော်က ဖြတ်တာ ဘာကြောင့်လဲ

စစ်ဆင်ရေး ခရီးသွား နေ့တွက်စရိတ်နှုန်းကို ကျပ်၁၂၀၀နှုန်းနဲ့ တိုးမြှင့်ပေးအပ်ဖို့အတွက်လည်း တောင်းတဲ့ အထဲမှာ ပါဝင်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty

ဓာတ်ပုံ ပုံစာ, စစ်ဆင်ရေး ခရီးသွား နေ့တွက်စရိတ်နှုန်းကို ကျပ်၁၂၀၀နှုန်းနဲ့ တိုးမြှင့်ပေးအပ်ဖို့အတွက်လည်း တောင်းတဲ့ အထဲမှာ ပါဝင်တယ်လို့ဆို

တပ်မတော်ရဲ့ အသုံးစရိတ်ကို လာမယ့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက်ဖြည့်စွက် ဘတ်ဂျက် အဖြစ် ကျပ်သန်း ၂ သိန်း နီးပါးတောင်းခံခဲ့ရာ လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် လျှော့ချပြီး ခွင့်ပြုလိုက်ပါတယ်။

ကာကွယ်ရေး ဘတ်ဂျက်ကို အခုလို ဖြတ်တောက်ခံရမှုဟာ အခုအစိုးရလက်ထက် လွှတ်တော် သက်တမ်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဆီစျေးတွေကျနေတဲ့အတွက် ဆီနဲ့ပတ်သက်တဲ့ အသုံးစားရိတ်တွေကို အရပ်သားဘက်က ကိုယ်စားလှယ်တွေက မှန်းပြီးဖြတ်လိုက်တာလို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဖြည့်စွက်တောင်းခံလာတဲ့ ကာ ကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သိန်း ၉ သောင်းကျော်ထဲ က ကျပ်သန်း ၂ သောင်း ၂ ထောင်ကျော်အထိ (၂၂၇၀၀) လျှော့ချ ခွင့်ပြုဖို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကြိုတင်ညှိနိုင်းကာ ကျပ်သန်းတစ်သောင်းကျော်ကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ဂျတ်ဖြတ်တောက်မှုကို တပ်မတော်ဘက် ကလည်းသဘောတူ

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, ဘတ်ဂျတ်ဖြတ်တောက်မှုကို သဘောတူ

ယခုနှစ် ဖြည့်စွက်ဘတ်ဂျက်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက သာမန်သုံးငွေ အဖြစ် ကျပ်သန်း ၆ သောင်းကျော် (၆၇၆၃၀.၃၄၀) တောင်းခံရာမှာ လွှတ်တော်က ကျပ်သန်း ၆၅၀၀ လျှော့ချခွင့်ပြုခဲ့ပြီး ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် သန်း ၁ သိန်း ၃ သောင်း (၁၃၀၀၅၈.၆၄၅ ) ကျော် တောင်းခံရာမှာ လွှတ်တော်က ကျပ်သန်း ၄၁၀၀ လျှော့ချ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မေလ၂၇ ရက် ဘတ်ဂျက်ကိစ္စကို ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကိုယ်တိုင် လွှတ်တော်ကို လာရောက်ခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ် တောင်းခံရတဲ့အကြောင်းကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သားများအတွက် စစ်ဆင်ရေး အထူး နေ့တွက်စရိတ် နှုန်းထားပြောင်းလဲလိုက်တဲ့အတွက် ထပ်မံလိုအပ်တဲ့ငွေ ပါဝင်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် ဖြတ်

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ, တပ်ဘတ်ဂျက် လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် ဖြတ်

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက၂၀၁၉ခုနှစ် မေလ၁ရက်နေ့က စပြီးတာဝန် နဲ့ ခရီးသွားတဲ့ ဝန်ထမ်းတွေအတွက် ခရီးသွား နေ့တွက် စရိတ်နှုန်းကို ကျပ် ၃၀၀၀ ကနေကျပ် ၄၈၀၀ ကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ရာ တပ်မတော်သားတွေအတွက် အရင် ကျပ် ၇၅၀ နှုန်းက အခု နေ့တွက်စရိတ် ကျပ် ၄၈၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၂၀၀ နှုန်းနဲ့ တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် အထက်ဖော်ပြပါငွေများ လိုအပ်ခြင်း ဖြစ်ပါတယ်လို့လည်း ဝန်ကြီးက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ စက်ဆုံးဆီစျေးတွေ ကျဆင်းနေပေမယ့်လည်း ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေကို ရိက္ခာစက်သုံးဆီ လေယာဉ်ဆီများနဲ့ စစ်ဆင်ရေး အထောက်အကူ ပစ္စည်းပေးပို့ခဲ့တဲ့အပေါ်လိုအပ်တဲ့ ငှားရမ်းခတွေ ပေးချေရမှာ ဖြစ်တဲ့အတွက် လက်ရှိတောင်းခံထားတာကို လျော့ချမဖြတ်တောက်ဖို့ ဝန်ကြီးက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

"တပ်မတော်အနေဖြင့် နိုင်ငံ့ ဘဏ္ဍာဖြုန်းတီးခြင်း မရှိပါ။ အိမ်နီးချင်း တပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်များကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိမှာ ဖြစ်ပါတယ်။ သူတပါးနိုင်ငံနဲ့ နှိုင်းယှဥ်ပြီး မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက်သာ အဆင့်မီအောင် တတ်စွမ်းသမျှ ကြိုးပမ်းလျက်ရှိပါတယ်"လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောခဲ့ပါတယ်။

ဝန်ကြီးဌာနများရဲ့ အသုံးစရိတ်များကို အဓိက စိစစ်ရတဲ့အဖွဲ့ဖြစ်တဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ က တပ်အသုံးစရိတ် စိစစ်ဖြတ်တောက်ဖို့ တင်ပြသူ ဒေါက်တာ မေဝင်းမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ တာဝန်ရှိသူတွေကို မေလ ၂၅ ရက်နေ့က လွှတ်တော်ကို ခေါ်ယူ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ညှိနှိုင်းခဲ့ကြပါတယ်။

ကြိုတင်ညှိနှိုင် နိုင်ခဲ့တာကြောင့် ဘတ်ဂျတ်ဖြတ်တောက်မှုကို တပ်မတော်ဘက်ကလည်း သဘောတူတယ်လို့ ပြောဆိုတာကြောင့် မဲခွဲစရာ မလိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်။