ရှမ်းပြည်က ပြောင်းဖူးတွေ မြစ်ထဲ ပစ်ချနေရတဲ့ နောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, Ngwe Tun
မြန်မာ-တရုတ်နယ်စပ်မှာ ပြောင်းဖူးသွားရောင်းတဲ့တောင်သူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တရုတ်နယ်စပ်က ပိတ်လိုက်ထားတာကြောင့် ပြောင်းဖူးတွေရောင်းမရဘဲ နယ်စပ်က ရွှေလီမြစ်ထဲကို ပစ်ချနေရတယ်ဆိုတဲ့ သတင်းတွေကပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာပါတယ်။
အဲဒီ့ပြောင်းဖူးတွေမြစ်ထဲ ပစ်ချနေတဲ့ဆိုတာ မှန်တယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဘီဘီစီကို အတည်ပြု ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖရဲသီးတွေ တန်နဲ့ချီပြီး လမ်းဘေးမှာ ပစ်ရတဲ့ နောက်ပိုင်း မေလ ဆန်းကစပြီး ပြောင်းဖူးတွေကို တရုတ်နယ်စပ်မှာ အဝယ်မရှိတာကြောင့် မြန်မာပြည်က တောင်သူတွေဟာ အခုလိုစွန့်ပစ်နေကြတာလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
မူဆယ်၊ နမ့်ခမ်း နဲ့ ပန်ဆိုင်း၊ ကြူကုတ်တို့မှာ ပြောင်းဖူးတွေကို ရောင်းမရတာကြောင့် တောင်သူတွေက အလကားပေးနေကြပြီး ပမာဏများလွန်းတာကြောင့် ဘယ်သူမှ မယူနိုင်တဲ့အထိ ဖြစ်နေတယ်လို့ နမ့်ခမ်းမြို့ က မြို့မိမြို့ဖ ဦးစိုင်းအောင်ဝင်းက ပြောပါတယ် ။
ဒါ့အပြင် ဧပြီလဆန်းကလည်း တရုတ်နိုင်ငံထဲ ဆန်တင်ပို့လို မရတဲ့အတွက် အခုဆိုရင် တရုတ်-မြန်မာနယ်စပ်မှာ ဆန်အိတ် တစ်သိန်းကျော်လောက် ပိတ်မိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မြန်မာ အစိုးရရဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့ လယ်ယာထွက်ကုန်နဲ့ ပတ်သက်တဲ့ ကုန်သွယ်မူဝါဒဟာ ဝယ်သူဈေးကွက်သာ ဖြစ်နေတဲ့အတွက် ဒီပြဿနာတွေဖြစ် ရတာလို့လည်း မြန်မာ-တရုတ်နယ်စပ်က ကုန်သည်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hlaingmain Hlaingmain
ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး တရုတ်နယ်စပ် က ပြောင်းဖူးကားတွေ ဝင်တာကို အရင်လို အဝင်မခံဘဲ ပိတ်လိုက်တာ ဖြစ်တယ်လို့လည်း နမ့်ခမ်းမြို့က ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။
မေလ ၈ ရက်နေ့မှာတော့ နမ့်ခမ်းက တောင်သူတွေကို ဦးဆောင်ပြီး ဒေသ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေကို နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးရေး သွားဆွေးနွေးဖို့ လည်း စီစဥ် နေတယ်လို့ ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။
အခုလို တရုတ်က မဝယ်လို့ လမ်းဘေးပစ်ရတဲ့ ပြောင်းဖူးဟာ အစေ့ထုတ်လို့ မရသလို၊သုံးလေးရက်ထက်ပိုပြီး အထားမခံတာကြောင့် ကားခ အကုန်ခံပြီး ရွာကို ပြန်မသယ် ကြတော့ဘဲ အခုလို ရွှေလီမြစ်ထဲ နဲ့ နယ်စပ်လမ်းဘေးတွေမှာ ပစ်ရတာဖြစ်တယ်လို့လည်း တရုတ်နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
မြန်မာနဲ့ တရုတ်အစိုးရကြား သစ်သီးဝလံ တင်ပို့မှုအတွက် နှစ်ဘက် သဘောတူ လက်မှတ်ထိုးထားတဲ့ သီးနှံတွေထဲမှာ ပြောင်းဖူး မပါသလို အရင်ကလည်း နားလည်မှုနဲ့ပဲ ဝင်ထွက်ရောင်းဝယ်တာဖြစ်တဲ့ အတွက် နယ်စပ်ကနေ တင်ပို့ခွင့်ပြန်ရဖို့က သိပ်မ မသေချာဘူးလို့လည်း မူဆယ်သစ်သီး ကုန်စည်ဒိုင်က ကုန်သည်တွေက ပြောပါတယ်။
"အစိုးရဟာ ပြောင်းဖူးတွေ တရုတ်ကို မှောင်ခိုသွားတယ်ဆိုတာသိတယ်။ ဒါကို မသွားသင့်တာကို မတားဘဲ လွှတ်ပေးနေတာလို့လည်း" ရှမ်းပြည်နယ် နယ်စပ်က ကုန်သည်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Melon Producer and Exporter Association
မြန်မာနဲ့ တရုတ်အကြားမှာ နှစ်နိုင်ငံ သဘောတူထားပြီး တရုတ်ဘက် က တရားဝင် တင်ပို့ခွင့်ပြုထားတဲ့ မြန်မာလယ်ယာထွက်ကုန်သီးနှံ ၈ မျိုးရှိပါတယ်။
အဲဒီထဲမှာ လိုင်ချီးသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ တောကြက်မောက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးနဲ့ ကုလားဆီးသီး ဆိုပြီး ရှစ်မျိုးရှိပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဒီမူဝါဒကို ဖိအားပေးပြီး တရုတ်ကုန်သည်တွေ ဝယ်နိုင်အောင် သဘောတူ စာချုပ်တွေလုပ်သင့်တယ်လို့လည်း ဉာဏ်ကြီးရှင် ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးငွေထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေး ထုတ်ကုန်တွေကို လက်ဝယ်ကြာရှည်ထားနိုင်တဲ့ သိုလှောင်မှုနဲ့ အထားခံအောင်လုပ်နိုင်တဲ့ နည်းပညာပိုင်းကို မြန်မာဘက်က လုပ်ဖို့လိုတယ်လည်း သူက ထောက်ပြပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ မြန်မာနယ်စပ်ကနေ ဖရဲ၊ သခွားတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ရေးဆွဲဖို့ စီစဉ် နေတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SonghninPhyu. & Ye Kyaw Thura
အခုလို ပြောင်းဖူးတွေ ရွှေလီမြစ်ထဲ ပစ်ချနေမှုဟာ တစ်ရက်ကို ပြောင်းဖူးတင်တဲ့ ထော်လာဂျီ အနည်းဆုံး ၁၀ စီးလောက်ရှိတယ်လို့လည်း နမ့်ခမ်းမြို့ခံတွေဆီကနေ သိရပါတယ်။
"ဆန်ကလည်း အခုက ပိတ်ထား၊ ဖရဲသီးလည်း ပြဿနာတက်၊ အခုပြောင်းဖူးကတော့ မြစ်ထဲပစ်ချနေရတော့ ကျွန်တော်တို့ကတော့ တောင်သူတွေက တရုတ်ဘက်ကို တင်ပို့မယ့် သီးနှံတွေစိုက်ရင် သတိထား စိုက်ပါလို့ ပြောနေရတယ်"လို့လည်း ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။
တရုတ်နိုင်ငံက အခုလို ပြောင်းဖူးကို ပိတ်ထားပေမယ့်လည်း၊ ကြံနဲ့ ကျွဲနွား တင်ပို့မှုတွေကိုတော့ နမ်ခမ်းဘက်က တင်ပို့ရာမှာ တင်ပို့ခွင့် ရနေတယ်လို့လည်း ဦးစိုင်းအောင်ဝင်းကရှင်းပြပါတယ်။
ဒါပေမယ့် ဒီသတင်းကိုတော့ အစိုးရဘက်ကို အတည်ပြုဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဆန်နဲ့ ပတ်သက်လို့လည်း အရင်က အခုလို ပိတ်တာတွေ ရှိပေမယ့် ဒီအကြိမ် ပိတ်တာကတော့ တရုတ်သမ္မတ ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ စည်းကမ်းချက် နှစ်ခုနဲ့ မပြည့်စုံလို့ တရုတ်ဘက်က မဝယ်တော့တာဖြစ်တယ်လို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
ဆန်ကုန်သည်တွေ အနေနဲ့ ပိုးသတ်ထားတဲ့ ထောက်ခံချက်နဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ထောက်ခံချက် ၂ ခုရရှိတဲ့ ဆန်ကုန်သည်ကိုပဲ တရုတ်နိုင်ငံက ဝယ်ယူတော့မှာ ဖြစ်ပြီးတော့ ဒီပြဿနာကို စီးပွားကူးသန်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းနဲ့ ဆန်ကုန်သည်တွေကြားမှာ ညှိနိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, Thaung Htun
တရုတ်နယ်စပ် ပိတ်လိုက်လို့ ရှမ်းပြည်နယ်ထဲက မူဆယ်နမ့်ခမ်း အပါအဝင် ကချင်ပြည်နယ် မန်ဝိန်းဘက်က ပြောင်းဖူးစိုက်တဲ့ တောင်သူတွေပါ အထိနာကြပါတယ်။
အဲဒီ ပြောင်းဖူးတွေကို မြန်မာပြည်ထဲကို ပြန်လည်တင်ပို့ဖို့ကလည်းစျေးကွက်က မသေချာ သလို အအေးခန်းကားတွေ မရှိတာကြောင့် လမ်းမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့လည်း ပြောင်းဖူးစိုက် တောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ရောင်းတဲ့သူတွေဟာ စိုက်ပျိုးပြီး နယ်စပ်ကို သွားရောင်းတဲ့ အလုပ်ပဲ လုပ်နေရင်တော့ ဝယ်သူတွေကို မှီခိုနေရတဲ့ စျေးကွက်ပဲဖြစ်နေမယ် လို့လည်း သုံးသပ်ကြပါတယ်။
လက်ရှိမှာတော့ လယ်ယာထွက်ကုန်တချို့ကို တရုတ်နိုင်ငံထဲတင်ပို့နိုင်ပေမဲ့ အဓိက လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်တင်ပို့မှုနဲ့ ရာသီထွက်သီးနှံတချို့ တင်ပို့မူ့ကတော့ ခက်ခဲနေပြီး မကြာခင် ထပ်ပေါ်လာမယ့် မြန်မာနိုင်ငံထဲက ရာသီထွက်သီးနှံတွေကို တရုတ်ကို တင်ပို့တဲ့အခါ အခက်အခဲရှိနိုင်သေးတယ်လို့ ကုန်သည်တွေက ပြောဆိုကြပါတယ်။
ဒါတွေဟာ ကိုဗစ်ကြောင့် ဖြစ်တာလို့ နယ်စပ်ကုန်သည်တွေကပြောပေမယ့် မြန်မာနဲ့တရုတ်ကြား နယ်စပ်လယ်ယာထွက်ကုန် တင်ပို့ရေးတွေမှာ မြန်မာဘက်က တင်ပို့သူတွေကို အကာကွယ်ပေးနိုင်မယ့်မူဝါဒတွေလက်တွေ့အကောင်ထည်ပေါ်လာဖို့ကို တောင်သူတွေက မျှော်လင့်နေကြတယ် လို့ နမ့်ခမ်းမြို့ခံ ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။
အခု တရုတ်နယ်စပ်မှာ သွန်ပစ်ရတဲ့ ပြောင်းဖူးတွေဟာ စျေးကောင်းတဲ့နှစ်ဆိုရင် တစ်တန်ကို ဆယ်သိန်းလောက်အထိ စျေးရတဲ့ပြောင်းဖူးတွေ ဖြစ်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။









