မြန်မာမှာ ပိုးတွေ့လူနာ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး သတိပေး၊ အီတလီမှာ ကန့်သတ်မှုတွေ ဖြေလျှော့ဖို့ပြင်၊ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ သုံးသန်းနား ကပ်လာ

တစ်နေ့ လူတစ်ထောင်ကျော် ရောဂါပိုးရှိမရှိစစ်ပေးနိုင်တဲ့ ဒီစက်ကိုလာမယ့်ရက်ပိုင်းအတွင်း စသုံးတော့မှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, တစ်နေ့ လူတစ်ထောင်ကျော် ရောဂါပိုးရှိမရှိစစ်ပေးနိုင်တဲ့ ဒီစက်ကိုလာမယ့်ရက်ပိုင်းအတွင်း စသုံးတော့မှာဖြစ်ပါတယ်။

(၁) မြန်မာမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ပိုလုပ်ရင် ပိုးတွေ့လူနာ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးပြော

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှုတွ ပိုလုပ်လာတဲ့အခါ ရောဂါပိုးတွေ့သူ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ဧပြီ ၂၆ ရက်က ထုတ်ပြန်တဲ့ ပြည်သူတွေကို ပန်ကြားချက်မှာ ဝန်ကြီးက အခုလိုပြောထားတာဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးမှုတွေ ပိုပြုလုပ်မှပဲ ရောဂါအတိမ်အနက်ကို သိနိုင်မှာဖြစ်ပြီး လိုအပ်တာတွေကို ဦးစားပေးဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းမှာ ရောဂါဖြစ်ပွားတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ရှစ်နာရီတစ်ကြိမ်မှာ ဓာတ်ခွဲနမူနာ ၃၈၄ ခုကို စမ်းသပ်နိုင်တဲ့ ဒီစက်ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ အပြီးတပ်ဆင်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ရှစ်နာရီတစ်ကြိမ်မှာ ဓာတ်ခွဲနမူနာ ၃၈၄ ခုကို စမ်းသပ်နိုင်တဲ့ ဒီစက်ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ အပြီးတပ်ဆင်မှာပါ။

မြန်မာမှာ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူအားလုံး၊ သံသယလူနာအားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေပါတယ်။ အသွားအလာကန့်သတ်စောင့်ကြည့်သူတွေထဲကတော့ အနည်းဆုံး ၁၀ ရာခိုငနှုန်းကို စစ်ဆေးပေးပါတယ်။ ဒီထက်ပိုပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ရန်ကုန်မှာ လက်ရှိစစ်ဆေးနေတဲ့ ဓာတ်ခွဲခန်းနှစ်ခုအပြင် ဝန်ကြီးဌာနအောက်က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွေနဲ့ အလှူရှင်တစ်ဦးလှူဒါန်းထားတဲ့ စက်သစ်ကြီးတွေကို ရက်ပိုင်းအတွင်း အသုံးပြု စစ်ဆေးတော့မယ်လို့ ဝန်ကြီးက ရှင်းပြထားပါတယ်။

တစ်နေ့ လူတစ်ထောင်ကျော်စစ်နိုင်တဲ့ ရောဂါရှာဖွေရေးစက်သစ်ကြီးကို မေလပထမပတ်အတွင်း အသုံးပြုမှာဖြစ်ပြီး ရှစ်နာရီတစ်ကြိမ်ကို ဓာတ်ခွဲနမူနာ ၃၈၄ ခု စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို မြို့နယ်ပေါင်း ၄၅ ခုမှာ တွေ့ခဲ့တာဖြစ်ပြီး ရန်ကုန်မှာ ၂၈ မြို့နယ်၊ မန္တလေးမှာ ၃ မြို့နယ်၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်အရှေ့နဲ့ မြောက်ပိုင်းတို့မှာ ၂ မြို့နယ်စီ၊ ကချင်၊ ချင်း၊ မွန်၊ နေပြည်တော်၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တစ်မြို့နယ်စီဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖျားသွားမယ် လို့ ဝန်ကြီးရဲ့ပြောစကားဟာလည်း ရေပန်းစားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ကိုဗစ်-၁၉ အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖျားသွားမယ် လို့ ဝန်ကြီးရဲ့ပြောစကားဟာလည်း ရေပန်းစားခဲ့ပါတယ်။

ရန်ကုန်က ကူးစက်သူ ၁၁၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးနဲ့ စစ်ကိုင်းတို့က ၇ ဦးစီနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ရောဂါပိုးတွေ့လူနာ မတွေ့ရသေးတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုရှိပြီး ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်နဲ့ ကယားတို့ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုအခြေအနေပြ မြေပုံ

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, ရောဂါဖြစ်ပွားမှုအခြေအနေပြ မြေပုံ

တစ်ပြည်လုံးမှာ အသွားအလာစောင့်ကြည့်ခံရသူပေါင်း လေးသောင်းနှစ်ထောင်ကျော် (၄၂,၆၇၂) ဦးရှိနေတာဟာ ရောဂါထိန်းချုပ်မှုလုပ်ငန်းတွေကို လုံးဝလျှော့ချလို့မရကြောင်းထင်ရှားစေတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒါကြောင့် အနည်းဆုံးမေလလယ်ထိ ဒီအခြေအနေအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်မယ်ဆိုရင် ရောဂါကူးစက်မှု ကြီးကြီးမားမား ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြောင်း ဝန်ကြီးကပြောပါတယ်။

ဧပြီ ၂၇ ရက်မနက် ကိုးနာရီအထိ မြန်မာမှာ ပိုးတွေ့လူနာ ၁၄၆ ဦး၊ ပြန်လည်သက်သာလာသူ ၁၀ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိနေပါတယ်။

(၂) အီတလီမှာ ကန့်သတ်မှုတွေ ဖြေလျှော့ဖို့ပြင်

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အသွားအလာကန့်သတ်ထားတဲ့ အီတလီမှာ အဲဒီကန့်သတ်မှုတွေဖြေလျှော့ဖို့ အစီအမံတွေကို ထုတ်ပြန် လာပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်ကစလို့ ခုနစ်ပတ်ကြာ ကန့်သတ်တားမြစ်ထားတာတွေကို ဗိုင်းရပ်စ်ကြောင့် နေ့စဉ် သေဆုံးနှုန်းတွေ အနိမ့်ဆုံးပြန်ရောက်လာချိန်မှာ ခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် ဂစ်စပီကွန်တီက မေလ ၄ ရက်မှာ စတင်ဖြေလျှော့ပေးမှာဖြစ်ပြီး လူတွေကို အရေအတွက်အများကြီးမဟုတ်ဘဲ ဆွေမျိုးတွေထံ သွားရောက်လည်ပတ်ခွင့်ပြုမှာဖြစ်ပြီး အဲဒီလိုသွားတဲ့အခါ နှာခေါင်းစည်းတွေတပ်ဆင်ရမယ်လို့ ပြောပါတယ်။

ကျောင်းတွေပိတ်ထားလို့ အီတလီကလေးငယ်တွေဟာ အွန်လိုင်းကနေ စာသင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောင်းတွေပိတ်ထားလို့ အီတလီကလေးငယ်တွေဟာ အွန်လိုင်းကနေ စာသင်နေရပါတယ်။

လူတွေကို သူတို့ရဲ့ ဇာတိဒေသတွေကို ထွက်ခွာသွားလာခွင့်ပြုမှာဖြစ်ပေမယ့် တခြားဒေသတွေကိုတော့ သွားခွင့်ပြုဦးမှာမဟုတ်ပါဘူး။

နာရေးအခမ်းအနားတွေကို အကျဉ်းချုံး ကျင်းပနိုင်ပြီး အများဆုံး လူ ၁၅ ဦးပဲ တက်ရောက်ရမှာဖြစ်ပါတယ်။

အားကစားသမားတွေ တစ်ဦးချင်းစီ လေ့ကျင့်ခန်းတွေ ပြန်စနိုင်ပြီဖြစ်ပြီး သာမန်ပြည်သူတွေအနေနဲ့လည်း ကိုယ့်အိမ်အနီးတစ်ဝိုက်တင်မက ကျယ်ကျယ်လွင့်လွင့်ရှိတဲ့နေရာတွေမှာ အားကစားတွေ ပြန်လုပ်နိုင်တယ်လို့ ပါရှိပါတယ်။

ပါဆယ်ဝယ်ယူဖို့ မေလ ၄ ရက်မှာ ဘားနဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်မှာဖြစ်ပြီး အစားအသောက်တွေကို အိမ်အရောက်ပို့ပေးတာမျိုးတော့ ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။

ဆံပင်ညှပ်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေ၊ ဘားနဲ့ စားသောက်ဆိုင်တွေကို လာမယ့် ဇွန် ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကုန်စည်လက်လီရောင်းတဲ့ဆိုင်တွေ၊ ပြတိုက်နဲ့ စာကြည့်တိုက်တွေကတော့ မေ ၁၈ ရက်မှာ ပြန်ဖွင့်ဖို့ရှိပါတယ်။

အားကစားအသင်းအဖွဲ့တွေဟာ မေ ၁၈ ရက်မှာ အသင်းလိုက်လေ့ကျင့်ခန်းတွေ ပြန်စနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ထဲမှာ အီတလီရဲ့ ထိပ်တန်း စီးရီးအေ ဘောလုံးပွဲ ပြန်စမစဆိုတဲ့အကြောင်းတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဒါ့ပြင် ပန်းခြံတွေကိုလည်း ပြန်ဖွင့်ဖို့ရှိပါတယ်။ ဒါပေမဲ့ ကျောင်းတွေမှာတော့ အတန်းတွေကို စက်တင်ဘာလအထိ ပြန်စနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့သေဆုံးသူ ၂၆,၀၀၀ ကျော်ရှိပြီး ဥရောပမှာ တရားဝင်ကိန်းဂဏန်းတွေအရ အများဆုံးသေဆုံးနှုန်းလည်း ဖြစ်ပါတယ်။

မနေ့က တစ်ရက်တည်း သေဆုံးသူ ၂၆၀ ဦးရှိပြီး ဒါဟာ မတ် ၁၄ ရက်နောက်ပိုင်း နေ့စဉ်သေဆုံးမှုအနိမ့်ဆုံးအခြေအနေ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်သိန်းနီးပါးရှိတယ်လို့ ဂျွန်စ်ဟော့ပ်ကင်းစ်တက္ကသိုလ် လေ့လာချက်က ဖော်ပြထားပါတယ်။

အခုလိုဖြစ်ပွားတဲ့အရေအတွက် ကျဆင်းလာတာတဲ့အပေါ် အာဏာပိုင်တွကတော့ အီတလီမှာ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီး လူတစ်ဦးချင်းစီကနေ ကူးစက်ပျံ့နှံ့မှုနှုန်းလည်း နည်းပါးလာသလို ကူးစက်ပျံ့နှံ့တဲ့နှုန်းကိုလည်း လျှော့ချနိုင်ပြီ လို့ ယုံကြည်ထားပါတယ်။

အီတလီဟာ ဥရောပနိုင်ငံတွေထဲမှာ အချိန်အကြာဆုံး Lockdown လုပ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

() ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ သုံးသန်းနား ကပ်လာ၊ သေဆုံးသူ နှစ်သိန်းကျော်ရှိ

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း သုံးသန်းနား ကပ်လာပြီဖြစ်ပြီး သေဆုံးသူ နှစ်သိန်းကျော်ရှိတယ်လို့ worldometer ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ဥရောပနဲ့ အမေရိကန်မှာသေဆုံးမှုအများဆုံးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဥရောပနဲ့ အမေရိကန်မှာသေဆုံးမှုအများဆုံးဖြစ်ပါတယ်။

ပြန်လည်ကျန်းမာလာသူက ကိုးသိန်းနီးပါး ရှိပါတယ်။

ဖြစ်ပွားမှုအများဆုံးက ခြောက်နိုင်ငံက အမေရိကန်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူ ကိုးသိန်းရှစ်သောင်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ငါးသောင်းခွဲကျော် ဖြစ်ပါတယ်။

စပိန်က လူ နှစ်သိန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူက နှစ်သောင်းနှစ်ထောင်ကျော် ဖြစ်ပါတယ်။

အီတလီမှာ ကူးစက်သူ နှစ်သိန်းနီးပါးရှိပြီး သေဆုံးသူက နှစ်သောင်းခွဲကျော်ဖြစ်ပါတယ်။

ပြင်သစ်မှာ ကူးစက်သူ တစ်သိန်းခြောက်သောင်းကျော်နဲ့ သေဆုံးသူက နှစ်သောင်းနှစ်ထောင်ကျော်ဖြစ်ပါတယ်။

ဂျာမနီမှာ ကူးစက်သူ တစ်သိန်းခွဲကျော်နဲ သေဆုံးသူ ခြောက်ထောင်နီးပါး ရှိပါတယ်။

ဗြိတိန်မှာ ရောဂါဖြစ်ပွားသူ တစ်သိန်းခွဲကျော်နဲ့ သေဆုံးသူက နှစ်သောင်းကျော်ဖြစ်ပါတယ်။

ကန့်သတ်တာတွေ ဖြေလျှော့ပေးဖို့ အမေရိကန်တစ်လွှား ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကန့်သတ်တာတွေ ဖြေလျှော့ပေးဖို့ အမေရိကန်တစ်လွှား ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသေဆုံးမှုတွေတက်နေပေမယ့် တချို့ ရောဂါဖြစ်ပွားမှုပြန်ကျလာတဲ့နိုင်ငံတွေမှာ အသွားအလာကန့်သတ်တားမြစ်ထားတာတွေကို ပြန်လည်ဖြေလျှော့တာတွေလုပ်လာပါတယ်။

အမေရိကန်မှာတော့ သေဆုံးကူးစက်တာ ကျမသွားပေမယ့် ပြည်နယ်တွေမှာ ကန့်သတ်ထားမှုတွေကို ဖြေလျှော့လာနေပါတယ်။ ဒါပေမဲ့ လူချင်းခပ်ခွာခွာနေကြဖို့ကိုတော့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

စပိန်မှာလည်း ကလေးတွေကို အိမ်ပြင်ထွက်ခွင့်ပြုခဲ့ပါတယ်။