စက်ရုံ၊အလုပ်ရုံအချို့ ခွင့်ပြုချက်မရှိဘဲ ဆက်ဖွင့်နေ

ဓာတ်ပုံ ရင်းမြစ်, Myo Aye
ရန်ကုန်၊ပဲခူးနဲ့ ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံ တချို့ဟာ ဧပြီလ ၂၂ ရက်နေ့ အထိ ပိတ်သိမ်းတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ကိုဝင်းဇော် က ဘီဘီစီကို ပြောပါတယ်။
လှည်းကူး၊လှိုင်သာယာ နဲ့ ရွှေပြည်သာတို့က အထည်ချုပ်စက်ရုံ တချို့ဟာလည်း ဆက်လက်ဖွင့်နေဆဲဖြစ်ပြီး လူဦးရေ ၉၀၀၀ လောက်ရှိတဲ့ စက်ရုံတွေ ပါဝင်တာတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
"လှည်းကူးက စက်ရုံဆိုရင် အခုလာကြည့်လို့ရတယ်။ မနက်ဖြန်ကို အလုပ်ဆင်းဖို့ချိန်းထားတဲ့ စက်ရုံတွေလည်းရှိတယ်"လို့လည်း သူက ပြောပါတယ်။
အစိုးရအနေနဲ့ သင်္ကြန်ကာလပိတ်ရက် ကုန်ဆုံးပြီ ဖြစ်ပေမယ့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးက စက်ရုံ၊အလုပ်ရုံတွေကို ဧပြီလ ၂၀ ရက်ကစပြီး ၁၁ ရက်ကြာ စစ်ဆေးမှုတွေလုပ်မှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ပြန်ဖွင့်ခွင့်ပြုမယ်လို့ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Aye
ဧပြီ ၂၁ရက် အထိ မြန်မာနိုင်ငံဒေသ အသီးသီးက စက်ရုံ၊အလုပ်ရုံပေါင်း ၁၃၃ ရုံ မှာ ခွင့်ပြုချက်မရှိဘဲ ဆက်လက် ဖွင့်လှစ်နေတာတွေ့ရတယ်လို့လည်း အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
"ဒါက ဧပြီလ ၂၁ ရက် အထိပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာ၀တီ တို့ပါတယ်။ ဧပြီလ ၂၂ ရက် နေ့မှာတော့ အခုအထိ စက်ရုံ ၅၀ လောက် ဆက်ဖွင့်နေတယ် သတင်းရတယ်" လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့က မပိတ်တဲ့ စက်ရုံရှိရင် အကြောင်းကြားဖို့ အလုပ်သမားတွေကို ဆက်သွယ်ပြီးပြောတယ်။ သူတို့က စက်ရုံ အမည် ဖုန်းနံပတ်တွေ အကြောင်းကြားတယ်။ အဲ့ဒါတွေကို စုပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတွေကိုပါ တိုင်ကြားထားတယ်"လို့လည်း သူကပြောပါတယ်။
မှော်ဘီမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့က အထည်ချုပ်စက်ရုံတွေ ဒီနေ့အထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ဧပြီလ ၂၂ ရက်မနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းတိုက်ရိုက်ဆွေးနွေးမှု မှာ ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Aye
စက်ရုံတွေ အခုအထိ ပိတ်သိမ်းခြင်း မရှိသေးတဲ့အပေါ် သွားရောက်စစ်ဆေးကာ ချက်ချင်းအရေးယူမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက်က ပြောခဲ့ပါတယ်။
အခုကာလမှာ စက်ရုံတွေ ဖွင့်ပြီး လူစုလူဝေးဖြစ်နေတာဟာ အလုပ်သမားတွေအတွက် အလွန်စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTUM) က ကိုဝင်းဇော်က ပြောပါတယ်။
ဧပြီလ ၂၁ ရက်က ဖွင့်လှစ်ခဲ့တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ နဲ့ လှည်းကူး စက်မှုဇုန်တွေက စက်ရုံအလုပ်ရုံ ၁၇ ရုံကို အလုပ်သမားဦးစီးဌာန (အလရ) ရန်ကုန်တိုင်းဦးစီးမှူးထံ လူကိုယ်တိုင်သွားရောက် တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ(STUM)က ဒေါ်မျိုးမျိုးအေးက ဘီဘီစီကို ပြောပါတယ်။
"ဒီနေ့လည်း စက်ရုံတွေကို မြို့နယ်က အဖွဲ့တွေ ထွေအုပ်၊ရဲ အလုပ်သမားဦးစီးဌာန (အလရ )တွေပါသွားပြီး တားကြတယ်။ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကလူတွေလည်းပါတယ်" လို့ သူက ပြောပါတယ်။
တချို့စက်ရုံတွေကတော့ အခုလကုန်အထိ အလုပ်ပိတ်လိုက်ပြီ ဖြစ်ပြီး ပိတ်ရက် ၁၀ ရက် ကို လစာမဲ့လို့ အလုပ်သမားတွေကို ပြောတဲ့ အကြောင်းလည်း အလုပ်သမားတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kha kha
အစိုးရရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ စက်ရုံအလုပ်ရုံတွေဖွင့်နေတာဟာ အစိုးရဘက် က ထိထိရောက်ရောက် အရေးယူမှု အားနည်းလို့ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကကိုဝင်းဇော်က ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေမှာ အလုပ်ရှင်တွေအနေနဲ့ ကြိုပို့ ကားတွေစီစဉ်ရမှာ ဖြစ်သလို၊ လက်သန့်စင်ဆေး၊ နှာခေါင်းစည်း၊ လက်အိတ်တွေ ကိုလည်း အလုံအလောက်ထားရမယ်လို့လည်းကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံတွေမှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ရေ အလုံလောက်ထားပေးဖို့၊ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ အလုပ်လုပ်ခြင်းမျိုး မဖြစ်စေရေးအတွက် အစီအမံများချမှတ်ဖို့၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ဖို့ စတာတွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ငန်းခွင်ဝင်ရမှာ ဖြစ်ပေမယ့်၊ စက်ရုံအလုပ်ရုံတွေက ကျန်းမာရေးနဲ့ ကိုက်ညီ အောင်ထားနိုင်မလားဆိုတာကို အလုပ်သမားတွေက လည်း စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Aye
စက်ရုံ၊အလုပ်ရုံတွေကိုစစ်ဆေးနေဆဲ ကာလအတွင်း အလုပ်သမားတွေအတွက် လုပ်အားခ အခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၀န်ကြီးဌာန အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဟာ လူမှုရေး အထောက်အပံ့ပုံစံမျိုးနဲ့ ပေးအပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရဘက်ကနေ သိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ ဆွေးနွေးမှုမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ စက်ရုံ၊အလုပ်ရုံ စစ်ဆေးမှုကိစ္စအတွက် အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အချိန်ကပ်ပြီးမှ ထုတ်ပြန်လိုက်တဲ့အတွက် လိုက်နာဆောင်ရွက်ရသူတွေမှာ ကြိုတင်ပြင်ဆင်ချိန်နည်းတယ်လို့ တင်ပြခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ပြန်ချက်ကို အချိန်ကပ်ပြီးမှ ထုတ်ပြန်လိုက်တဲ့အပေါ် တောင်းပန်ကြောင်းနဲ့ နောက်ဆိုရင် ညွှန်ကြားချက်တွေကို ကြိုတင်ပြီး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကတော့ စစ်ရုံ၊အလုပ်ရုံ စစ်ဆေးမှုတွေကို ဧပြီလ ၂၀ ရက်နေ့ စဆောင်ရွက်နေပြီဖြစ်ပြီး ဧပြီလ ၂၂ ရက်အထိ စစ်ဆေးပြီးတဲ့ စက်ရုံ၊အလုပ်ရုံပေါင်း ၇၀ ကျော်ရှိကြောင်းနဲ့ စက်ရုံ၃၀၀ ကျော် စစ်ဖို့ စာရင်းပေးထားတာ ရှိနေပြီလို့ ပြောပါတယ်။








