ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရဲမှူးချုပ်နဲ့ ဝန်ကြီးတွေအပါအဝင် လူ ၃၀ လောက် ကိုဗစ်-၁၉ ရှိမရှိ စောင့်ကြည့်ခံနေရ

မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ်ဆေးရုံများသို့ ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်စဉ်။

ဓာတ်ပုံ ရင်းမြစ်, ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး

ဓာတ်ပုံ ပုံစာ, မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ်ဆေးရုံများသို့ ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်စဉ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရဲမှူးချုပ် တင်ကိုကိုနဲ့ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ပြည်နယ်အစိုးရ စည်ပင်သာယာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတွေအပြင် အစိုးရအဖွဲ့ဝင်တွေ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ ကားယာဉ်မောင် စတဲ့ လူအယောက် ၃၀ လောက်ကို ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေပါတဲ့ အဖွဲ့ဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ဆေးရုံတွေမှာ လိုက်လံထောက်ပံ့ပေးနေတာ၊ ကျန်းမာရေးဝန်ထမ်းတွေကို အားပေးတာတွေ ပြုလုပ်တဲ့ ရှမ်းအရှေ့ဘက်ကို ခရီးစဉ် အပြန်မှာ ကျန်းမာရေးစစ်ဆေးကြရာမှာ အဖွဲ့မှာ ပါလာသူ ၂ ဦးမှာ အပူချိန်များပြီး ကိုဗစ် သံသယဖြစ်ဖွယ်တွေ့ရလို့ အဖွဲ့မှာပါသူတွေကို အခုလို စောင့်ကြည့်ရတဲ့အထိ ပြုလုပ်ရတာ ဖြစ်ပါတယ်။

“အပြန်ခရီးမှာ ကျိုင်းတုံဝင်ပြီး ဒုတိယ ကျန်းမာရေးမှူးနဲ့ ခရီးစဉ်ပါတဲ့သူတွေကို ဆေးစစ်ကြည့်တဲ့အခါကျတော့ ရဲမှူးချုပ်ရဲ့ ကိုယ်ရေးအရာရှိနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ကားဆရာမှာ ကိုဗစ် သံသယဖြစ်ဖွယ် စတွေ့ခဲ့ရတယ်” လို့ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

“အခုတော့ အဲ့ဒီ ၂ ယောက်လုံးကို ကျိုင်းတုံမှာ ထားခဲ့ပြီး သူတို့ရဲ့ နှာခေါင်းတို့ဖတ်တွေကို ရန်ကုန်ကို ပို့ထားပြီး စစ်ဆေးနေတယ်” လို့လည်း ဦးစိုးညွန့်လွင်က ဆက်ပြောပါတယ်။

အခုလို အစိုးရအဖွဲ့ထဲက ဝန်ကြီးချုပ်၊ ရဲမှူးချုပ်နဲ့ ဝန်ကြီးတွေအထိ စောင့်ကြည့်ခံနေရတဲ့ ဖြစ်စဉ်ဟာ ၁၂၁ ယောက်မြောက် ကိုဗစ်လူနာနဲ့ ဆက်စပ်မှု ရှိနိုင်တယ်ဆိုပြီးတော့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အဲ့ဒီ လူနာ ၁၂၁ ဟာ မတ်လ ၂၂ ရက်နေ့က အင်္ဂလန်က ပြန်ရောက်လာသူဖြစ်ပြီး ရန်ကုန်မှာ ကွာရင်တိုင်း ၁၄ ရက်ဝင်ခဲ့ပြီးနောက် တောင်ကြီးကို ပြန်ရောက်ချိန်ကျမှ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ခဲ့ရတယ်လို့ ဧပြီ ၂၁ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆေးရုံတွေမှာ ကိုဗစ်ထောက်ပံ့ရေးပစ္စည်းတွေ သွားပေးခဲ့တဲ့ ပြည်နယ်အစိုးရအဖွ့ဲဝင်တွေ ကိုဗစ်ရှိမရှိ စောင့်ကြည့်ခံနေရတာက လူနာ နံပါတ် ၁၂၁ နဲ့ ဆက်စပ်နေလားဆိုပြီး ဘီဘီစီက မေးရာမှာတော့ “အဲ့လို အတိအကျတော့ ပြောလို့မရပါဘူး၊ ဝန်ကြီးအဖွ့ဲက အဲ့ဒီလူနာနဲ့ တွေ့တယ်ဆိုတာ မဟုတ်ပါဘူး၊ တွေ့လည်း မတွေ့ခဲ့ပါဘူး” လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

လောလောဆယ်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒေါက်တာလင်းထွဋ်နဲ့ ဝန်ကြီးတွေဟာ အစိုးရအဖွဲ့ရိပ်သာမှာ ကွာရင်တိုင်းဝင်နေပြီး ရဲမှူးချုပ်ကတော့ ရဲရိပ်သာမှာ ကွာရင်တိုင်းဝင်နေသလို လွှတ်တော်ဥက္ကဋ္ဌကတော့ သူ့နေအိမ်မှာ သီးခြားစောင့်ကြည့်ခံယူမှု ကွာရင်တိုင်းဝင်နေကြပါတယ်။

ခုလို အစိုးရအဖွဲ့ထဲက အများအပြား ကိုဗစ် ရှိမရှိ စောင့်ကြည့်ခံနေရပေမယ့် ပြည်နယ်အစိုးရ လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။