ရာထူးကြီးသူ တွေကို ကားပါမစ်ထုတ်ပေးတာ ဘာကြောင့်လဲ

ကားအရောင်းပြခန်း

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein

ဓာတ်ပုံ ပုံစာ, ကားအရောင်းပြခန်း

တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ သူတွေကို လိုအပ်ချက်အရ သက်သာချောင်ချိမှုနဲ့ အခုလို ကား တင်သွင်းခွင့်ပြုရတာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ သန်းမြင့်ကပြောပါတယ်။

"ကားဟာ စီးပွားရေးအရ လိုအပ်ချက်ရှိသလို၊ လူမှုရေးအရ လည်း လိုအပ်ချက်ရှိတာကြောင့် လုပ်ပေးလိုက်တဲ့ သဘောပါ၊ ကညန အခွန်တော့ သက်သာပေမယ့် အကောတ်ခွန်နူန်းထားတွေကတော့ဆောင်ရ မှာပါ "လို့ သူကပြောပါတယ်။

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တန်ဖိုး သိန်း ၁၅၀၀ တန်ဖိုးရှိကားကို တင်သွင်းခွင့်ရသလို၊ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရမှာဖြစ်ပါတယ်။

ပြည်သူတွေကတော့ အဲဒီကားတင်သွင်းခွင့် ရတဲ့ အပေါ်ဝေဖန်နေ ကြပြီးလာမယ့် ဇန်နဝါရီလ ၂၇ရက်မှာ စမယ့် လွှတ်တော် မှာ လည်း ကိုယ်စားလှယ်တွေက မေးခွန်းမေးမယ်လို့ လည်းပြောဆိုမှုတွေရှိပါတယ် ။

ကားကိုတင်သွင်း ခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရ

အစိုးရအရာရှိကြီးတွေ အတွက် တကယ်ဘဲ လိုအပ်သလား

အခုကားပါမစ်ထုတ်ပေးတာကို နိုင်ငံဝန်ထမ်းနဲ့ ပြည်သူ့ဝန်ထမ်းတွေထဲက ညွှန်ကြားရေးမှူးချုပ်နဲ့အထက်ဝန်ထမ်းတွေ ကရမှာ ဖြစ်ပြီးတော့ ဒုတိယ အဆင့်အနေနဲ့ ကတော့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရရှိသူတွေကို ဆောင်ရွှက်ပေးမှာဖြစ်တယ် လို့ လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ် ။

သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ဆိပ်ကမ်းအရောက် သိန်း ၁၅၀၀ တန် ကားတင်သွင်းခွင့်၊ ဒုတိယသမ္မတတွေနဲ့ တူညီတဲ့အဆင့်ရှိသူတွေက သိန်း ၁၂၀၀ တန်ကားတင်သွင်းခွင့်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေအပြင် အဲဒီ အဆင့်တူ ဝန်ထမ်းတွေက သိန်း ၁၀၀၀ တန်ကားတင်သွင်းခွင့်၊ ဒုဝန်ကြီး တွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေ၊ ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေက သိန်း ၇၀၀တန်ကားတင်သွင်းခွင့် အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ်တွေက သိန်း ၅၀၀ တန်ကားတင်သွင်းခွင့်နဲ့ ဒုညွှန်ချုပ် အဆင့်နဲ့ လုပ်သက် ၂၅နှစ်ပြည့် ဝန်ထမ်းကောင်းတံဆိပ်ရထားသူတွေကတော့ သိန်း ၃၀၀ တန် ကားတင်သွင်းခွင့်တွေကို ရရှိကြမှာဖြစ်ပါ တယ်။

ညွှန်ချုပ်အပါအဝင်သမ္မတ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေဟာ အထက် နိုင်ငံတော် ကအိမ် ကားစသည်ဖြင့် ထောက်ပံ့ပေးထားတာကြောင့် အခုလို ကားတင်သွင့်ခွင့် ထပ်ပေးတာ မဖြစ်သင့်ဘူးလို့လည်းဝေဖန်မှုတွေရှိပါတယ် ။

ဒါနဲ့ပတ်သက်လို့ ဒုဝန်ကြီးဒေါက်တာသန်းမြင့် က တော့ လုပ်သက်၂၅ နှစ် အထက် ဝန်ထမ်းကောင်းတံဆိပ်ရထားသူတွေ ကတော့ အကုန်လုံး ကားမရှိကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။

ကားကို လိုင်စင်ဝင်ရန်စစ်ဆေးစဉ်

ဓာတ်ပုံ ရင်းမြစ်, TAK

ဓာတ်ပုံ ပုံစာ, ကညန ကားကို လိုင်စင်ဝင်ရန်စစ်ဆေးစဉ်

အစိုးရပေးထားတဲ့ ကားတွေပြန်သိမ်းမလား

ဒါအပြင် သူတို့ ကို အခုလို ကားတင်သွင်းခွင့်ပြုပြီးနောက်ပိုင်းမှာတော့ သူတို့ကို ထောက်ပံ့ထားတဲ့ ကားတွေပြန်သိမ်း ဖို့ စဉ်းစားတာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ် လို့လည်းဒေါက်တာသန်းမြင့် ကပြောပါတယ် ။

အခုသတ်မှတ်တဲ့ ဆိပ်ကမ်းရောက်ဈေးနှုန်းတွေအရဆိုရင် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒေါ်လာတစ်သိန်းတန် နဲ့ ပြည်ထောင်စုအဆင့်ဝင်တွေကလည်း အမေရိကန်ဒေါ်လာ တသိန်းအောက် နာမည်ကျော် ဇိမ်ခံကားတွေကိုဝယ်ယူနိုင်မှာဖြစ်တယ်လို့ကားလောကရောင်းဝယ်ကြသူတွေကပြောပါတယ်။

လုပ်သက်၂၅ နှစ်အထက် ဝန်းထမ်းတွေ လစာနဲ့ ကားရဲ့ဆီဖိုးအပါအဝင် ပြင်ဆင်စရိတ်တွေရှိတာ ကြောင့် သူတို့ လစာနဲ့ ကားရေရှည်စီးဖို့ဆိုတာ မဖြစ်နိုင်ဘဲ၊ အဂတိကို အားပေးသလိုဖြစ်ကြောင်းလည်း ကားတင်သွင်းခွင့်ပြုတဲ့အပေါ် မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ပြောပါတယ်။

ပါမစ်ဈေးကွက်တစ်ခုထပ်ပေါ်လာနိုင်ဟုခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein

ဓာတ်ပုံ ပုံစာ, ပါမစ်ဈေးကွက်တစ်ခုထပ်ပေါ်လာနိုင်ဟုခန့်မှန်း

လက်ရှိတော့ ဒုညွှန်ချုပ်ကနေစပြီး နိုင်ငံတော်သမ္မတအထိ ဦးရေး ၈၀၀ ကနေ ၉၀၀ ကြားမှာရှိတယ်လို့ စာရင်းပြုစုထားပြီး ၊၂၅နှစ်နဲ့အထက် ဝန်ထမ်းကောင်းတံဆိပ်ရသူတွေကတော့ သက်ဆိုင်ရာဝန်ကြီးဌာန တွေရဲ့ စာရင်းပြုစုချက်တွေအရသာ သိရှိနိုင်မှာဖြစ်ပြီး အရေအတွက် အတိအကျမသိရသေး ဘူးလို့လည်း အစိုးရဘက်ကနေ သိရပါတယ်။

ကားပါမစ် အရောင်းအဝယ်။

ဒါအပြင် ဒီ ကားတင်သွင်းခွင့်တွေဟာ အရင်ကားလောက မှာရှိခဲ့တဲ့ ပါမစ်အရောင်းအဝယ် ပုံစံမျိုးပြန်ဖြစ်လာနိုင်တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

အခုလို ကားတင်သွင်းခွင့်ပါမစ်တွေဟာ အပြင်မှာ ပြန်ပြီးအရောင်းဝယ် ဖြစ်လာနိုင်တယ်ဆိုတာကို လည်း ဝန်ကြီးဌာနတွေကဝိုင်းပြီးထိန်းဖို့လိုတယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ် ။

ပြန်မရောင်းရဆိုတဲ့ ကန့်သတ်ချက်ပါပေမယ့်၊ ဒါကိုထိန်းဖို့ဆိုတာက လည်း လက်တွေ့မှာ ထင်သလောက်မလွယ်ဘူးလို့ သူကရှင်းပြပါတယ်။

ဒါပေမယ့် ပြန်ရောင်းချရင် ဘယ်လိုအရေးယူမှာနဲ့ ဘယ်အချိန်တွေမှာ ကားတင်သွင်းခွင့်ပြုမယ်ဆိုတာ တွေကိုတော့ မသိရသေးပါဘူး။

အခုလိုကားတင်သွင်းခွင့်ကို ဦးသိန်းစိန်အစိုးရ လက်ထက်က လက်နက်ကိုင် တိုင်းရင်းသားတွေအတွက် ခွင့်ပြုပေးခဲ့ဖူးပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကိုတော့ ခွင့်ပြုပေးခဲ့တာမျိုးမရှိခဲ့ပါဘူး။