ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်သမ္မတခရီးစဉ်နဲ့ နှစ် ၇၀ ပြည့် မြန်မာတရုတ်ဆက်ဆံရေး
၂၀၂၀ ပြည့်နှစ်ဟာ မြန်မာမှာ စိန်ခေါ်မှုတွေရှိနေပေမယ့် ကောင်းမွန်တဲ့အလားအလာလို့ ဆိုနိုင်တာလည်း ရှိပါတယ်။
ဒါကတော့ တရုတ်နဲ့ မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်မှုဟာ ၂၀၂၀ မှာ နှစ် ၇၀ ပြည့်မြောက်မှာဖြစ်ပါတယ်။
အဲဒီအထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပဖို့နဲ့ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံမှု ထူထောင်ရေးတွေ လုပ်ဖို့ ဒီဇင်ဘာလအတွင်းက လာရောက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသဘောတူခဲ့ပါတယ်။
ဒီနှစ် ၇၀ ပြည့်ပွဲကြောင့် တရုတ်သမ္မတ ရှီဂျင်ပင်း မြန်မာနိုင်ငံကို လာရောက်ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။
တကယ်လို့ သမ္မတရှီဂျင်းပင် သာ လာရောက်ဖြစ်မယ်ဆိုရင် ၂၀၀၁ ခုနှစ်နောက်ပိုင်း ၁၈ နှစ်အတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးမြန်မာခရီးစဉ် ဖြစ်လာမှာပါ။
သမ္မတ ရှီဂျင်ပင်း ဟာ ၂၀၀၉ ခုနှစ်တုန်းက ဒုသမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ထားဖူးပါတယ်။ အဲဒီတုန်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့စာချုပ်တွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သဘောတူချုပ်ဆိုခဲ့တာတွေရှိပါတယ်။
သမ္မတရှီဂျင်းပင်ရဲ့ မြန်မာခရီးစဉ်အတွင်း ကျောက်ဖြူရေနက်စီမံကိန်းနဲ့ပတ်သက်လို့ ထပ်တိုးသဘောတူညီချက်တွေ ညှိနှိုင်းဆွေးနွေးဖို့လည်းရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အခုတရုတ်သမ္မတ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုကတော့ သင့်တော်တဲ့အချိန်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ထုတ်ပြန်ဖို့ရှိပြီး အသေးစိတ်ကို အခုချိန်မှာ မပြောနိုင်သေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ နှစ် ၇၀ ပြည့်သံတမန်ဆက်ဆံရေးအတွက် မြန်မာအစိုးရ ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးမြန်းတဲ့အခါ
"အဆင့်မြင့်ကိုယ်စားလှယ်တွေခရီးစဉ်အပါအဝင် တခြား အများကြီးပဲပေါ့။ တစ်နှစ်လုံး နှစ်နိုင်ငံ ပူးတွဲကျင်းပသွားဖို့ရှိပါတယ်။ ကဏ္ဍစုံပေါ့လေ။ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ၊ ပြည်နယ်တွေ၊ ယဉ်ကျေးမှု၊ စာပေ၊ သင့်တန့်တွေနဲ့ လုပ်ဖို့ရှိပါတယ်။ နိုင်ငံခြားရေးရုံးကတော့ သံတမန်လုပ် ထုံးလုပ်နည်းအရ လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေပါတယ်" လို့ သူက ဆက်ရှင်းပြပါတယ်။
တရုတ်ဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးမှာ အဓိကကျတဲ့နေရာက ပါဝင်နေပြီး တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ မြန်မာဟာလည်း ပထဝီအနေအထားအရ အရေးပါနေပါတယ်။
၂၀၁၉ မှာ ဒီစီမံကိန်းအတွက် တရုတ်နိုင်ငံမှာပြုလုပ်တဲ့ ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တက်ရောက်ခဲ့ပြီး နားလည်မှုစာချွန်လွှာနဲ့ စီးပွားရေးနဲ့ နည်းပညာကဏ္ဍ စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီဖိုရမ်မှာ ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ချိန် မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်က မြန်မာကို ကူညီမယ်လို့ သမ္မတရှီဂျင်ပင်းက ပြောကြားခဲ့ပြီး နိုင်ငံတကာ မျက်နှာစာမှာဆိုလည်း အိုင်စီဂျေကို ဒေါ်အောင်ဆန်းစုကြည် မသွားခင်လေးမှာ ဝန်ကြီးဝမ်ယီက အပြေးအလွှားလာရောက် တွေ့ဆုံ ပေးခဲ့ပါတယ်။
တစ်ဘက်မှာလည်း ရခိုင်အရေးကြောင့် ကုလ၂၀၀၁ ခုနှစ်နောက်ပိုင်း ၁၈ နှစ်အတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးမြန်မာခရီးစဉ် ဖြစ်လာမှာပါ။ သမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ တရုတ်ရဲ့ အကာ အကွယ် လိုအပ်တာ၊ တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေကြောင့် ငြိမ်းချမ်းရေးမှာ တရုတ် က အရေးပါတာ၊ မြစ်ဆုံလို စီမံကိန်းတွေနဲ့ တရုတ်ကို ကြွေးမြီအများအပြား ပြန်ဆပ်ဖို့ရှိနေတာ တွေကြောင့် မြန်မာက တရုတ်ရင်ခွင်ထဲက ရုန်းထွက်ဖို့ သိပ်ခက်သွားပြီလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာနဲ့ အရင်ကထက် သံခင်းတမန်ခင်း ဆက်ဆံရေးနယ်ပယ် ကျဉ်းမြောင်း လာချိန်မှာ တရုတ်ဟာ မြန်မာအတွက် မရှိမဖြစ်အရေးပါလာတဲ့ အနေအထားဖြစ် လာတာပါ။
ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်ဥရောပရဲ့ ဖိအားမျိုးစုံအောက်မှာ မြန်မာဟာ အိမ်နီးချင်း တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အနေအထားဖြစ်တယ်လို့ တရုတ်မြန်မာအရေးကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။
မြန်မာဟာ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းမှာပါဝင်ဖို့ဆုံးဖြတ်ထားပြီး မဲခေါင်စင်္ကြန်မှာ ပါဝင်ဖို့လည်း အဆိုပြုထားတာဖြစ်လို့ တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ဆက် ပြောပါတယ်။
အခုလို မြန်မာက ကုလသမဂ္ဂအပါအဝင် အနောက်ဥရောပနဲ့ အမေရိကန်တို့ရဲ့ ရိုဟင်ဂျာအရေး ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပြီး အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေ၊ အပြည်ပြည်ဆိုင် ရာ ရာဇဝတ်ခုံရုံး အိုင်စီစီတို့မှာ တရားစွဲဆိုခံရမှုတွေရှိနေချိန်မှာ တရုတ်အပါအဝင် တခြား အိမ်နီး ချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သင့်တယ်လို့ ဦးသန်းစိုးနိုင်က အခုလို အကြံပြုပါတယ်။
"ဗမာပြည်ကိစ္စ ဂျပန်ကလည်း ငြိမ်းချမ်းရေး ကူညီမယ်ပြောထားတယ်။ တရုတ်ကို အားပြုရတဲ့ အနေအထား အားနည်းသွားဖို့ပဲ။ ကျွန်တော်တို့အနောက်ဖက်မှာ အိန္ဒိယလို လူဦးရေ သန်း၁၂၀၀ ကျော်တဲ့ နိုင်ငံကြီးရှိပါသေးတယ်။ စီးပွားရေးအရလည်း ဖွံ့ဖြိုးနေတယ်။ တခြားဒေါက်တွေကိုလည်း ရှာရမယ်။ အခုဆို တောင်ကိုးရီးယားလည်း ပါလာပြီဖြစ်လို့ စီးပွားရေးတည်ဆောက်ဖို့အတွက် အလားအလာကောင်းနေပါတယ်" လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။
ဒါပေမဲ့ အရင်အစိုးရလက်ထက်တွေကလို နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးနဲ့ ပတ်သက် လို့ဖြစ်စေ တရုတ်ရဲ့ တစ်ဖတ်သက်ဆန်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောရတဲ့ အပေးအယူ ဆက်ဆံရေး ထက် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ညှိနှိုင်းတဲ့ဆက်ဆံရေးကို ဦးတည်လာ တာတွေ့ရပါတယ်။
အရင်က တရုတ်ဟာ မြန်မာနဲ့ အစိုးရချင်းဆက်ဆံရေးကိုပဲ အလေးထားခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည် လက်ထက်မှာ အစိုးရချင်းအပြင် အာဏာရပါတီချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးကို အလေးထားလာတာ ဖြစ်ပါတယ်။
တရုတ်အစိုးရဘက်က အခုထိ မြစ်ဆုံပြန်စဖို့ မကြာမကြာ လေသံပစ်လေ့ရှိပေမယ့် ဒါကို အန်အယ်လ်ဒီ အစိုးရဘက်က ကတိခံတာ၊ မှတ်ချက်ပြုတာမျိုး ပြုလုပ်ပေးတာ မရှိခဲ့ပါဘူး။
အဲဒီအတွက် မြန်မာအစိုးရကို တရုတ်ဘက်က ဖိအားပေးတာမျိုး ဝေဖန်တာမျိုးလည်း မရှိတဲ့ အတွက် ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရခေါင်းဆောင်တွေကြား ဆက်ဆံရေး ချောမွေ့ပြီး အရင်လို တစ်ဆင့်လျှော့ ဆက်ဆံရေးထက် နှစ်နိုင်ငံတန်းတူ ရည်တူ အဆင့်ဆက်ဆံရေးပုံစံမျိုး ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အခုလိုမြန်မာကိုတရုတ်က အရင်က တန်းတူရည်တူဆက်ဆံရေးမပေးဘူးဆိုတာဟာ တရုတ်ရဲ့ပြဿနာမဟုတ်ဘဲ မြန်မာရဲ့ ပြဿနာသာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"အရင်အစိုးရလက်ထက်မှာ ကျောက်ဖြူစီမံကိန်းဆို မြန်မာက ၁၅ ရာခိုင်နှုန်း၊ တရုတ်က ၈၅ ရာခိုင်နှုန်းဆိုတာကို သဘောတူခဲ့တယ်။ အခု အန်အယ်လ်ဒီအစိုးရလက်ထက်မှာ မြန်မာက ၃၀ ၊ တရုတ်က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲယူဖို့ ညှိနှိုင်းနိုင်ခဲ့တယ်။ ဆိုလိုတာက တိုင်းပြည်ရဲ့မျက်နှာကိုမထောက်ထားဘဲ ကိုယ့်အိတ်ထောင်ကိုယ်ငုံ့ကြည့်ပြီးရောင်းစားခဲ့လို့ တရုတ်က ကျွန်တော်တို့ကို တစ်ဖက်စောင်းနင်းဆက်ဆံတယ်လို့ တချို့က ယူဆတာဖြစ်တယ်" လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။