ဒေါ်စု ထောက်ခံပွဲလုပ်ဖို့ စည်းရုံးရေးဆင်းတဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးနေ

ဘူးသီးတောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးရဲအရာရှိ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, KHINE HTOO MRAT/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဘူးသီးတောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးရဲအရာရှိ တစ်ဦး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ဘူးသီးတောင်မြို့နယ်ထဲက ပြင်ရှည်ရွာကို စည်းရုံးရေးဆင်းဆောင်ရွက်ဖို့ သွားတဲ့လမ်းခရီးမှာ ပျောက်ဆုံးနေတယ်လို့ NLD ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီကတည်းက ပျောက်ဆုံးခဲ့တာဖြစ်ပြီး ခုထိ အဆက်အသွယ်မရသေးဘူးလို့ ဦးရဲသိန်းရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

"ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် မိုးလင်းမှ သိတာ၊ အဲ့ဒီနေရာက လက်နက်ကြီးကျည် မကြာခဏကျတာ၊ နယ်မြေမအေးချမ်းဘူး၊ ကျွန်တော်တို့လည်း သွားလို့မရဘူး" လို့ ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

NLD ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ "ဦးရဲသိန်းက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်ဖို့ စည်းရုံးရေးသွားတာ အမှန်တကယ် ဘာဖြစ်ခဲ့လဲ၊ သူနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်ကို မေးမြန်းပြီး အခြေအနေကို စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။

အေအေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သား ဖမ်းဆီးခံရမှုတွေ မြင့်တက်နေ
ဓာတ်ပုံ ပုံစာ, အေအေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သား ဖမ်းဆီးခံရမှုတွေ မြင့်တက်နေ

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖြေရှင်းနေတာကို ဘူးသီးတောင်မှာ ထောက်ခံပွဲလုပ်ဖို့ ဦးရဲသိန်းက ဦးဆောင်စည်းရုံးခဲ့တာဖြစ်ပြီး အခု သူပျောက်ဆုံးနေတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ နေလယ်ပိုင်းမှာလုပ်မယ့် ထောက်ခံပွဲလည်း ပျက်သွားတယ်လို့ ဦးရဲသိန်းရဲ့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

"ထောက်ခံပွဲလည်း ပျက်သွားတယ်၊ ကိုယ့်အစ်ကိုလည်း ပျောက်တယ်ဆိုတော့ စိတ်ပူတာပေါ့၊ ဒီမှာ ကျွန်တော်တို့ သွားချင်းတဲ့နေရာ သွားလို့မရဘူး၊ တိုင်းရေး ပြည်ရေးအခြေအနေကလည်း မကောင်းဘူး၊ အစ်ကို ကိုပဲ ပြန်တွေ့ပါစေလို့ ဆုတောင်းတယ်" လို့ ဦးအောင်ကိုဆွေက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာပွဲကို တက်ရောက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းကတော့ မြန်မာဘက်ကနေ ပေးတဲ့ လျှောက်လဲမှုမှာ အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။