မြိတ်ကျွန်းစုက သန္တာကျောက်တန်းတွေ ပျက်စီးနေတဲ့ ပြဿနာ

သန္တာကျောက်တန်း

ဓာတ်ပုံ ရင်းမြစ်, Thanda Ko Gyi

ဓာတ်ပုံ ပုံစာ, ရေအောက် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ Ghost gear

တနင်္သာရီ ကမ်းရိုးတန်း ၊ မြိတ်ကျွန်းစု တဝိုက်က သန္တာကျောက်တန်းတွေကို အဓိက ထိခိုက် ပျက်စီး နေစေတာဟာ ငါးဖမ်းလှေတွေကနေ အကြောင်းအမျိုးမျိုးကြောင့် ပင်လယ်အောက် ကျရောက်သွားတဲ့ ငါးဖမ်းပိုက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာအိုရှင်း ပရောဂျက်လို့ခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်နဲ့ ကော့သောင်း ခရိုင်တွေထဲက ကျွန်းစုတွေမှာ သန္တာကျောက်တန်းနဲ့ ရေအောက်ရှားပါး ငါးမျိုးစိတ်တွေ၊ လိပ်တွေကို သေကျေပျက်စီး နေစေတဲ့ ငါးပိုက်တွေကို လိုက်လံ ဖယ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခု ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာအိုရှင်း ပရောဂျက်အနေနဲ့ ရေအောက်ကနေ ဖယ်ရှားခဲ့တဲ့ ငါးဖမ်းပိုက်အဟောင်းတွေ အလေးချိန် ကီလိုချိန် ထောင်ကျော် ရှိတယ်လို့ နားလည် ရပါတယ်။

မြိတ်ကျွန်းစုတဝိုက်မှာ သန္တာကျာက်တန်းတွေ ပျက်စီးပြီး ဂေဟစနစ်တခုလုံးထိခိုက် နေရတဲ့ ပြဿနာဟာ စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းတာမျိုး အခုမှ မလုပ်ဘူး ဆိုရင် အကောင်းအတိုင်း ဘာမှ ကျန်နိုင်တော့မှာ မဟုတ်ဘူး ဆိုပြီး မြန်မာအိုရှင်း ပရောဂျက်ကို ဦးဆောင်နေတဲ့ ဒေါ်သန္တာကိုကြီးက ဘီဘီစီကို ပြောပါတယ်။

သန္တာကျောက်တန်း

ဓာတ်ပုံ ရင်းမြစ်, Thanda Ko Gyi

ဓာတ်ပုံ ပုံစာ, ပိုက်ဟောင်းတွေ ဖုံးလွှမ်းပြီး ရေအောက် သန္တာတွေ သေဆုံး

ရေအောက်ရောက်တဲ့ ငါးဖမ်းပိုက်ဟောင်း

အဏ္ဏဝါရေအောက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်သွားတဲ့ ငါးဖမ်းပိုက်တွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက Ghost gear ဆိုပြီး ရည်ညွှန်း ခေါ်ကြပါတယ်။

ငါးဖမ်းလှေတွေပေါ်က တမင်စွန့်ပစ်တာမျိုး ရှိသလို၊ မတော်တဆ ပြုတ်ကျပြီး ဆုံးရှုံးတာ၊ ပြတ်ကျတာမျိုးလည်း ရှိတတ်ပါတယ်။

အဲဒီ ပိုက်ဟောင်းတွေဟာ သန္တာကျောက်တန်းတွေပေါ် ဖုံးလွှမ်းပြီး ရေအောက် သန္တာတွေ သေဆုံးကြရတာ ဖြစ်ပါတယ်။

ပလတ်စတစ်လိုမျိုး လူလုပ်ဓာတု ချည်မျှင် ထုတ်ကုန်တွေနဲ့ ဖန်တီးထားတဲ့ ငါးပိုက်တွေဟာ ရေအောက်မှာ နှစ်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။

ဗီဒီယို ပုံစာ, မဟာသန္တာကျောက်တန်းကြီးကို ကာကွယ်ပေးနေသူ

ပြတ်ကျ ဆုံးရှုံးရင်လည်း ပိုက်ရှင်တွေ အတွက် မဖြစ်မနေ အချိန်ကုန်၊ လူ အပင်ပန်းခံပြီး ပြန်ဆယ်ရလောက်အောင် ငွေကြေးအရ ဆုံးရှုံးမှု မကြီးမားတဲ့ အတွက်၊ ဒီ အတိုင်းပဲ လျစ်လျူရှုလိုက်တာ များတယ်လို့ အဏ္ဏဝါပြင် သန့်ရှင်းရေးသမားတွေက ဆိုပါတယ်။

"ငါးဖမ်းပိုက်တွေ ချပြီး ပိုတဲ့ အပုံတွေကို ဖြတ်ချပြီး စွန့်ပစ်တာမျိုးတွေ ရှိတယ်။ လူတွေ စွန့်တာများလို့ ငါးပိုက်တွေ ရေအောက်ရောက်ရတယ်လို့ ထင်ပေမယ့် အဲဒါတွေထက် ငါးပိုက် အကြီးကြီးတွေလိုက် ရေအောက်ရောက်ရတဲ့ ကိစ္စမျိုးတွေလည်း ရှိသေးတယ်။ ရာသီဥတုကြောင့် ဖြစ်စေ၊ အတွေ့အကြုံ နုတဲ့ ငါးလုပ်သားတွေကြောင့် ဖြစ်စေ ငါးပိုက်တွေ ပြုတ်ကျပြီး သန္တာကျောက်တန်းတွေပေါ် လာပြီး ဖုံးအုပ်တာမျိုး ဆိုရင် ပိုဆိုးတယ်။"

" ဦးစားပြီး ဆယ်ယူရတာလည်း အဲဒီလို ငါးအများကြီး သေနေတဲ့ ပိုက်ကြီးတွေ၊ သန္တာကျောက်တန်း လုံးဝ ပျက်စီး မသွားသေးပဲ ကယ်လို့ ရနိုင်သေးတဲ့ နေရာက ပိုက်တွေကို ဦးစားပြီး ဖယ်ရှား ဆယ်ယူတာမျိုး လုပ်ရတယ်လို့" ဒေါ်သန္တာကိုကြီးက ဆိုပါတယ်။

သန္တာကျောက်တန်း

ဓာတ်ပုံ ရင်းမြစ်, Thandar Ko Gyi

ဓာတ်ပုံ ပုံစာ, အဏ္ဏဝါ ဂေဟစနစ်မှာ အရေးပါတဲ့ သန္တာ

ဂေဟ စနစ်မှာလည်း သန္တာကျောက်တန်းတွေ အရေးကြီး

သန္တာကျောက်တန်း Coral Reef အဖြစ် စုစည်း ဖြစ်လာစေတဲ့ ရေအောက် သန္တာ Coral ဆိုတာ အသက်ရှိတဲ့ အဏ္ဏဝါဇီဝအမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။

အသက်ရှိတဲ့ အတွက် အစာချက်နိုင်အောင် နေရောင်ခြည်လိုပါတယ်။ ငါးပိုက်အဟောင်းတွေ အထပ်ထပ် အလွှမ်းခံရတဲ့အခါ၊ နေရောင် အကွယ်ခံရလို့ သန္တာတွေ သေဆုံးကြရတာ ဖြစ်ပါတယ်။

ဒါမှ မဟုတ်လည်း ပိုက်တွေနဲ့ ငြိပြီး ချိုးလိုက်သလို ဖြစ်ကာ ခိုင်မာပြီးတဲ့ သန္တာကျောက်တန်းတွေ ကျိုးပျက်ရသလို၊ အဲဒီ အကျိုးအပဲ့တွေ စုပုံလာရင်လည်း အောက်ဘက်ပိုင်းကျတဲ့ သန္တာတွေ နေရောင်မရလို့ သေဆုံး ရပါတယ်။

ဒါ့အပြင် ငါးသေတွေ စုပြုံ ပိတ်မိနေတဲ့ ပိုက်တွေက ပါလာတဲ့ ရောဂါတွေ ကူးပြီးတော့လည်း သန္တာတွေပါ သေကြရပါတယ်။

သန္တာကျောက်တန်းတွေ ရှိတာဟာ မျက်စိ ပသာဒ ဖြစ်ပြီး လှပတယ် ဆိုတဲ့ အချက်ထက် ပင်လယ်ရေအောက် ဂေဟ စနစ်မှာ အများကြီး ပို အရေးပါတယ်လို့ ကိုယ်တိုင် ပင်လယ် ရေအောက်ငုပ်ပြီး အဏ္ဏဝါ ဇီဝမျိုးစိတ်မျိုးကွဲတွေကို လေ့လာသူ ဒေါ်သန္တာကိုကြီးက ဆိုပါတယ်။

အဏ္ဏဝါငါး ဇီဝကွဲ မျိုးစုံဟာ သန္တာကျောက်တန်းတွေကြား သားပေါက်ကြ၊ ငါးသေးလေးတွေ ဘဝတောက်လျှောက် သန္တာကျောက်တန်းတွေကြား နေကြရတာ ဖြစ်ပါတယ်။

ငါးအကြီးက ငါး အသေးကို စားတဲ့ ပင်လယ် သတ္တဝါတို့ရဲ့ အဟာရ ကွင်းဆက် food chain မှာ သန္တာ ကျောက်တန်းတွေဟာ အခြေခံ အကျဆုံးပဲ ဖြစ်ပါတယ်။

အဲဒီ ငါးသားပေါက်တွေ ရှင်သန်ရာ သန္တာကျောက်တန်းတွေ ပျက်စီး ဆုံးရှုံးပြီ ဆိုရင် ဂေဟ စနစ်တစ်ခုလုံး ထိခိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ ဒေါ်သန္တာကိုကြီးက ပြောပါတယ်။

သန္တာကျောက်တန်း

ဓာတ်ပုံ ရင်းမြစ်, Thandar Ko Gyi

ဓာတ်ပုံ ပုံစာ, ၅ နှစ် အတွင်း သန္တာကျောက်တန်း ပျက်စီးမှုက အတော်လေးသိသာ

မြိတ်ကျွန်းစုနဲ့ အဏ္ဏဝါ ဂေဟ စောင့်ရှောက်မှု

"ကျွန်မ မြန်မာပြည်မှာ ရေငုပ်တာ ၅ နှစ်ကျော်ပြီ။ ပထမ ကာလတွေနဲ့ အခုလက်ရှိ အချိန်ကို ယှဉ်လိုက်ရင် သန္တာကျောက်တန်းတွေ ပျက်စီးသွားတာ အတော်လေး သိသာတယ်။" လို့ ဒေါ်သန္တာကိုကြီးက ပြောပါတယ်။

မြန်မာအိုရှင်း ပရောဂျက်ကနေ စစ်တမ်းတွေ ကောက်၊ ငါးပိုက်ဟောင်းတွေ ဖယ်တာမျိုးတွေ လုပ်ဆောင်နေခဲ့တဲ့ နေရာကတော့ မြိတ်ကျွန်းစုတွေ ဖြစ်ကြတဲ့ လင်းလုံး၊ သရောသဟန်ကြီး၊ လန်ပိ စတဲ့ နေရာတွေ ဖြစ်ကြပြီး၊ အခု လောလောလတ်လတ်မှာပဲ လငန်းဆိုတဲ့ ဆလုံရွာကိုလည်း နှစ်ပတ်ကြာ သွားရောက်ခဲ့တယ်လို့ ဒေါ်သန္တာကိုကြီးက ဆိုပါတယ်။

အဲဒီ နေရာတွေ ဟာ FFI (Fauna & Flora International) နိုင်ငံတကာ အဖွဲ့ရဲ့ အထောက်အပံ့နဲ့ LMMA ဧရိယာတွေ အဖြစ် သတ်မှတ် ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။

LMMA ဆိုတာ Locally Managed Marine Area ကို အတိုကောက် ခေါ်တာဖြစ်ပြီး၊ ဒေသခံတွေ ကိုယ်တိုင် ကြီးကြပ် ထိန်းသိမ်း ကွပ်ကဲတဲ့ အဏ္ဏဝါ ဒေသလို့ အဓိပ္ပာယ် ရပါတယ်။

မြိတ်ကျွန်းစုတွေထဲ LMMA ဒေသ ၃ ခု မြန်မာ နိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် ဖော်ဆောင် သတ်မှတ်နိုင်ခဲ့တယ် ဆိုပြီး FFI က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထုတ်ပြန်ဖူးပါတယ်။

ဒေသခံတွေက သူတို့ရဲ့ နေရာကို ကာကွယ် ထိန်းသိမ်းဖို့ စိတ်ဝင်စားနှင့်ပြီး LMMA နေရာ တွေမှာ လုပ်ငန်းစရတာ အဆင်ပြေတယ်လို့ ဒေါ်သန္တာကိုကြီးက ပြောပါတယ်။

ကာကွယ်ထိန်းသိမ်းထားတဲ့ အဏ္ဏဝါရေပြင် ဒေသ Protected Area တွေ များများ သတ်မှတ်ထားရှိဖို့လိုသလို၊ ဒေသခံတွေ၊ ငါးဖမ်းသမားတွေကို ပတ်ဝန်းကျင် ပျက်စီးနေတဲ့ ပြဿနာ အကြောင်း သိလာစေဖို့ ပညာပေး တာမျိုးတွေလည်း လုပ်ဖို့လိုတယ်လို့ ဒေါ်သန္တာကိုကြီးက သုံးသပ်ပါတယ်။

အရေးကြီးဆုံးကတော့ ငါးဖမ်းလှေတွေကို စိစစ် ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့လည်း ဒေါ်သန္တာကိုကြီးက ဆိုပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ငါးဖမ်းပိုက် တစ်ခုချင်းဆီကို ဘယ်လှေကပိုက်လဲ ဆိုတာ သိနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်း တပ်တာမျိုးလို ငွေကုန်ကြေးကျခံပြီး ထိန်းချုပ်ကြပါတယ်။