ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို ICC စုံစမ်းစစ်ဆေးနိုင်ဖွယ်ရှိ

ရိုဟင်ဂျာဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာဒုက္ခသည်

ရိုဟင်ဂျာတွေကို အစုလိုက် နှင်ထုတ်တယ်ဆိုပြီး မြန်မာကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ဥပဒေအရာရှိချုပ်က မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်ပါဝင်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အဲဒီ အဆိုပြုချက်ကို ကုလသမဂ္ဂက အတည်ပြုလိုက်ပါတယ်။ အဲဒီတော့ ICC က မြန်မာကို ဘယ်လိုစုံစမ်းမလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ - International Commission of Jurists ရဲ့ အကြီးတန်း ဥပဒေအကြံပေး ကင်းစလေ အဘော့ ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ရောမ သဘောတူစာချုပ်ထဲမှာ မြန်မာနိုင်ငံမပါတဲ့အတွက် မြန်မာအစိုးရကို အရေးယူလို့မရဘူးလို့ မြန်မာအစိုးရက အပြည့်အဝယုံကြည်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ။

ICJ: ပထမအနေနဲ့ရှင်းရှင်းလင်းလင်းနားလည်ရမှာက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က လူတစ်ဦး တစ်ယောက်ချင်းကို စုံစမ်းစစ်ဆေးပြီး အရေးယူတာဖြစ်တယ်။ နိုင်ငံကို အရေးယူဆောင်ရွက်တာ မဟုတ်ဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးမှုလုပ်မှာမဟုတ်ဘဲ မြန်မာ နိုင်ငံမှာရှိ တဲ့ တစ်ဦး တစ်ယောက်ချင်းကိုပဲ စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

ဒုတိယတစ်ချက်က ICC ဟာ နောက်ဆုံးအဆင့် ကုစားမှုပေးရမယ့် တရားရုံးလို သဘောဆောင်ပါတယ်။ ဆိုလိုတာကတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှု ဖြစ်ပေါ်တဲ့အခါမှာ နိုင်ငံတော်က အရေးယူမှု မလုပ်နိုင်တဲ့အခါကျမှ ICC က စုံစမ်းစစ်ဆေးတာ၊ ဖမ်းဆီးအရေးယူတာတွေကို လုပ်တာပါ။

တကယ်လို့ နိုင်ငံတော်က စံချိန်စံနှုန်းပြည့်မီတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ရင်တော့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ဝင်ရောက်ပတ်သက်စရာ မလိုပါဘူး။ ဒါ့အပြင် အဲဒီလိုကိစ္စ ဆောင်ရွက်ဖို့ အခုအချိန်မှာ စောလွန်းပါသေးတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး အနေနဲ့ အခုလိုကိစ္စရပ်မျိုး မှာ ရုံးတော်အနေနဲ့ စုံစမ်းစစ်ဆေးမှုလုပ်သင့်၊ မလုပ်သင့်ကို အကဲဖြတ်ပိုင်းခြားဖို့ စောလွန်းနေပါ သေးတယ်။ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ဥပဒေအရာရှိတွေက တရားရုံးကို မေးကြည့်တဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။

ဒါပေမဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက တစ်စုံတစ်ခု ဆောင်ရွက်လာနိုင်တဲ့ အခြေအနေတာ့ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်နေလို့ပါပဲ။

လက်ရှိမှာတော့ ရာဇဝတ်မှုတချို့ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့ပြီး ဒီကျူးလွန်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC က ဥပဒေနဲ့အညီ ဝင်ရောက်စစ်ဆေးလို့ ရနိုင်တယ်။

ဥပမာပြပြီး ရှင်းပြရရင် တကယ်လို့ နိုင်ငံတစ်နိုင်ငံမှာ လူတဦးတယောက်က သေနတ်ပစ်လိုက်တယ်၊ အဲ့ဒီကထွက်တဲ့ကျည်ဆန်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး တခြားနိုင်ငံက တစ်စုံတစ်ယောက်ကို ထိမှန်ပြီး သေဆုံးတယ်ဆိုပါစို့။ ကျည်ဆန်ထိလို့သေဆုံးသူဟာ ဒုတိယနိုင်ငံမှာ သေတယ်ဆိုပေမဲ့ ပထမနိုင်ငံက ပစ်တဲ့သူကို စုံစမ်းစစ်ဆေးလို့ရပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ဆိုလိုတာက ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နယ်စပ်ထိစပ်နေတဲ့မြန်မာနိုင်ငံမှာ ရာဇဝတ်မှု ဖြစ်ပွားတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိနိုင်ပြီး တနည်းနည်းနဲ့ အရေးယူ ခံရနိုင်လား။ ဘယ်လိုဖြစ်နိုင်မလဲ ရှင်းပြပါဦး။

ICJ: မှန်ပါတယ်။ အခုချိန်မှာ မြန်မာနိုင်ငံထဲက တချို့ရာဇဝတ်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတယ်။ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲအထိ ဆက်လက် ဖြစ်ပွားခဲ့တယ်။ အဲဒီ ရာဇဝတ်မှု အစိတ်အပိုင်းတွေဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ထဲမှာ ဖြစ်ပွားနေတာကြောင့် ICC အနေနဲ့ အဲဒီအခြေအနေတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးနိုင်ပြီး ဒီရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေ တာဝန်ရှိတယ်၊ မရှိဘူးဆိုတာ သိနိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ ဒါဆိုရင် ရခိုင်အရေးမှာ မြန်မာနိုင်ငံက ဘယ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တာဝန်ခံရနိုင်မယ်လို့ ထင်လဲ။

ICJ: လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တာရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးချင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ပြောခဲ့ပြီး ဖြစ်ပါတယ်။

ပြည်နှင်ဒဏ် ပေးတဲ့ ရာဇဝတ်မှုဆိုတာ အဲဒီရာဇဝတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြည်နှင်ဒဏ်ရာဇဝတ်မှုဆိုတာ ကာယကံရှင်ဆန္ဒမပါဘဲ ကိုယ့်အိမ်ကနေပဲဖြစ်ဖြစ်၊ ကိုယ့်အသိုက်အဝန်းကနေပဲဖြစ်ဖြစ် အတင်းအဓမ္မ ပြောင်းရွှေ့အောင်၊ ထွက်ခွာသွားအောင် ပြုလုပ်တဲ့ ရာဇဝတ်မှုကို ဆိုလိုတာပါ။ အဲဒါတွေမကသေးဘူး။ နိုင်ငံတစ်နိုင်ငံကနေ တခြားနိုင်ငံကို အတင်းအဓမ္မ ထွက်ခွာအောင်လုပ်တာလည်း ပြည်နှင်ဒဏ်ရာဇဝတ်မှုမြောက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးက ပြည်နှင်ဒဏ်ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးဖို့ ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံက လူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအဓမ္မထွက်ခွာလာရတဲ့ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်ပါတယ်။

ဒါက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာဇဝတ်မှု တစ်စိတ်တစ်ပိုင်း ကျူးလွန်မှုရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့နိုင်ငံထဲမှာ လူတွေရောက်ရှိခဲ့ပြီး အခုချိန်ထိလည်း အဲဒီမှာပဲ နေထိုင်နေကြတာ ဖြစ်တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အိုင်စီစီ က ဒီလူတွေကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုရဲ့ သားကောင်တွေ ဖြစ်နိုင်ပြီး အဲ့ဒီရာဇဝတ်မှုတွေက လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောဆိုနိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း။ ။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်ဖို့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ရယူတာနဲ့ စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့က အချိန် ဘယ်လောက် ကြာမလဲ။

ICJ: မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံက လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုကို မနက်ဖြန်မှာ စလုပ်တယ်ဆိုကြပါစို့။ အဲဒါဆိုရင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အားရကျေနပ်ဖွယ်ရှိပြီး သူတို့အနေနဲ့ ပါဝင်ပတ်သက်ဖို့ မလိုတော့ဘူးလို့ ယူဆမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အဲဒီလို စုံစမ်းစစ်ဆေးမှုမျိုး မရှိတဲ့အတွက် ICC က ဥပဒေအရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ တရားရုံးတော်ဆီက ခွင့်ပြုချက်တောင်းထားပါတယ်။

ICC က "ဟုတ်ပြီ၊ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စုံစမ်းစစ်ဆေးပါ" လို့ သဘောတူပြီး ခွင့်ပြုခဲ့တယ်ဆိုရင်တောင်မှ အဲဒီစုံစမ်းစစ်ဆေးမှုက ဘယ်လောက်ကြာနိုင်မယ် ဆိုတာကို ပြောဖို့ ခက်ခဲနေပါတယ်။ ဒီကိစ္စဟာ နှစ်ပေါင်းမြောက်များစွာ ကြာရှည်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သိပ်ကို ရှုပ်ထွေးတဲ့ အခြေအနေကို စစ်ဆေးရမှာမို့လို့ပါ။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုတဲ့နေရာမှာ ကျူးလွန်ခံရသူတွေ အများကြီး ပါဝင်လေ့ရှိပြီး ဥပဒေအရ အကဲဖြတ်ဆန်းစစ်ချက်တွေ ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ သိပ်ရှုပ်ထွေးပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုက ကြာတယ်။ ဘယ်လောက်ကြာမယ် ဆိုတာလည်း ပြောဖို့ခက်ပါတယ်။

ဗီဒီယို ပုံစာ, ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဘီဘီစီမြန်မာပိုင်း။ ။ သိပ်မကြာသေးခင်က ICC ကိုယ်စားလှယ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တယ်။ တိုးတက်မှုတွေက ဘာတွေရှိသလဲ?

ICJ: ဖြစ်စဉ်အစပိုင်း ဦးဦးဖျားဖျားမှာ ICC ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ကိစ္စရပ်တွေ တော်တော်များများ လုပ်ဆောင်ဖို့ ပထမခြေလှမ်းတွေ စတင်တဲ့အနေနဲ့ အဲဒီကို သွားရောက်ခဲ့တာပါ။ အိုင်စီစီဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အခြေအနေတွေကို လေ့လာစစ်ဆေးရတာလဲ ဆိုတာကို အဲဒီကလူတွေ နားလည်သဘောပေါက်ဖို့ ကူညီဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။

ICC အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်သင့်၊ မသင့်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက် စုစည်းဖို့ ကြိုးပမ်းရာမှာလည်း တစိတ်တဒေသ အထောက်အကူပြုပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ တခြားသတင်းအရင်းအမြစ်တွေဆီက အချက်အလက်တွေကို စုစည်းပြီးပါပြီ။ ဥပဒေအရာရှိတွေကလည်း ဒီလိုအမှုမျိုးကို ICC အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဒါကြောင့် ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်နိုင်ဖို့ တရားရုံးတော်ရဲ့ ခွင့်ပြုမိန့်ကို တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးတော်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါကြောင့် အခုချိန်ထိ ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ဆောင်ရွက်ဖို့ မရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း။ ။ ICC က ဥပဒေအရာရှိတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာက ဆက်ပြီး လျစ်လျူရှုမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာတွေလဲ။

ICJ - ကျွန်တော်ပြောခဲ့သလိုပဲ မြန်မာနိုင်ငံအနေနဲ့ ဘက်မလိုက်ဘဲ လွပ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးတစ်ရပ်ကို လုပ်ဆောင်သင့်တယ်။ ဒါက မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်တဲ့အရာပါ။ စုံစမ်းစစ်ဆေးမှုမှာ တကယ်လို့ ရာဇဝတ်မှုကျူးလွန်သူကို ဖော်ထုတ်တွေ့ရှိခဲ့ရင်ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူသင့်ပါတယ်။

ဒါပေမဲ့ ICC က ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်လာပြီဆိုရင်တော့ မြန်မာနိုင်ငံ အနေနဲ့ ဒီစုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့ သိထားရမှာက မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးတာမဟုတ်ပါဘူး။ နိုင်ငံအတွင်းမှာ ရာဇဝတ်မှုကျူးလွန်မှုရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်တာ တွေ့ရှိခဲ့ရင်လည်း အဲဒီရာဇဝတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ဖော်ထုတ်ရမယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအကျိုးကိုကြည့်ပြီး အဲဒီစုံစမ်းစစ်ဆေးမှုကို ပံ့ပိုးကူညီဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံနယ်နိမိတ်အတွင်း ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်းရှိခဲ့ရင် အထူးသဖြင့် အခုလိုမျိုး အလွန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အခြေအနေမျိုးမှာ သက်ဆိုင်ရာ နိုင်ငံအားလုံးကလည်း စိုးရိမ်သင့်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကိုယ့်နိုင်ငံထဲမှာ ဘာမှကွယ်ဝှက်စရာမရှိဘူး၊ နောက်ပြီး မြန်မာနိုင်ငံက တရားရုံးတော်ကို အထောက်အကူ ဖြစ်စေနိုင်မယ့် သတင်းအချက်အလက်တွေလည်း ရှိနိုင်ကြောင်းကို ပြသဖို့အတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ဘက်က အခြေအနေနဲ့ သတင်းအချက်အလက်တွေကိုလည်း တင်ပြနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိထားရမှာက မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးနေတာမရှိပါဘူး။ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်မှုရှိ၊ မရှိနဲ့ အဲ့ဒီရာဇဝတ်မှုအတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာ စုံစမ်းစစ်ဆေးနေတာပဲရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဘူး၊ နောက်ပြီး စွပ်စွဲချက်တွေကို စစ်ဆေးနေတဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲ နေမယ်ဆိုရင်တော့ နိုင်ငံတကာဖိအားတွေက ဆက်လက်ပြီး ရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်ပြီးတော့ အချိန်တစ်ခု ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နိုင်မယ်ဆိုရင် အလွန်အကျိုးရှိနိုင်ပါတယ်။ တကယ်လို့ စုံစမ်းစစ်ဆေးမှုတွေကို ကိုယ်တိုင်မလုပ်ရင်လည်း စုံစမ်းစစ်ဆေးမှုလုပ်မယ့်သူတွေကို မြန်မာအနေနဲ့ ပံ့ပိုးကူညီပြီး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံး

ဘီဘီစီမြန်မာပိုင်း။ ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အဖွဲ့ရဲ့ အစီရင်ခံစာဟာ အတော်လေး ပြင်းထန်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာထားတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို ထင်မြင်လဲ။

ICJ - ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာဟာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်တာ မဟုတ်ပါဘူး။

ဒါကြောင့် သူတို့ရဲ့ တွေ့ရှိချက် ရလဒ်တွေကြောင့် ရာဇဝတ်မှုကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်တာမျိုးတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာ သတိချပ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

ရခိုင်မှာသာမက မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ အမျိုးအစား အတော်များများကို အဲဒီမစ်ရှင်က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်၊ ရှမ်းနဲ့ ကချင် အစရှိတဲ့ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ကို FFM ကိုယ်တိုင် သေသေချာချာရည်ရွယ်ပြီး ဒီပြည်နယ်တွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး အစီရင်ခံစာထဲမှာ မတူညီတဲ့ အခြေအနေအသီးသီးအကြားက တူညီမှုများကို ကောက်နုတ်ဖော်ပြထားပြီး မြန်မာနိုင်ငံရဲ့ ဒီဒေသ ၃နေရာလုံးအတွက် အကြံပြုချက်တွေကိုလည်း ပြုခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ဆက်လက်ပြီးတော့လည်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အပြင် ဒီလိုမျိုးဖြစ်ရပ်မျိုးတွေနဲ့ အလားတူ ပုံစံမျိုးတွေ ဖြစ်ပွားနေတဲ့ နိုင်ငံရဲ့ အခြားသော ဒေသတွေကိုပါ ကြည့်ရှုလေ့လာသင့်တယ်လို့ အဆိုပြုထားတာကိုလည်း တွေ့ရပါတယ်။

မတူညီတဲ့ပြဿနာပေါင်းစုံအတွက် အကြံပြုချက်တွေကို အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် တခြားဒေသက စွပ်စွဲထားတဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်ဖို့ မြန်မာအစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့လည်း တိကျတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တိုက်တွန်းအကြံပြုထားပါတယ်။

ဒါကြောင့် အခုအချိန်မှာ ဘယ်လိုဖြစ်သင့်လဲဆိုရင် မြန်မာအစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝန်း၊ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့ ဒီအကြံပြုချက်တွေကို သေသေချာချာ လေ့လာပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် အထူးအားထုတ် ကြိုးပမ်း ဆောင်ရွက်သင့်ပါတယ်။

ဗီဒီယို ပုံစာ, ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဝင်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း

ဘီဘီစီမြန်မာပိုင်း။ ။ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကိုလည်း အလေးထားဆွေးနွေးချင်ပါတယ်။ အဆိုးဆုံး အခြေအနေတစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ဝင်ရောက်လာတာတွေ ဖြစ်နိုင်ပါသလား။ ဒီလို အဖြစ်မျိုး ဖြစ်နိုင် ပါသလား။

ICJ - ကျွန်တော်တို့ သိတဲ့အတိုင်း တချို့အခြေအနေတွေမှာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဝင်ရောက်စွက်ဖက်ခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေ ကမ္ဘာမှာ နေရာအနှံ့မှာ ဖြစ်နေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို ပြန်ပြီး ခြုံငုံဆန်းစစ်ကြည့်ရမယ်ဆိုရင်တော့ ဒီလိုအနေအထား၊ ဒီလိုအဆင့်မျိုးတော့ မရောက်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် လက်ရှိ ဒီအခြေအနေမှာတော့ ငြိမ်းချမ်းရေးတပ်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုက မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။