ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရဲအရာရှိတွေနဲ့ မိသားစုဝင် ၂၀ ထက်မနည်းကို AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
ရခိုင်ပြည်နယ်အတွင်း စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ်တစ် စီး ကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ AA အဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်တိုဘာလ ၂၆ ရက်နေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။
"အဲ့ဒီရှပ်ပြေးယာဉ်ပေါ်မှာ ရဲယူနီဖောင်းနဲ့ ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတယ်၊ အရပ်သားတွေလည်း လိုက်ပါလာပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရှပ်ပြေးယာဉ်ဟာ ရသေ့တောင်နဲ့ ညောင်ချောင်း ကျေးရွာအနီးမှာ ကမ်းကပ်ခိုင်းပြီး ရေယာဉ်နဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီရှပ်ပြေးယာဉ်ပေါ် လူဘယ်လောက် လိုက်ပါလာခဲ့ပြီး ဘယ်နှစ်ယောက် ဖမ်းဆီးထားသလဲဆိုတာကိုတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းရှင်းလင်းလင်း မပြောပါဘူး။
ဘီဘီစီက ရထားတဲ့ အချက်အလက်အရတော့ ရှပ်ပြေးယာဉ်ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် စုစုပေါင်း ၂၆ ယောက်နဲ့ အရပ်သားတချို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။
အခုတော့ ရှပ်ပြေးယာဉ်ကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရခိုင်ကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကတော့ "တပ်ဖွဲ့ဝင် ၂၆ ယောက်ကို ဆက်လက် ဖမ်းဆီးထားဆဲပြီး အရပ်သားတွေနဲ့ ရှပ်ပြေးယာဉ်ကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီ" လို့ ပြောပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သွားကြတာဖြစ်တယ်လို့ ပြောပါတယ်။
"ဒီအမြန်ယာဉ်က လူတိုင်းသုံးတာဖြစ်တယ်၊ စစ်ဆင်ရေးအတွက် သုံးတာမဟုတ်ဘူး၊ လုံခြုံရေးဆောင်ရွက်တာ မဟုတ်ဘူး၊ အရပ်သား သာမာန်ပြည်သူတစ်ယောက်အနေနဲ့ လိုက်ပါစီးနင်းတာကို အခုလို ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူး" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ AA ဘက်ကို ဘီဘီစီက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။